မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာက စိတ်ထိခိုက်ဝမ်းနည်းရကြောင်း သတင်းထုတ်ပြန်


နိရဉ်စရာ၊ ဇနျနဝါရီ ၁၄ / ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက်  ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်မြန်မာ) က စိတ်ထိခိုက်ဝမ်းနည်းရကြောင်း သတင်းထုတ်ပြန်သည်။ 

 ၎င်းထုတ်ပြန်ချက်ကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့စွဲဖြင့် “ မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ ယူနီဆက်မြန်မာမှ ထုတ်ပြန်ကြေညာခြင်း” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် ဇန်နဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့ အရှေ့မြောက်ပိုင်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာက လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း၊ ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ် သေဆုံးဒဏ်ရာရရှိမှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေသည့်အပေါ် များစွာစိုးရိမ်ပူပန်မိပါကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း ပေါက်ကွဲများကြောင့် ကလေးများသေဆုံးမှုမှာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရှိသူ  သုံးပုံတစ်ပုံခန့်မှာ ကလေးငယ်များ ဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်မှာ ကလေးငယ်သေဆုံး ဒဏ်ရာရရှိသူအများဆုံးဖြစ်ပြီး သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းခန့် ရှိနေပါကြောင်း၊  မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလနှင့် စက်တင်ဘာလအကြား ကလေးငယ် ၄၉ ဦး ရှိခဲ့ပြီး ၁၃၄ ဦးကိုယ်လက်အင်္ဂါ ထိခိုက်ချို့ယွင်းခဲ့ရပါကြောင်း၊  ယင်းမှာ ၂ဝ၁၉ သို့မဟုတ်၂ဝ၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သေဆုံးဒဏ်ရာရမှုထက် ပိုများသည့် ပမာဏ ဖြစ်ပါကြောင်း" ဖော်ပြရှိသည်။

ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာအဖွဲ့များအားလုံးအား ပဋိပက္ခအတွင်း ရောက်ရှိနေသော ကလေးငယ်များ ဘေးကင်းလုံခြုံစေရန်နှင့် ကလေးငယ်များ၏ အကာအကွယ်ထိန်းသိမ်းပေးရန် မြေမြုှပ်မိုင်းထောင်ခြင်းကို ရပ်တန့် ပေးခြင်း၊ ထောင်ထားပြီးဖြစ်သော မိုင်းများကို ရှင်လင်းပေးရန်နှင့် အစိုးရအနေဖြင့်လည်း ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသော ကလေးငယ်များကို ပံ့ပိုးပေးရန်တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှ ရခိုင်ပြည်နယ် မိုင်းကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်ဟု ဇန်နဝါရီ (၁၁)ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

“ မိုင်းထိခိုက်မှုကြောင့် ၄ဝ ဦး သေဆုံးပြီးတော့ ၇၄ ဦး ဒဏ်ရရှိခဲ့ရရှိခဲ့ပါတယ်။ အမည်မသိအဖွဲ့မှ ပစ်ခတ်မူကြောင့် ၃၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိပြီးတော့ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ၂ နှစ်တာကာလအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲအတွင်း မြေမြှုုပ်မိုင်းနှင့် စစ်လက်နက်ခဲယမ်းများ ပေါက်ကွဲ၍ လူပေါင်း ၄ဝခန့် သေဆုံးကာ ရဝကျော် ဒဏ်ရာ ရရှိထားကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ထုတ်ပြန်ချက် စာရင်းအရသိရသည်။

ယူနီဆက်မြန်မာသည် အစိုးရအား မိုင်းအန္တာရာယ်နှင့် ပတ်သက်သော အသိပညာများရရှိရန်အတွက် အရေးပေါ်မိုင်းအန္တာရာယ်ပညာရေးပေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယူနီဆက်မြန်မာသည် ကမ္ဘာပေါ်ရှိ အချို့တဲ့ဆုံးသော ကလေးငယ်များထံ လက်လှမ်းမီရောက်ရှိရန် ကမ္ဘာ့အခက်ခဲဆုံး နေရာအချို့တွင် လုပ်ကိုင်လျှက်ရှိပြီး မိမိတို့သည် အားလုံးအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရန်နိုင်ငံ၊ နယ်နိမိတ်ပေါင်း ၁၉ဝ ကျော်နေရာတိုင်းမှ ကလေးငယ်များအတွက် လုပ်ဆောင်လျှက်ရှိကြောင်း ၄င်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


ဇော်ဝင်းဌေး(ငခူချောင်း)

Narinjara

https://www.facebook.com/narinjara.info

မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာက စိတ်ထိခိုက်ဝမ်းနည်းရကြောင်း သတင်းထုတ်ပြန် မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာက စိတ်ထိခိုက်ဝမ်းနည်းရကြောင်း သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.