မြန်မာအွန်လိုင်းပညာသင်ကြားရေး အခက်အခဲများစွာ ရှိနေ

ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ စာသင်နှစ် တစ်နှစ်လုံးနီးပါး ကျောင်းတွေပိတ်ထားရတဲ့ အချိန်မှာ အင်တာနက် အွန်လိုင်းကနေ ကျောင်းသင်ခန်းစာတွေကို သင်ယူနိုင်အောင် စီစဉ်နေပေမဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။ ဒီလို ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ပညာရေး အဆက်မပြတ်အောင် ပညာရေးဝန်ကြီးဌာနက အင်တာနက် အွန်လိုင်းကနေ သင်ခန်းစာတွေကို ထုတ်လွှင့်ပေးနေပါတယ်။

ဒါပေမဲ့လည်း အွန်လိုင်းသင်ကြားမှု အစီအစဉ်တွေကို လက်လှမ်းမမီသေးတဲ့သူတွေ အများအပြား ရှိနေတာက အဓိက စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းသင်ကြားရေး အစီအစဉ်တွေမှာ ပါဝင်ကူညီနေတဲ့ Myanmar Digital Education Platform (Mdep) တာဝန်ခံ ဦးတင်မောင်မောင်အေးက ပြောပါတယ်။

“ကျနော် မျှော်လင့်ပါတယ်။ ဒီကိုဗစ်အလွန်မှာ ကျနော်တို့ ပညာရေးစနစ်က တော်တော်ကြီးကို သွက်သွက်လက်လက်နဲ့ ဦးပြန်မော့လာမှာပေါ့နော်။ ဒီကြားထဲမှာကတော့ ကျောင်းသူကျောင်းသားတွေက စာသင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာကတော့ အတိုင်းအတာတစ်ခုအထိတော့ ရှိနေပါတယ်။ ဒီအွန်လိုင်း အခြေပြုသင်ကြားနည်းဆိုတဲ့ ဟာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဖြစ်နိုင်ဘူး။ တချို့နေရာတွေဆိုလို့ရှိရင် နေရာတော်တော်များများမှာ မီးတောင်မှ မရသေးဘူး။ အင်တာနက်နဲ့ အွန်လိုင်းနဲ့ ချိတ်နိုင်ဖို့ဆိုတာက ပိုဝေးတာပေါ့နှော်။ အဲ့ဒီတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ Education 4.0 နဲ့ အွန်လိုင်းပညာရေးဆိုတဲ့ဟာက ကျောင်းတွေပိတ်ထားတဲ့ အချိန်မှာ သင်ကြားသင်ယူမှု မဆုံးရှုံးသွားရအောင်လို့ လက်လှမ်းမီတဲ့ မိဘတွေ ကျောင်းသားတွေ ဆရာဆရာမတွေအနေနဲ့ လေ့လာသင်ယူနိုင်အောင်ဆိုပြီးတော့ပဲ ကျနော်တို့ ဒီ Mdep ကို စတင်ပြီးတော့ လွှင့်တင်ခဲ့တာပေါ့နော်။”

ကျောင်းတွေပြန်ဖွင့်တဲ့အခါ စာသင်ခန်းတွေမှာ သင်ကြားမှုတွေ မြန်ဆန်သွက်လက်ဖို့ သင်ရိုးတွေကို ပြင်ဆင်တာ၊ အင်တာနက် မရတဲ့ဒေသက ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအတွက် Tablet ကွန်ပြူတာ ၂၀၀,၀၀၀ နီးပါး ဖြန့်ဝေဖို့ အပါအဝင် သင်ကြားရေးမှာ အကူအညီ ပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း ဦးတင်မောင်မောင်အေးက ပြောပါတယ်။

ဒါပေမဲ့လည်း သင်ရိုးညွှန်းတန်းသစ်တွေ၊ အွန်လိုင်း သင်ကြားမှုတွေလို အတွေ့အကြုံသစ်တွေဟာ ကျောင်းသားတွေ အတွက် သာမက သင်ကြားပို့ချမယ့် ဆရာတွေအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ရန်ကုန်မြို့က နည်းပညာလုပ်ငန်းတခုဖြစ်တဲ့ CC Educare ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ချစ်အိမ်သူက ပြောပါတယ်။

“သင်ရိုးညွှန်းတန်း ပြောင်းလို့ Challenge က တစ်ခု၊ နည်းပညာနဲ့ သင်ရတာက တစ်ခုဆိုတော့ Challenge ကတော့ အရမ်းများတယ်ပေါ့နော်။ ပြီးတော့ ဆရာမတွေက အများကြီးတော့ ကြိုးစားပြီးတော့ လုပ်နေတယ်ပေါ့နော်။ ဆိုတော့ ဘယ်လောက်ကြာမလဲ ဘယ်လောက်ထိရောက်မှု ရှိမလဲဆိုတာကတော့ စောင့်ကြည့်ရမယ်ပေါ့နော်။ ဆရာမဘက်ကကြည့်ရင် နည်းပညာက သူ့အတွက် အရမ်းခက်ခဲနေတယ်။ ဘာလို့ဆို နည်းပညာက သင်ကိုသင်ယူရမယ့် Skill မဟုတ်ခဲ့ဘူး။ တကယ့် Basic Literacy Skill မရှိဘဲနဲ့ သွားနေရတာတွေရှိတယ်ပေါ့နော်။ အဲ့ဒီအတွက်ကို ပညာရေးဝန်ကြီးဌာနဘက်ကလည်း Support ပေးမဲ့လို့ အမ ထင်ပါတယ်။ အဓိက လိုနေတာကတော့ Digital Literacy Skill ပေါ့... အဲ့ဒါလိုတယ်။”

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၀ ကျော်ရှိပြီး၊ ကျောင်းသား ၁၀ သန်းနီးပါးနဲ့ ကျောင်းဆရာ ၇၂,၀၀၀ ကျော် ရှိပါတယ်။

ကပ်ရောဂါကာလ ကျောင်းတွေ အားလုံးလိုလို ပိတ်ထားရတဲ့အချိန်မှာ အွန်လိုင်းကနေ ပညာရေးအဆက်မပြတ်အောင် သင်ကြားခွင့်ရတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ပုဂ္ဂလိကပညာရေးကဏ္ဍက ပို့ချတဲ့ သင်ခန်းစာတွေကို သင်ယူကြသူ အများစု အပါအဝင် အွန်လိုင်းကနေ သင်ယူခွင့်ရသူတွေ ရှိပေမဲ့လည်း သင်ကြားမှု ပုံစံသစ်မှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း မန္တလေးမြို့က KMC ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးခင်မောင်ချိုက ပြောပါတယ်။

“ခုက အဝေးကနေပြီးတော့ ရုပ်နဲ့အသံနဲ့ပဲ မြင်ရတယ်ဆိုတော့ ကလေးက ဒါကို စိတ်ပါလက်ပါနဲ့ လိုက်ပြီးတော့ လုပ်ဖြစ်ဖို့ လုပ်နေဖို့ဆိုတာက ကျနော်တို့ ချည်းတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ။ ဒါကြောင့် ကျနော်တို့ မိဘတွေကို အကူအညီတောင်းပြီးတော့ ဘေးကနေပြီး ကူညီကြပ်မတ်ခိုင်းတယ်။ ဒါအပြင် ဆရာတစ်ယောက်က စာသင်နေလို့ရှိရင် ကလေးဘာလုပ်နေလဲ၊ ကလေးက သူ့ ဗီဒီယိုကင်မရာကို ပိတ်ထားသလား၊ ကလေးက ဆော့နေသလား ဖုန်းနှိပ်နေသလားပေါ့နော်၊ စသဖြင့်ပေါ့နော်။ အဲ့ဒါတွေကိုလည်း ဘေးကနေ စောင့်ကြည့်ပေးတဲ့ ဆရာ၊ ဆရာမတွေပေါ့နော်။ ကျနော်တို့ ဘေးကနေ အဲ့ဒီလိုတွေထားပြီးတော့ လုပ်ရတာပေါ့နော်။ အတန်းထဲမှာလိုတော့ ကလေးတွေကို ပျော်ရွှင်တက်ကြွစွာနဲ့ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင်နဲ့ အဲ့ဒီလိုမျိုးပုံစံမျိုး အားရပါးရတော့ သင်လို့မရဘူးပေါ့ဗျာ။ ရနိုင်တဲ့ အနေအထားမှာပဲ ကလေးက လိုချင်စိတ်ရှိမယ်။ မိဘဘက်ကလည်း ပူးပေါင်းပါဝင်ပြီးတော့ ကြပ်မတ်ပေးမှုရှိတယ်ဆိုရင်တော့ အတော်အောင်မြင်နိုင်တာပေါ့နော်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသား အရေအတွက် သန်းပေါင်း ၁,၅၀၀ ကျော်လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေ ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဖော်ပြထားပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/myanmar-education-online-learning/5743081.html

မြန်မာအွန်လိုင်းပညာသင်ကြားရေး အခက်အခဲများစွာ ရှိနေ မြန်မာအွန်လိုင်းပညာသင်ကြားရေး အခက်အခဲများစွာ ရှိနေ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.