ကျောင်းပြန်ဖွင့်ချိန် ရသေ့တောင် အမက (၃)မှာ ခိုလှုံနေသူတွေ အခက်ကြုံ

စခန်းသစ်ချထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေနှစ်ဧက ငှားရမ်းပြီး စီစဉ်ပေးထားတယ်လို့ဆို

မကြာခင်ကျောင်းဖွင့်တော့မှာဖြစ်တဲ့အတွက် ရသေ့တောင်မြို့ပေါ်က အခြေခံပညာမူလတန်းကျောင်းအမှတ် ၃ မှာ ခိုလှုံနေကြတဲ့စစ်ဘေးရှောင်တွေကို အခုလ ၂၅ ရက် နောက်ဆုံးထားပြီး ကျောင်းကနေဖယ်ရှားပေးကြဖို့ အသိပေးအကြောင်းကြားထားတယ်လို့ ကျောင်းအုပ်ဆရာမကြီးနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ရသေ့တောင်မြို့နယ့် ရေဇိုးချောင်းကျေးရွာကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၃၀ ရက်နေ့က ထွက်ပြေးလာခဲ့ကြသူတွေဖြစ်ကြပါတယ်။ လူဦးရေ ၄၀ လောက်သာရှိပေမယ့် လတ်တလော နေရာပြောင်းရွှေ့ပေးရမယ့် အခြေအနေရောက်နေတဲ့အတွက် အခက်အခဲတချို့ရှိနေတယ်လို့ဆိုပါတယ်။

အခုလိုကျောင်းကနေ ပြောင်းရွှေ့ပေးရမယ့်အခြေအနေကြောင့် သူတို့ရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေသတွင်းတိုက်ပွဲမဖြစ်တော့တဲ့အတွက် နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်တွေကို ပြန်လည်သွားရောက်လိုစိတ်တွေ ရှိနေပေမယ့် ကျေးရွာအနီး တပ်မတော်တပ်စခန်းတွေရှိနေတာတွေ၊ မိုင်းနဲ့ ကြွင်းကျန် စစ်လက်နက်ပစ္စည်းတွေရှိနေတာတွေကြောင့် မပြန်ရဲကြဘူးလို့ ပြောဆိုကြပါတယ်။

"ဒီမှာက ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျောင်းအုပ်ဆရာမကနေ ကျွန်တော်တို့ကို နေရာအသစ်ရှာဖို့လုပ်ထားကြလို့ ပြောတယ်။ ၁၈ ရက်နေ့ကလာပြောတာ။ ဒီလ ၂၅ ရက်နေ့ဆိုရင် ထွက်ပေးရမယ်၊ ကျောင်းဖွင့်တော့မယ်လို့ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဆောင်တွေ၊ နေထိုင်မယ့်နေရာတွေရှာနေရတယ်"လို့ စခန်းတာဝန်ခံ ဦးဇော်လင်းက ပြောပါတယ်။

အခုလို ကျောင်းတွေကိုပညာသင်ကြားနိုင်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားကြဖို့ကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးမှာ ကျောင်းအုပ်ကြီးတွေကို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆရာမကြီး ဒေါ်မမြအေးက ပြောပါတယ်။

ရသေ့တောင်မြို့

ကျောင်းသားတွေကိုဘယ်နေ့စပြီး ကျောင်းလက်ခံရမယ်ဆိုတာကို မသိရသေးပေမယ့် ၂၅ ရက်နေ့မှာတော့ ကျောင်းခန်းတွေနဲ့ စာသင်ခုံတွေကို အဆင်သင့်ပြင်ဆင်ထားရမှာဖြစ်တယ်လို့ ညွှန်ကြားထားကြောင်း ဆရာမကြီးက ပြောပါတယ်။

လောလောဆယ်မှာ သူတို့ကိုပြောင်းရွှေ့ပေးနိုင်ရေးအတွက် စခန်းသစ်ချထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေနှစ်ဧက ငှားရမ်းပြီး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

စခန်းဆောက်လုပ်ဖို့ မြေနေရာရရှိပြီဖြစ်ပေမယ့် အဆောင်တွေဆောက်လုပ်ရဦးမှာ ဖြစ်တဲ့အတွက် အခုလ ၂၅ ရက်နေ့မှာ ထွက်ပေးလို့ရနိုင်ခြေမရှိသေးဘူးလို့ သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ လောလောဆယ်မှာ အဆောင်တွေ မဆောက်ရသေးခင် ချက်ပြုတ်စားသောက်တာတွေကို အပြင်မှာ ချက်စားကြပြီး ညအိပ်ချိန်မှာတော့ ကျောင်းဆောင်ထဲမှာ လာအိပ်ကြဖို့ပြောထားတယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်မှာ ဒုက္ခသည်တွေအများအပြား ခိုလှုံနေပြီး တချို့ဒုက္ခသည်တွေဟာ နေထိုင်မယ့် နေရာအခက်အခဲ ကြောင့် ဂိုဒေါင်တွေနဲ့ ကျောင်းဆောင်တွေမှာ ယာယီနေထိုင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေားလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နိုဝင်ဘာလအထိ ၂ သိန်းခွဲကျော်ရှိခဲ့ရာကနေ တိုက်ပွဲတွေရပ်တန့်နေတဲ့အချိန်မှာ နေရပ်ပြန်သွားခဲ့ကြသူတွေရှိခဲ့တာကြောင့် လက်ရှိမှာတော့ စစ်ဘေးရှောင်ဦးရေ ၁၈၅၆၃၁ ဦး ကျန်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အခုလထုတ်ပြန်ချက်အရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55768393

ကျောင်းပြန်ဖွင့်ချိန် ရသေ့တောင် အမက (၃)မှာ ခိုလှုံနေသူတွေ အခက်ကြုံ  ကျောင်းပြန်ဖွင့်ချိန် ရသေ့တောင် အမက (၃)မှာ ခိုလှုံနေသူတွေ အခက်ကြုံ Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.