ကလေးမြို့ အေးသာယာစိုက်ခင်းကျေးရွာမှာ သောက်သုံးရေ အခက်အခဲဖြစ်

 

ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးတွေ့ အတည်ပြုလူနာများတဲ့ အေးသာယာစိုက်ခင်းကျေးရွာကို အသွားအလာ ကန့်သတ်ထားပါတယ်။ ဒီလို ကန့်သတ်လိုက်တာကြောင့် ကျေးရွာမှာ နေထိုင်တဲ့ အိမ်ထောင်စု ငါးဆယ်ကျော်ဟာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတယ်လို့ အေးသာယာစိုက်ခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလျန်ခုပ်ထန်းကပြောပါတယ်။

"စားဝတ်နေရေးလည်း ခက်ခဲတဲ့သူတွေရှိတယ်။ အပြင်ထွက်ခွင့်မရှိတာဆိုတော့ ရှာတဲ့ဟာတောင်မှ အချိန်မရှိလို့ အခွင့်မရလို့ အဲ့ဒါတင်မက သောက်သုံးရေ မလုံလောက်လို့ မြစ်သာမြစ်လဲ သွားခပ်လို့ မရလို့ ချိုးရေတွေ အဝတ်လျှော်တွေက အခက်အခဲကြုံနေတယ်"

အေးသာယာရွာကျေးရွာဟာ မြစ်သာမြစ်ဘေးက တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ အဲဒီကျေးရွာမှာ လူဦးရေ စုစုပေါင်း သုံးရာကျော်ခန့် ရှိပြီးတော့ သီးနှံစိုက်ပျိုး ရောင်းချသူတွေနဲ့ လက်လုပ်လက်စားတွေ ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ကာလဟာ ၁၄ ရက် နေထိုင်ရမှာဖြစ်တာကြောင့် စားဝတ်ရေးနေရေးအပြင် သောက်သုံးရေအတွက် စိုးရိမ်ပူပန်နေရတယ်လို့ အေးသာယာဒေသခံတွေက ပြောပါတယ်။

"လောလောဆယ်တော့ အပြင်လဲမထွက်ရ။ အိမ်ထဲကစုထားတဲ့ တောင်သူလယ်သမားလဲ မဟုတ်တော့ ဆန်တို့ ဆီ ဆား တို့က အမြဲတမ်းလိုတယ်။ ထားပါတော့ အခုလောလောဆယ် လိုအပ်ချက်က ကလေးတွေရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်လို့ သန့်ရှင်းမှုနဲ့ ပတ်သက်လို့ ဒီလိုသာ ရွာကို ပိတ်ထားခဲ့တဲ့ အချိန်မှာတော့ သေလို့နေမှာပါပဲ ရေမရှိလို့"

ဒီလိုပိတ်ထားတဲ့ ကာလအတွင်းမှာတော့ အောင်မင်္ဂလာရပ်ကွက် Covid-19 လျှော့ချရေးအသင်းနဲ့ မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေး ကော်မတီက ဆန် ဆီ ဆား တပတ်စာ ကူညီပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုလုပ်ရတာနဲ့ ပတ်သက်ပြီး Stay at Homeတွေကို အဓိကထားပေးဝေတဲ့ အောင်မင်္ဂလာရပ်ကွက် Covid-19 လျှော့ချရေးအသင်း တာဝန်ခံ ဦးဇော်သက်က ....

"သူတို့ရဲ့ စားဝတ်နေရေး ပြေလည်စေဖို့နဲ့ ပတ်ဝန်းကျင် လူတွေနဲ့ ထိတွေ့မှု ဆက်စပ်မှု မရှိနိုင်အောင် စားဝတ်နေရေးနဲ့ အပြင်လူနဲ့ ဆက်စပ်မှု မရှိအောင် ပိုးကို ကျွန်တော်တို့က ကူညီပြီးတော့ ဖြတ်တောက်ပေးတဲ့သဘောပါပဲ"

ဒီလိုကန့်သတ်ထားတဲ့ရက်ဟာ ကျန်နေသေးတဲ့အတွက် သောက်သုံးရေအတွက် အမြန်ဆောင်ရွက်ပေးစေချင်တယ်လို့ အေးသာယာစိုက်ခင်းကျေးရွာက ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ပိုးတွေ့ ကုသဆဲလူနာ ၃၄၅ ဦးနဲ့ သေဆုံးလူနာ ၂၁ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/water-shortage-in-stay-at-home-kalay-township-sagaing-division-01192021184423.html

ကလေးမြို့ အေးသာယာစိုက်ခင်းကျေးရွာမှာ သောက်သုံးရေ အခက်အခဲဖြစ်  ကလေးမြို့ အေးသာယာစိုက်ခင်းကျေးရွာမှာ သောက်သုံးရေ အခက်အခဲဖြစ် Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.