မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၁)

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေကြေညာထားတဲ့ ဆလန်ကောပြည်နယ်မှာ စက်ရုံတခုတည်း အတူတူ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ပြည်နယ်တခုဖြစ်တဲ့ ဆလန်ကောက စက်ရုံတခုမှာ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေထဲက တချို့ကိုတော့ ဆေးရုံတင် ကုသပေးဖို့ စီစဉ်နေတယ်လို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝင်းမင်းစိုးက ပြောပါတယ်။

"လောလောဆယ်ကတော့ စက်ရုံအနေနဲ့ကတော့ ရောဂါပိုးကူးတဲ့ လုပ်သားတွေကို သီးသန့်ခွဲထားတယ်။ ခွဲထားတယ်ဆိုတာလည်း စိုးရိမ်ရတဲ့သူတွေဆိုရင်တော့ ဆေးရုံမှာပဲကုသမှုခံယူဖို့ လုပ်ထားတယ်။ နောက်တခုက သိပ်ပြီးတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေမှာဆိုရင် Quarantine Center တွေရှိတယ်။ အဲဒီ Quarantine Center တွေမှာ သူတို့ကို စနစ်တကျတော့ ခွဲထားပါတယ်ဗျ။"

ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်း ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ့်အကြောင်း သတိပေးထားတာကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ စည်းကမ်းလိုက်နာကြဖို့လည်း မြန်မာသံရုံးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာ ကောင်းတယ်လို့လည်း မလေးရှားအခြေစိုက် ကပုန်းမြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းကပြောပါတယ်။

"လက်ရှိ မလေးရှားရဲ့အနေအထားက ဘယ်လိုလဲဆိုတော့ ရောဂါတွေက တနေ့ထက်တနေ့ များပြားနေတာတွေ့တယ်လေ။ တွေ့တဲ့အခါကျတော့ အားလုံးကကြောက်တယ်ပေါ့။ အထောက်အထားမရှိတဲ့သူတွေအတွက်က ဒီမလေးရှားမှာကတော့ တကယ့်ကိုအန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားမဝင်နေထိုင်တဲ့အတွက်ကြောင့် သူတို့က တအားကြောက်ဖို့ကောင်းနေတယ်။"

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ မလေးရှား အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Selangor, Johor, Penang, Kuala Lumpur, Putrajaya နဲ့ Labuan တို့မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့တာပါ။ မြန်မာနိုင်ငံသား အများအပြားနေထိုင်ကြတဲ့ ဒေသတွေမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တာကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့လည်းကွာလာလမ်ပူမြို့က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုထွေးလေး ကပြောပါတယ်။

"ကျနော်တို့ကတော့ အဆင်ပြေပါတယ်။ သူဌေးက ဖွင့်ပေးထားတယ်လေ။ စားသောက်ဆိုင်တွေကတော့ အခြေအနေမကောင်းဘူး။ ကျနော်သိတဲ့ဆိုင်ဆိုလို့ရှိရင် (မြန်မာတွေ) အများကြီးပဲ။ ဆိုင်ပိတ်လိုက်တော့ သူတို့ကို ထမင်းဖိုးလေးတော့ပေးတာပေါ့နော်။ သူတို့လည်း နည်းနည်းတော့တော်သေးတာပေါ့။ အလုပ်ကတော့ မလုပ်ရတော့ဘူး။ ဒုက္ခရောက်နေကြတဲ့သူတွေကတော့ တော်တော်ရောက်တယ်၊ အခြေအနေမကောင်းဘူး။ "

မလေးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ တနေ့ကို ၃,၀၀၀ ဝန်းကျင်ရှိနေပြီး၊ အခုနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ နိုင်ငံတွင်း ကူးစက်ခံရသူပေါင်း ၁၆၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀၀ ကျော်ရှိနေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/malaysia-myanmar-migrant-covid/5741773.html

မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.