ကိုဗစ်ကာကွယ်ဆေး - ဖိုင်ဇာ ကာကွယ်ဆေး ပို့တာ နောက်ကျလို့ ဥရောပနိုင်ငံတွေ အမျက်ထွက်

ဖိုင်ဇာ-ဘိုင်အွန်တက် ဆေးထိုးပေးဖို့ ပြင်သစ်က သူနာပြုတစ်ဦး

အမေရိကန် ဆေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ဖြူးမှု နှေးကွေးသွားပြီးနောက် ဥရောပနိုင်ငံ အတော်များများ မှာထားတဲ့ ဖိုင်ဇာ ကာကွယ်ဆေးတွေ မျှော်လင့်ထားတာထက် အများကြီး လျော့ပြီးရခဲ့ပါတယ်။

အဲဒီအခြေအနေကို "လက်မခံနိုင်ဖွယ်ရာ " ဖြစ်တယ် လို့ပြောပြီး အဲဒါဟာ "ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ် ယုံကြည်မှု လျော့ကျစေတယ် "လို့ နိုင်ငံခြောက်နိုင်ငံက သတိပေးလိုက်ပါတယ်။

ဖိုင်ဇာ-ဘိုင်အွန်တက် ဆေး ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဖိအားပေးဖို့ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယား နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

ဆေးလျှော့ဖြန့်ဖြူးတာဟာ ယာယီပဲ ဖြစ်တယ်လို့ ဖိုင်ဇာဘက်ကတော့ ပြောပါတယ်။

ဆေးထုတ်လုပ်မှု မြှင့်တင်နိုင်အောင် အပြောင်းအလဲတွေ လုပ်နေတဲ့အတွက် ပို့ဆောင်ရေးအပိုင်းကို ထိခိုက်ခဲ့တာလို့ ဆေးထုတ်လုပ်ရေးဘက်က သောကြာနေ့မှာ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

"ဇန်နဝါရီ နောက်ပိုင်းနဲ့ ဖေဖော်ဝါရီ အစပိုင်းတွေမှာ ဆေးပို့ဆောင်ရေး ယာယီ ထိခိုက်မှာ ဖြစ်ပေမဲ့ ဖေဖော်ဝါရီ အကုန်ပိုင်းနဲ့ မတ်လမှာ ဆေးထိုးမယ့်သူတွေအတွက် ဆေးတွေ သိသိသာသာ တိုးပြီး ရလာစေမှာ ဖြစ်တယ်"လို့ ဖိုင်ဇာက ပြောပါတယ်။

နိုင်ငံအလိုက် လူ ၁၀၀ မှာ ကာကွယ်ဆေး အများဆုံးနှုန်းနဲ့ ရတဲ့ နိုင်ငံတွေ

အဲဒီလို ဆေးထုတ်လုပ်ရေး အဆင့်မြှင့်တင်မှုဟာ ယူကေကို ဆေးပို့ဆောင်ရာမှာလည်း ကာလတို ထိခိုက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။

အဲဒီလို အခြေအနေ ရှိပေမဲ့ ယူကေ အစိုးရကတော့ ဖေဖော်ဝါရီ လလယ်မှာ ဦးစားပေး အုပ်စုအားလုံးက လူ ၁၅ သန်း ကာကွယ်ဆေးထိုးမယ့် အစီအစဥ်ကို မီအောင်ဆက်လုပ်မယ်လို့ ပြောပါတယ်။

ယူကေ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဥ်မှာ ဖိုင်ဇာဆေးတစ်မျိုးကိုပဲ မှာယူထားတာ မဟုတ်ဘဲ အောက်စဖို့ဒ်-အက်စထရာ ဇန်နကာဆေးကိုလည်း လက်ရှိမှာ ထည့်သွင်းထားပါတယ်။

အီးယူကလည်း ဖိုင်ဇာ တစ်မျိုးတည်းကိုတော့ အားထား ထိုးနှံနေတာတော့ မဟုတ်ပါဘူး။ အမေရိကန်ထုတ် မက်ဒါးနားဆေးကိုလည်း အသုံးပြုဖို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ ဒီလို နောက်ကျမှုကြောင့် ကာကွယ်ဆေးထိုးတဲ့ အရှိန်အဟုန် နှောင့်နှေးသွားဖွယ် ရှိပါတယ်။

အခုအခါမှာ ဖေဖော်ဝါရီလလယ်မှာ ရမယ်လို့ ကတိပေးထားတဲ့ ဖိုင်ဇာဆေးရဲ့ တစ်ဝက်ပဲ ရဖွယ်ရှိတယ်လို့ လစ်သူယေးနီးယားနိုင်ငံက ပြောပါတယ်။

ကိုဗစ်တခါကူးပြီးရင် ကိုယ်ခံအားက ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ

ဘယ်လ်ဂျီယံကလည်း ဇန်နဝါရီမှာ ရမယ် ဆေးရဲ့ တစ်ဝက်လောက်ပဲ ရဖွယ် ရှိတယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ ဖိုင်ဇာ ဆေးစက်ရုံကနေ မှာထားတဲ့ ကနေဒါနိုင်ငံမှာလည်း ထိခိုက်မှုတွေ ရှိမှာ ဖြစ်ပါတယ်။

ဖိုင်ဇာက ဆေးတွေ လျှော့ရဖို့ ရှိတဲ့ နော်ဝေနိုင်ငံကတော့ အရေးပေါ် သိုလှောင်ထားတဲ့ ဆေးတွေကို အစားထိုး သုံးနိုင်မယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ ပမာဏအကြီးဆုံး ကာကွယ်ဆေးထိုး လုပ်ငန်းကို အိန္ဒိယနိုင်ငံက စနေနေ့မှာ စတင်ခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး စတင်ထိုးနှံမှာ ဖြစ်ပြီး လူ ၁.၃ ဘီလျံရှိတဲ့နိုင်ငံအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လုပ်ငန်းတွေ စတင်နေပါပြီ။

အဲဒီကာကွယ်ဆေးထိုးအစီအစဥ်မှာ ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ အောက်စဖို့ဒ်-ဇန်နကာဆေးကို အိန္ဒိယမှာ ကိုဗစ်ရှီးအမည်နဲ့ ထုတ်တဲ့ဆေးနဲ့ ကိုဗက်ဆင်းတို့ကို အသုံးပြုမှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55691233

ကိုဗစ်ကာကွယ်ဆေး - ဖိုင်ဇာ ကာကွယ်ဆေး ပို့တာ နောက်ကျလို့ ဥရောပနိုင်ငံတွေ အမျက်ထွက် ကိုဗစ်ကာကွယ်ဆေး - ဖိုင်ဇာ ကာကွယ်ဆေး ပို့တာ နောက်ကျလို့ ဥရောပနိုင်ငံတွေ အမျက်ထွက် Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.