ထရမ့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာမှာ အပိတ်ခံရ

ဒေါ်နယ်ထရမ့်

အမေရိကန် လွှတ်တော် အဆောက်အအုံထဲကို သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ အကြမ်းဖက် ဝင်ရောက်ခဲ့ပြီးနောက် တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်တို့မှာ ထရမ့်ကို ပိတ်ထားခံရပါတယ်။

ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ ဆန္ဒပြသူတွေကို အိမ်ကို ပြန်ကြဖို့ မပြောခင် "ခင်ဗျားတို့ကို ချစ်ပါတယ် "လို့ ထရမ့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ ယုံမှားဖွယ်ရာတွေကို ထပ်ပြီး ပြောခဲ့ပါတယ်။

"လူမှုအဖွဲ့အစည်း တည်ငြိမ်မှု မူဝါဒကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ" ရှိလို့ တွစ်တာက ပို့စ် သုံးခုကို ဖယ်ရှားပစ်ဖို့လိုတယ်လို့ တွစ်တာက ပြောပါတယ်။

တကယ်လို့ တွိ(ပို့စ်)တွေ မဖယ်ဘူးဆိုရင် သမ္မတရဲ့ အကောင့်ကို ဆက်ပြီး ပိတ်ထားမယ်လို့ တွစ်တာက ပြောပါတယ်။

ဒါ့အပြင် အနာဂတ်မှာ တွစ်တာရဲ့ စည်းကမ်းတွေ ဆက်ပြီး ချိုးဖောက်မယ်ဆိုရင် ထရမ့်ရဲ့ @realDonaldTrump အကောင့်ကို အမြဲတမ်း ပိတ်ပစ်တာမျိုး ဖြစ်လာနိုင်မယ်လို့ တွစ်တာက ဆက်ပြောပါတယ်။

အခုတော့ ထရမ့်ရဲ့ အကောင့်မှာ သူ့ရဲ့ "တွိသုံးခုက တွစ်တာစည်းမျဥ်းတွေကို ချိုးဖောက်လို့ အဲဒါတွေ အခု မရှိတော့ဘူး"လို့ ဖော်ပြထားပါတယ်။

Trump notices

'ကျွန်တော် လုံးဝ လက်မခံဘူး'

အိမ်ဖြူတော်ရဲ့ ဆိုရှယ်မီဒီယာဆိုင်ရာ ဒါရိုက်တာ ဒန် စကက်ဗီနိုက သူ့ကိုယ်ပိုင် အကောင့်ကို သုံးပြီး သမ္မတရဲ့ကိုယ်စား သမ္မတက ပြောတာတွေကို ထုတ်ပြန်ပါတယ်။

အဲဒီမှာ သမ္မတက "ရွေးကောက်ပွဲရလဒ်ကို ကျွန်တော့်အနေနဲ့လုံးဝ လက်မခံဘူး၊ လက်မခံဖို့အတွက် ကျွန်တော့်မှာ အချက်အလက်တွေရှိတယ်၊ ဘယ်လိုပဲဖြစ်စေ ဇန်ဝါရီလ ၂၀ ရက်ကျရင်တော့ စနစ်တကျ အာဏာလွှဲပေးရေးတွေ ဖြစ်လာမှာပါ"လို့ ဆိုပါတယ်။

"တရားဝင်မဲတွေပဲ ရေတွက်အောင်အတွက် ကျွန်တော်တို့ရဲ့ တိုက်ပွဲကို အမြဲဆက်လုပ်နေရမယ်လို့ ကျွန်တော် အမြဲပြောခဲ့တယ်။ အခုအချိန်မှာ အဲဒါကြောင့် သမ္မတတွေရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ ပထမသက်တမ်းအဆုံးသတ်သွားပေမယ့် အမေရိကန်ကို ကြီးကျယ်အောင် ပြန်လုပ်ကြစို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲကတော့ အခုမှ အစပဲရှိပါသေးတယ်။"

ဖေ့စ်ဘွတ်နဲ့ အင်စထရာဂရမ်တို့ကလည်း မစ္စတာ ထရမ့်ကို ၂၄ နာရီ ပိတ်ထားပါတယ်။

ယူကျုကတော့ ဗီဒီယိုတစ်ခုကို ဖယ်ရှားလိုက်ပါတယ်။

စနပ်ချက်ကလည်းထရမ့်ကို ပို့စ်အသစ်တွေ တင်ခွင့် ပိတ်ထားပါတယ်။ ဒါပေမဲ့ ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာကိုတော့ မပြောပါဘူး။

ဖေ့စ်ဘွတ်ခ်က "အခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ မငြိမ်းစေဘဲ အားပေးအားမြှောက် ဖြစ်စေတယ်လို့ ယူဆလို့ အဲဒါကို ဖယ်ထားလိုက်ပါတယ်"လို့ ပြောပါတယ်။

ထရမ့်ကို ထောက်ခံသူတွေက လွှတ်တော် အဆောက်အအုံထဲကို အတင်းဝင်ရောက်တဲ့အတွက် ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတွေ ပစ်ခတ်ခံရတဲ့ အမျိုးသမီး တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပါတယ်။

ဒီလို အကြမ်းဖက်ဝင်ရောက်မှုကြောင့် ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲ အနိုင်ရမှု အတည်ပြုရေး လွှတ်တော်ထဲက ဆွေးနွေးမှုတွေ ခဏရပ်နားခဲ့ရပါတယ်။

အဲဒီအချိန်မှာ အောက်လွှတ်တော်နဲ့ ဆီးနိတ်တို့မှာ ရီပတ်ဘလစ်ကန်ပါတီက အမတ်တွေက နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်တည်ပြုရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ပြုလုပ်နေခဲ့ကြပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ ဝါရှင်တန်က National Mall မှာ သမ္မတ ထရမ့်က သူ့ကို ထောက်ခံသူတွေကို ရွေးကောက်ပွဲ မတရားလုယူခံရတယ်လို့ ပြောခဲ့ပါတယ်။

နာရီပိုင်းကြာပြီးနောက် လွှတ်တော်ထဲနဲ့ အပြင်ဘက်မှာ ကြမ်းကြမ်းတမ်းတမ်းလုပ်ရပ်တွေ ဖြစ်ချိန်မှာ ထရမ့်က ဗီဒီယိုထဲမှာ ယုံမှားဖွယ်ရာ ပြောဆိုမှုကို ထပ်ပြောနေတာ တွေ့ရပါတယ်။

ဆန္ဒပြသူတွေကို သူက "ခင်ဗျားတို့ကို ချစ်ပါတယ် " လို့ ပြောပြီး လွှတ်တော်ထဲကို အတင်းအဓမ္မ ဝင်ရောက်သူတွေကိုလည်း "နိုင်ငံအပေါ်သစ္စာစောင့်သိသူတွေ" လို့ ပြောပါတယ်။

ယူကျုက ဗီဒီယို ဖယ်ရှားလိုက်တာဟာ "ရွေးကောက်ပွဲ မမှန် သတင်းတွေ ဖြန့်ဖြူးတဲ့ အတွက် စည်းမျဥ်းတွေကို ချိုးဖောက်တာကြောင့်" ဖြစ်တယ်လို့ ဆိုပါတယ်။

တွစ်တာက အစပိုင်းမှာ အဲဒီ ဗီဒီယိုနဲ့ နောက်ထပ်တွိတစ်ခုကို မဖယ်ရှားသေးဘဲ အဲဒီဗီဒီယိုကို ပြန်ဝေမျှခွင့်၊ အသိအမှတ်ပြုကြောင်း like လုပ်ခွင့်နဲ့ မှတ်ချက်ဝင်ပေးခွင့်တွေ ပိတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒါတွေကို ဖယ်ပစ်လိုက်ပြီး မကြာခင် ရာထူးက ဆင်းတော့မယ့် သမ္မတရဲ့ အကောင့်ကို ပိတ်ထားလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55575786

ထရမ့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာမှာ အပိတ်ခံရ  ထရမ့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာမှာ အပိတ်ခံရ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.