နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ်

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ ကျောက်တိုင်အနီး မြင်ကွင်း။ (ဓာတ်ပုံ - U Ngwe Doe - ဒီဇင်ဘာ ၁၀၊ ၂၀၂၀)

ကချင်ပြည်နယ်နဲ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး ကာရံခဲ့ရာမှာ ကြားခံနယ်မြေထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာအာဏာပိုင်တွေ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်နဲ့ မြန်မာဘက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ လွယ်ဂျယ်နဲ့ နယ်စပ်ကြားမှာ တရုတ်နိုင်ငံက သံခြံစည်းရိုး ကာရံရာမှာ တချို့နေရာတွေမှာ ၂ နိုင်ငံကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာဘက်က ကန့်ကွက်ခဲ့တာပါ။ နယ်နမိတ်မှတ်တိုင် ၄၉/၂ နဲ့ မှတ်တိုင် ၅၀ ကြား ကြားခံနယ်မြေဖြစ်တဲ့ ၁၀ မီတာ အတွင်းပိုင်းမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာခဲ့လို့ ၂ နိုင်ငံ နယ်စပ်စာချုပ်စည်းကမ်းတွေအရ စာပေးပို့ ကန့်ကွက်ခဲ့တာလို့လည်း လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း နှစ် နိုင်ငံ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ နယ်မြေအတိုင်း တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။

“အဓိကတော့ နယ်နမိတ်မှတ်တိုင်ရှိတဲ့နေရာ တိုင်းရတာပေါ့နော်၊ မှတ်တိုင်ရှိတဲ့နေရာ တိုင်းလိုက်တော့ ၁၀ မီတာပြည့်ဖို့အတွက် ၁ ပေလိုတယ်၊ ၁ ပေလိုတော့ သူတို့ကို စာနဲ့ ကန့်ကွက်တယ်၊ နှုတ်နဲ့ကန့်ကွက်တယ်။ ကန့်ကွက်တော့သူတို့ နောက်ကိုပြန်ဆုတ်ပေးတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာလည်း တရုတ်ဘက်က နိုဝင်ဘာလကတည်းက ခြံစည်ရိုးကာနေတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ နယ်စပ်ခြံစည်းရိုးကျောက်တိုင်ကျော်ပြီး ကာရံခဲ့လို့ မြန်မာဘက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တရုတ်လင်ချန်းခရိုင် ဒုမြို့တော်ဝန်အဆင့် တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၂ ရက်ကတွေ့ပြီး ဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံနေတာဟာ ကိုဗစ်ကပ်ရောဂါကာလ ယာယီအစီအစဉ်သာ ဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားကြောင်းလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ပြောပါတယ်။

“ရောဂါတွေ ကင်းစင်ပပျောက်သွားရင် ပြန်ဖြုတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့လည်း သဘောပေါက်ပါတယ်တဲ့ ဒါတွေက နောင်ကျရင် ပြန်ဖြုတ်ပေးရမှာလေ။ တောင်သူတွေထဲရောက်နေတာ တချို့ဟာ သူတို့ကာတာတွေက။ နယ်စပ်မျဉ်းထဲ ရောက်တယ်ဆိုရင်တော့ ကျနော်တို့က သိတာနဲ့ ကန့်ကွက်လိုက်တာပေါ့။ အဲဒီတော့သူတို့ နောက်ပြန်ဆုတ်ပေးတာပေါ့ ဒါမျိုးတွေ။”

တရုတ်ဘက်က ခြံစည်းရိုးကာဖို့ ခက်ခဲတဲ့ နေရာတွေက လွဲလို့နေရာအများစုမှာ ခြံစည်းရိုးကာနေတာပါ။ အငြင်ပွားမှု မကြာခဏရှိနေတဲ့ မြန်မာ- တရုတ်နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကို လက်မှတ်ရေးထိုး ထားတာရှိပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ် ဒီလိုထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ငွေကြေးအထောက်အပံ့ကိစ္စ တချို့ကို နားလည်မှု စာချွန်ရေးထိုးခဲ့သလို နယ်စပ်ဒေသတည်ငြိမ်ရေး ပူးတွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/china-myanmar-border-dispute/5741843.html

နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ် နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ် Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.