BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော

BGF က အရာရှိ သုံးဦး အပါအဝင် တပ်ရင်း ၁၃ ခုလုံးက ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့

အမှတ် ၃၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အရာရှိတွေကို နုတ်ထွက်ခိုင်းရာက တပ်ရင်း ၁၃ ခုလုံးနုတ်ထွက်မယ့် ကိစ္စအပေါ် တပ်မတော်က BGF နဲ့ ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

အားလုံးနုတ်ထွက်မယ့်အပေါ် ပြန်စဉ်းစားဖို့ကိုလည်း တပ်မတော်ဘက်က တိုက်တွန်းခဲ့ပါတယ်။

ရွှေကုက္ကိုစီမံကိန်းမှာ အစိုးရကခွင့်ပြုချက်ပေးထားတဲ့နေရာထက် ကျော်လွန်ဆောက်လုပ်နေတာအပါအဝင်၊ တရားမဝင် စီးပွားရေးလုပ်ကိုင်တာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာတွေကြောင့် အမှတ် ၃ နယ်ခြား စောင့်တပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် BGF အရာရှိ သုံးဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုဇန်နဝါရီလအတွင်း နုတ်ထွက်ဖို့ နှစ်ကြိမ်တိုင် တပ်မတော်ဘက်က ဖိအားပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အရာရှိ သုံးဦး အပါအဝင် တပ်ရင်း ၁၃ ခုလုံးက ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့ပါတယ်။

လက်ရှိမှာ BGF တပ်ရင်း ၁၃ ရင်းနဲ့ အင်အား ၈၀၀၀ လောက် ရှိတယ်လို့ ဆို

အဲဒီအပေါ် မနေ့ ဇန်နဝါရီ ၁၅ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး နုတ်ထွက်စာတင်တဲ့အပေါ် ပြန်လည်စဉ်းစားကြဖို့ ဒုတိယဗိုလ် ချုပ်ကြီးအောင်စိုး ဦးဆောင်တဲ့အဖွဲ့က ပြောခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ BGF အဖွဲ့ရဲ့ ပြောခွင့်ရှိသူဖြစ်တဲ့ ဗိုလ်မှူးနိုင်မောင်ဇော် ဘီဘီစီကို ပြောတာက

"ပြောပုံအရဆိုရင်တော့ စဥ်းစားပါ။… ထွက်ချင်လည်းရတယ်၊ မထွက်ချင်လည်း ရတယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ကို အခု လုပ်ပေးနိုင်တဲ့ အတိုင်းအတာကတော့ အစိုးရပဲ ရှိတယ်။ တပ်မတော်ကတော့ သူတို့ ပြောပုံအရဆို ထိန်းကျောင်းပေးတာပေါ့။ ဆိုလိုရင်းက ကျွန်တော်တို့ တရားဝင် လုပ်ငန်းလုပ်တာနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တာ မရှိဘူး၊ တားဆီးတာ မရှိဘူးပေါ့။ ကျွန်တော်တို့က တရားမဝင် လုပ်ငန်းတွေကြောင့်သာလျှင် အခုလို တားဆီးတာပေါ့။ နောက်ပြီးတော့ စီးပွားရေး လုပ်မယ်ဆိုရင် နုတ်ထွက်ဖို့ ပြောတာပေါ့။"

BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော

အများစု ဝေဖန်နေတဲ့ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကိုလည်း အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့ သက်ဆိုင် ရာ အစိုးရအနေနဲ့ ဥပဒေတွေနဲ့အညီ လမ်းညွှန်ပေးစေလိုတယ်လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းတဲ့အချိန်ကစလို့ အစိုးရတွေက သူတို့အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်ကို ပိုပြီးစနစ်တကျဖြစ်အောင် လုပ်ဆောင်လာမှု အရှိန်ရလာတဲ့အချိန်မှာ အဖွဲ့အစည်းတွေ အနေနဲ့ အရင်လို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြီး ဆန္ဒအလျောက်လုပ်ဆောင်လို့ မရဘဲ အခက်အခဲဖြစ်လာတဲ့ပုံစံမျိုးကို ရောက်လာတာလို့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုကြ ပါတယ်။

လက်ရှိပြဿနာကို နှစ်ဖက်ဆက်လက်ဆွေးနွေးမှုတွေနဲ့ တဆင့်ဖြေရှင်းသွားဖို့လိုပြီး ရေရှည်အတွက် ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ဘီဘီစီကို အခုလို ပြောပါတယ်။

"အကျိုးစီးပွားတွေရှိတယ်၊ နောက် အများကြီး တည်ဆောက်ထားတယ်၊ တစ်ဖက်နဲ့ တစ်ဖက် ပြေလည်အောင် ညှိကြလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ပြဿနာလည်း ကြီးကြီးကျယ်ကျယ် ဖြစ်လို့ မရတဲ့ အနေအထား ဖြစ်တာပေါ့။ …ဒါပေမဲ့ ဟိုနေ့က အဆင်ပြေသွားသလိုမျိုး ဆက်ပြီးတို့ သူတို့ ညှိပါလိမ့်မယ်။ မညှိဘူးဆိုရင် ပျက်ဆီးခြင်းကို ဆိုက်မှာပေါ့။ အဲဒါကတော့ ဘယ်သူမှ မလိုလားတဲ့ ကိစ္စပေါ့။"

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ခွဲထွက်ထားတဲ့ တပ်ရင်းတချို့ကို ၂၀၁၀ မှာ ကရင်နယ်ခြားစောင့် တပ်အဖြစ် နှစ်ဖက်သဘောတူဖွဲ့စည်းထားခဲ့ပြီး လက်ရှိမှာ BGF တပ်ရင်း ၁၃ ရင်းနဲ့ အင်အား ၈၀၀၀ လောက် ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55689088

BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော  BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.