မြန်မာ COVID-19 ကူးစက်သူ ၁၀၅,၈၆၃၊ သေဆုံးသူ ၂,၂၂၀ ရှိပြီ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ကိုဗစ် လူနာတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar - နိုဝင်ဘာ ၂၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၇ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၉၂၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၃၉၅,၀၈၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၂၂၀ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၀၅,၈၆၃ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၅၂၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၈၄,၃၃၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၆.၅၇% ရှိပြီး ပြန်ကောင်းလာသူ ၇၉.၆၇% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၉.၄၇% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

နေ့စဉ် ကူးစက်သူနှုန်းထား အတန်ငယ် လျော့ကျလာတဲ့ပုံရှိပေမဲ့လည်း သိသိသာသာ တိုးတက်မှု မရှိသေးသလို သေဆုံးနှုန်းကလည်း ၂% ကျော် ပတ်ဝန်းကျင်မှာရှိနေတာ အတော်ကြာပါပြီ။

ဒေသအသီးသီးမှာ ကပ်ရောဂါ မပြန့်ပွားရေး ပိတ်ပင်ကန့်သတ်ချက်တွေ အပြင်းအထန် ချမှတ်ပြီးတော့ ရောဂါပိုးကို ထိန်းချုပ်နိုင်ရေး ဆက်ပြီး ရုန်းကန်နေရဆဲပါ။

တဘက်မှာလည်း ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် လူထု စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ရောဂါပိုးထိန်းချုပ်ရေးနဲ့ စားဝတ်နေရေး ပြေလည်ဖို့ကြားမှာ ချိန်ဆလုပ်ဆောင်ပေးဖို့ သုံးသပ်ပြောဆိုတာတွေလည်းရှိပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid/5695831.html

မြန်မာ COVID-19 ကူးစက်သူ ၁၀၅,၈၆၃၊ သေဆုံးသူ ၂,၂၂၀ ရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၁၀၅,၈၆၃၊ သေဆုံးသူ ၂,၂၂၀ ရှိပြီ Reviewed by THITHTOOLWIN on 00:06 Rating: 5

No comments:

Powered by Blogger.