အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ၂၀၁၉၊ မေ ၁၁ ရက်နေ့က ကျင်းပတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်

ဓာတ်ပုံ - ခေမဏီဝင်း/ RFA

နိုင်ငံတော် သမ္မတက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို မိမိသဘော ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ဒီနေ့ခွင့်ပြုလိုက်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။

ဦးအောင်ကြည် နုတ်ထွက်တာဟာ နိုင်ငံရေး၊ လူမှုရေး အခြားကိစ္စတွေမပါဘဲ ကျန်းမာနေတဲ့အချိန်မှာ တရားဘာဝနာ အားထုတ်လိုတာကြောင့် နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက နုတ်ထွက်စာကို သူကိုယ်တိုင် နိုင်ငံတော် သမ္မတကို သွားရောက်တင်ခဲ့တာလို့လည်း ဦးကျော်စိုးက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၈ မှာ ပြဌာန်းထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သက်တမ်းဟာ နိုင်ငံတော် သမ္မတ သက်တမ်းနဲ့ အတူတူပဲလို့ ဖော်ပြထားသလို ပုဒ်မ ၉ မှာ ကော်မရှင်အဖွဲ့ဝင် သက်တမ်းဟာ ၇၅ နှစ်ထက် မကြီးရလို့ ပြဌာန်းထားပြီး ဦးအောင်ကြည်ရဲ့ အသက်ဟာ ၇၅ နှစ်ထဲမှာဖြစ်တယ်လို့လည်း ဦးကျော်စိုးက ပြောပါတယ်။

ဦးအောင်ကြည်တာဝန်ယူတဲ့ ကာလမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ သန်းထွဋ်စတဲ့ ရာထူးကြီးသူတွေ တာဝန်ချိန်မှာ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။

ကော်မရှင်ရုံးခွဲတွေကိုလည်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာ ဖွင့်လှစ်ခဲ့သလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲပြီး ဆောင်ရွက်နေတယ်လို့လည်း ဦးကျော်စိုးက ပြောပါတယ်။

ဦးအောင်ကြည်ဟာ စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်းမှာ ဆက်ဆံရေးဝန်ကြီးအဖြစ်နဲ့ သွားရောက်တွေ့ဆုံခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သက်တမ်းမကုန်ဆုံးခင်မှာဘဲ အနားယူခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aungkyi-accm-resigned-12012020073721.html

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက် Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.