ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ် အားပေးနေတယ်လို့ စွပ်စွဲ

ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာကို ဖေ့စ်ဘုတ်က အားပေးနေတယ်လို့ စွပ်စွဲ

ဗီယက်နမ်အစိုးရက ဆင်ဆာဖြတ်နေတာတွေကို ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ်က ကြံရာပါအနေနဲ့ အကူအညီ အားပေးတာတွေ လုပ်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။

အာဏာပိုင်တွေကို ဝေဖန်တဲ့ အကြောင်းအရာတွေကို ပိတ်ပင် ဖြုတ်ချနေတာဟာ သိသာဆိုးရွားတဲ့ အား‌ပေးမှုတစ်ရပ်လို့ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုကို စွပ်စွဲလိုက်ပြီး အဲ့ဒါကို သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်အသစ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတာတွေ တားဆီး ပိတ်ပင်တာနဲ့ ပတ်သက်လို့လည်း ဗီယက်နမ်အာဏာပိုင်တွေက နာမည်ကြီးပါတယ်။

လတ်တလော နှစ်တွေ အတွင်းမှာလည်း ကွန်မြူနစ်အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ထုတ်ဝေဖော်ပြမှုနဲ့ ဘလော့ဂါတွေ ထောင်ချခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ဆိုရင် ဗီယက်နမ်ရဲ့ ယူကျု့နဲ့ ဖေ့စ်ဘုတ်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေ တိုးတက် ရှင်သန်လာတာ တွေ့ရပါတယ်၊ ဒါပေမဲ့ လတ်တလော ကာလတွေမှာတော့ ကိုယ့်ဆန္ဒသဘောထားကို အွန်လိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော် ပြောကြားနေတာတွေကို အစိုးရကို ခြိမ်းခြောက်တဲ့ကိစ္စအဖြစ် အမြင်ခံလာရပြီး အာဏာပိုင်တွေရဲ့ အာရုံစိုက်ကြည့်နေတာ ခံလာရပါပြီ၊ အခုဆို အဲ့ဒီနေရာတွေဟာ စစ်တပ် ဆိုက်ဘာတပ်ဖွဲ့တွေနဲ့ အစိုးရ ဆင်ဆာအဖွဲ့တွေရဲ့ ဆင်ဆာဖြတ်ဖို့ စောင့်ကြည့်ခံရတဲ့ နေရာဖြစ်လာနေပါပြီ၊ ဒီအွန်လိုင်း ကုမ္ပဏီကြီးတွေက သူတို့သဘောနဲ့ သူတို့လုပ်နေတာ မဟုတ်ပေမဲ့ အစိုးရကြံရာပါ လုပ်ပေးနေကြတာလို့ "နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကြီးရဲ့ ဒေသခံ ကန်ပိန်း ဒုတိယ ညွှန်ကြားရေးမှူး မင်ယုဟာ က ပြောပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာမျက်နှာ ၇၈ မျက်နှာပါ သတင်းထုတ်ပြန်ချက်ဟာ စာရေးဆရာတွေ၊ ရှေ့နေတွေ၊ ယုံကြည်ချက်ကြောင့် အကျဥ်းကျခံခဲ့ရတဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေရဲ့ အင်တာဗျုးကို အခြေပြု ဖော်ပြထားတာ ဖြစ်ပါတယ်။

သူတို့ တင်တဲ့ ပို့စ်တွေ ဗီယက်နမ်က ဖေ့စ်ဘုတ်နဲ့ ယူကျု့ပေါ်မှာ ဖြုတ်ချခံနေရတာ ပိုများလာတယ်လို့ လည်း တက်ကြွလှုပ်ရှားသူတွေက စောဒက တက်ထားကြပါတယ်။

ဥပမာအနေနဲ့ ပြောရရင် အလွတ်တန်း ဂျာနယ်လစ် ထရောင်ချာဟူဒန် ရဲ့ ဗီယက်နမ်က အဂတိလိုက်စားမှု တစ်ခုအကြောင်း တင်ခဲ့တဲ့ပို့စ်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဖေ့စ်ဘုတ်ပေါ်က ဖြုတ်ချ ခံခဲ့ရပါတယ်၊ ပြီးတော့ အဲ့ဒါကို သူ့အနေနဲ့ ခုခံ ပြောဆိုခွင့်လည်း မရခဲ့ဘူးလို့ ပြောပါတယ်။

ပြီးတော့ တင်ထားတဲ့ ပို့စ်တွေ ဖြုတ်ချပေးဖို့ အစိုးရဘက်ကနေ တောင်းဆိုတာတွေ သိသိသာသာ တိုးလာတယ် ဆိုတာကိုလည်း ဧပြီလ တုန်းက ဖေ့စ်ဘုတ်က ထုတ်ပြန် ပြောထားတာလည်း ရှိပါတယ်။

ဖေ့စ်ဘုတ် ကုမ္ပဏီရဲ့ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ ၂၀၁၉ နှစ်ဝက်မှာ ပို့စ် ၇၇ ခု ကို တားမြစ် ပိတ်ပင်တာကနေ ၂၀၂၀ နှစ်ဝက်မှာ ၈၃၄ အထိ တိုးလာတာကိုလည်း တွေ့ရပါတယ်။

အလားတူ အစိုးရကို ဝေဖန်တဲ့ ပို့စ် ၇၄ ခုကို ဖြုတ်ချပေးဖို့ ဂူဂဲလ် ကိုလည်း တောင်းဆိုခဲ့တာ ရှိခဲ့ပြီး ဒါဟာ ၂၀၁၉ ပထမနှစ်ဝက်ကနေ ဒုတိယနှစ်ဝက်မှာ ၄၄ခု တိုးလာတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောပါတယ်။ အဲ့ဒီ တောင်းဆိုမှုတွေထဲမှာ ပါတီနဲ့ အစိုးရကို ဝေဖန်တဲ့ ယူကျု့ ဗီဒီယို ၃၀၀၀ ကျော် ဖယ်ရှားပေးဖို့လည်း ပါပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖေါင်းတွေ‌ပေါ်မှာ စစ်တပ်ရဲ့ cyber-troops ကွန်မြူနစ်ပါတီရဲ့ စေတနာ့ဝန်ထမ်း troll armies တွေက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အမြဲတမ်း ဒုက္ခပေး နှောင့်ယှက်တာတွေ လုပ်နေတယ်လို့ လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က မှတ်ချက်ပေး ဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်မှာ ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကြောင့် အကျဥ်းချခံနေရတဲ့ လူ ၆၉ ဦး အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူ ၁၇၀ ရှိတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

ဗီယက်နမ် လူဦးရေ ရာခိုင်နှုန်း အများစု ဆိုရှယ်မီဒီယာသုံးစွဲနေ

ဗီယက်နမ်နိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲက အကြီးဆုံးနည်းပညာစျေးကွက် ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ခုနှစ်မှာ ဗီယက်နမ်ကနေ ဒေါ်လာ တစ်ဘီလျံနီးပါး ဖေ့စ်ဘုတ်က ရခဲ့ပြီး အဲ့ဒီဝင်‌‌ငွေက အရှေ့တောင်အာရှမှာ သူတို့ရနေတဲ့ ဝင်ငွေရဲ့ သုံးပုံ တစ်ပုံ နီးပါး ဖြစ်ပါတယ်။

ပြီးတော့ အဲ့ဒီအချိန်နဲ့ တစ်ချိန်အတွင်းမှာပဲ ဂူဂဲလ် ကလည်း ဒေါ်လာ ၄၇၅ သန်း ဝင်ငွေရခဲ့တယ်လို့ ပြောခဲ့ပြီး အဓိကအားဖြင့် သူတို့ရတဲ့ဝင်ငွေက ယူကျု့ ကြော်ငြာကနေ ရတာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို ပိတ်ပင်တာတွေ ဗီယက်နမ်မှာ လုပ်ခဲ့တာမရှိပေမဲ့ အစိုးရ ဆန့်ကျင်ရေးပို့စ်တွေကို ဆင်ဆာတိုးလုပ်ဖို့ သဘောမတူမချင်း သူတို့ လိုကယ် ဆာဗာတွေကို offline ပိတ်ထားခံရတယ်လို့ ဖေ့စ်ဘုတ် နှစ်နေရာက ပြောတယ်လို့ ရိုက်တာ ကလည်း ဖေါ်ပြခဲ့ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဗီယက်နမ်အပါအဝင် အစိုးရတွေနဲ့ အမြဲတမ်း သဘောတူညီမှု ယူခဲ့တာတော့ မဟုတ်ပါဘူး၊ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ ဒီအခွင့်အရေးကို ကာကွယ်ဖို့တော့ ကျွန်တော် ကြိုးစားနေပါတယ်လို့ ဖေ့စ်ဘုတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

"ပြီးခဲ့တဲ့ လတွေတုန်းကဆို ပိတ်ပင် တားဆီးမှုတွေ ပိုလုပ်ပေးဖို့ ဗီယက်နမ် အစိုးရဆီကနေ ဖိအားတွေ ပေးတာနဲ့ ကြုံရပါတယ်၊ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖေ့စ်ဘုတ်က လူတွေ သူတို့ ပြောချင်တာတွေ ပြောလို့ရတဲ့ နေရာတစ်ခု အဖြစ် ဆက်ရှိနေဖို့ လိုအပ်တာတွေ အားလုံး လုပ်ဆောင်ပေးသွားမှာပါ" လို့ သူက ဆိုပါတယ်။

တစ်ကမ္ဘာလုံးက တခြားနေရာတွေမှာ လုပ်ဆောင်လို့ ရနေသလိုမျိုး သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်ထဲကနေ ပို့စ်တွေ ဖယ်ရှား တားဆီးတာတွေ အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ လို့ ဂူဂဲလ် ကလည်း ကြေညာချက်တစ်ခုထဲမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကို ပြောခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55151309

ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ် အားပေးနေတယ်လို့ စွပ်စွဲ  ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ် အားပေးနေတယ်လို့ စွပ်စွဲ Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.