ကိုဗစ်ကာကွယ်ဆေးတစ်ခုခု အတည်ပြုပေးလိုက်ဖို့ နိုင်ငံတကာအစိုးရအသီးသီးမှာ ဖိအားရှိနေသလား

ဥရောပသမဂ္ဂရဲ့ ဆေးဘက်ဆိုင်ရာဌာန EMA အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ထွက်ပေါ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို စောင့်ကြည့်လေ့လာမှာဖြစ်

ယူကေနိုင်ငံဟာ ဖိုက်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူထုအကြားမှာ လက်တွေ့အသုံးပြုဖို့ အတည်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အခုလို ဖြစ်လာချိန်မှာ ဥရောသမဂ္ဂဘက်ကတော့ ဒီကာကွယ်ဆေးကို လူထုအကြား အသုံးပြုဖို့ သင့်တော်ကြောင်း အတည်မပြုပေးသေးတဲ့အတွက် သူတို့နှောင့်နှေးနေရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ပြောဆိုခဲ့ရပါတယ်။

ဥရောပသမဂ္ဂမှာ ဆေးဘက်ဆိုင်ရာ ဌာနဖွဲ့စည်းထားပြီး ဒီအဖွဲ့အစည်းအနေနဲ့ အတည်မပြုသေးဘူးဆိုပေမဲ့ တစ်နိုင်ငံချင်းအနေနဲ့ အရေးပေါ်အခြေအနေကြေညာပြီး အတည်ပြုပေးနိုင်တဲ့ ခြွင်းချက်တော့ ရှိပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကပ်ဘေးနဲ့ ထပ်ကြုံရတဲ့ အီတလီ

ဥရောပသမဂ္ဂရဲ့ ဆေးဘက်ဆိုင်ရာဌာန EMA အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ထွက်ပေါ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို စောင့်ကြည့်လေ့လာမှာဖြစ်ပြီး အဲဒီနေ့မှာ အစည်းအဝေးလုပ်ကာ ရက်ပိုင်းအတွင်း ဘယ်ကာကွယ်ဆေးကို အတည်ပြုမလဲ ဆိုတာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံကလည်း EMA ရဲ့ အခုလို ကာကွယ်ဆေးတွေအပေါ် ချဥ်းကပ်ပုံကို ကြိုဆိုထားပြီး ကိုဗစ်ကာကွယ်ဆေးအပေါ် လူအများ ယုံကြည်စိတ်ချမှု ပိုရစေဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး အတည်ပြုမယ့်အစား တစ်ပြေးညီ စောင့်ကြည့်ပြီးမှ လုပ်ကိုင်မယ်လို့ ပြောဆိုထားပါတယ်။

အခုလို သဘောထားမျိုးကို ဒိန်းမတ်ဘက်ကလည်း ထုတ်ပြန် ပြောဆိုခဲ့ပြီး ကိုဗစ်အခြေအနေနဲ့ ပတ်သက်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချင်းချင်း သဘောမတူညီမှုဆိုလို့ ပိုလန်နဲ့ ဟန်ဂေရီတို့က ကိုဗစ်အရေးပေါ် ရန်ပုံငွေယူရင် လိုက်နာရမယ့် နိုင်ငံရေး ကန့်သတ်ချက်တွေကို ကန့်ကွက်နေတဲ့ ပြဿနာပဲ ရှိနေပါတယ်။

ယူကေအတည်ပြု ကိုရိုနာကာကွယ်ဆေး ဘယ်လောက်စိတ်ချရလဲ

စပွတ်နစ် အမှတ် ၅ ဆိုတဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်အောင်မြင်ကြောင်း နိုင်ငံတကာမှာ ပထမဆုံးကြေညာခဲ့တဲ့ ရုရှားနိုင်ငံမှာ ဆိုရင်တော့ ရုရှားသမ္မတ ဗလာဒီယာ ပူတင်က ကာကွယ်ဆေး မြန်မြန် အတည်ပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးသစ် မှတ်ပုံတင်တဲ့ အဆင့်ဆင့်ကို ရိုးရှင်းသွားအောင် ပြုပြင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

အဲဒီ စပွတ်နစ် အမှတ် ၅ ကိုဗစ်ကာကွယ်ဆေးကို အတည်မပြုခင် စမ်းသပ်ရာမှာ ကာကွယ်ဆေး စမ်းသပ်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့် ၃ ဆင့် လုပ်ခဲ့ပြီး နောက်ဆုံးအဆင့် မလုပ်ရသေးခင် ပြီးခဲ့တဲ့ သြဂုတ်လမှာတင် နောက်ဆုံး အတည်ပြုချက် ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ အဆင့် ၃ ဆင့် စမ်းသပ်မှုအတွင်း လူပေါင်း လေးသောင်းပါဝင်ခဲ့ရာမှာ အောင်မြင်ကြောင်း အတည်ပြုချက်ထုတ်ပြန်ခဲ့ပေမဲ့ ရလဒ် အသေးစိတ်ကိုတော့ လူထုကို မထုတ်ပြန်ခဲ့ပါဘူး။

ရုရှားနိုင်ငံဟာ အခုလို ကာကွယ်ဆေးအောင်မြင်ကြောင်း ပထမဆုံးကြေညာနိုင်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့သလို ပထမဆုံး လက်တွေ့ စတင်ထိုးပေးတဲ့ နိုင်ငံလည်း ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က စတင် ထိုးပေးခဲ့ပါတယ်။

ကိုဗစ် တတိယလှိုင်းဒဏ်နဲ့ ထပ်ရင်ဆိုင်ရတဲ့ တောင်ကိုရီးယား

အမေရိကန်နိုင်ငံက အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာန FDA ကတော့ ဖိုင်ဇာကုမ္ပဏီက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် လေ့လာနေသေးပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ အစည်းအဝေးထိုင်ကြပြီး ၁၅ ရက်နေ့မှာ စတင် ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံက ဖိုင်ဇာရဲ့ ကာကွယ်ဆေးအပေါ် ပထမဆုံး အတည်ပြုမှုကို အမေရိကန်က ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း ပညာရှင် ဒေါက်တာ အန်ထနီ ဖောင်ချီက ကနဦးပိုင်းမှာ အလျင်လို လွန်းတယ်လို့ ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖိုင်ဇာ ကုမ္ပဏီက စိတ်ချရကြောင်း ပြောဆိုပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်ကို ကြည့်မယ်ဆိုရင်တော့ နောက်ဆုံး အဆင့် စမ်းသပ်မှုရောက်နေတဲ့ ကာကွယ်ဆေး လေးမျိုးအထိရှိနေပြီး အရေးပေါ် အခြေအနေမှာ အကန့်သတ်နဲ့ အသုံးပြုဖို့ အချို့ကာကွယ်ဆေးတွေကို ခွင့်ပြုထားတယ်လို့ ကြေညာထားပါတယ်။

တရုတ်နိုင်ငံမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေထဲမှာ ဆိုင်နိုဖန်းမ်က ဖော်ထုတ်ထားတဲ့ ကာကွယ်ဆေးလည်းပါဝင်ပြီး ဒီကာကွယ်ဆေး စမ်းသပ်အထိုးခံထားသူ တစ်သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး ဘယ်လိုထိုးနှံပေးမလဲ

ယူကေနိုင်ငံမှာကတော့ ဖိုင်ဇာ ကုမ္ပဏီက ကိုဗစ်ကာကွယ်ဆေးကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင် ထိုးပေးနေပြီး ပထမအသုတ်မှာ ဆေး အလုံး ၈ သိန်း ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခုလို ထိုးပေးရာမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ စောင့်ရှောက်ပေးသူနဲ့ နေထိုင်ကြသူတွေ၊ ကျန်းမာတဲ့ အသက် ၈၀ ကျော်သူတွေ၊ မကျန်းမာသူတွေကို အနီးကပ်စောင့်ရှောက်ရတဲ့ ဝန်ထမ်းတွေ၊ ကျန်းမာတဲ့ အသက် ၇၅ ကျော်သူတွေ၊ ကျန်းမာတဲ့ အသက် ၇၀ ကျော်သူတွေ၊ အသက် ၁၆ နှစ်ကျော်တဲ့ ကျန်းမာရေး အလွန်ချို့တဲ့နေသူတွေ၊ ကျန်းမာတဲ့ အသက် ၆၅ ကျော်သူတွေ၊ အသက် ၁၆ နှစ်ကနေ ၆၄ နှစ်အတွင်းက ရောဂါ အခံရှိသူတွေ၊ ကျန်းမာတဲ့ အသက် ၆၀ ကျော်သူတွေ၊ ကျန်းမာတဲ့ အသက် ၅၅ နှစ်ကျော်သူတွေ၊ ကျန်းမာတဲ့ အသက် ၅၀ ကျော်သူတွေ အစရှိသဖြင့် အစဉ်လိုက် အဆင့်ဆင့် ဦးစားပေး သတ်မှတ်ထားပြီး အသက်၅၀ အောက် ကျန်းမာရေး ကောင်းသူတွေမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းတာကြောင့် အခုလို သတ်မှတ်ရတာလို့ ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55233251

ကိုဗစ်ကာကွယ်ဆေးတစ်ခုခု အတည်ပြုပေးလိုက်ဖို့ နိုင်ငံတကာအစိုးရအသီးသီးမှာ ဖိအားရှိနေသလား ကိုဗစ်ကာကွယ်ဆေးတစ်ခုခု အတည်ပြုပေးလိုက်ဖို့ နိုင်ငံတကာအစိုးရအသီးသီးမှာ ဖိအားရှိနေသလား Reviewed by THITHTOOLWIN on 00:42 Rating: 5

No comments:

Powered by Blogger.