ကိုဗစ်ကူးစက်မှုနည်းတဲ့ဒေသတွေ ခရီးသွားလုပ်ငန်းပြန်စဖို့ ပြင်ဆင်နေ

ပုဂံရှေးဟောင်းစေတီပုထိုးများ။ (ဓာတ်ပုံ - Ministry of Hotel and Tourism - မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာ ၈ လလောက် အကြာမှာတော့ ကူးစက်မှုအန္တရာယ် နည်းပါးတဲ့ ဒေသတွေမှာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ဖို့ ပြင်ဆင်နေပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်တဲ့အခါမှာလည်း ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်အောင်နိုင်က ပြောပါတယ်။

“Domestic တွေအတွက် လာလည်တဲ့ အခါမှာ ကိုဗစ်စည်းကမ်းနဲ့ အညီပေါ့၊ လိုက်နာပြီးတော့ ဖွင့်လှစ်နိုင်အောင် ဒါတွေကို ကျနော်တို့ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ညှိနှိုင်းအစည်းအဝေးတွေ လုပ်ပြီးတော့ ကြိုတင်ပြင်ဆင်နေတာလေးတွေ ရှိပါတယ်ဗျ။”

ပြည်တွင်းပြည်ပ ခရီးသွားတွေကြား ရေပမ်းစားတဲ့ ပုဂံဒေသမှာလည်း ကန့်သတ်ချက်တွေကို လျှော့ပေါ့ဖို့ စီစဉ်နေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ပြောဆိုထားပါတယ်။ ကပ်ရောဂါကာလ ကျန်းမာရေး ကန့်သတ်ချက်တွေနဲ့အညီ ဘုရားဖူးတွေ၊ ခရီးသွားတွေကို ခွင့်ပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း မန္တလေးတိုင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးရီက ပြောပါတယ်။

“လက်ရှိဆိုရင် ပုဂံမှာဆိုလို့ရှိရင် နိုင်ငံတော်က ပြန်ဖွင့်မယ်ပေါ့နော်။ ပြန်လည်ခရီးသွားလို့ရမယ်၊ ပြန်ဖွင့်မယ်ဆိုလို့ရှိရင် ကျနော်တို့က ဒီလာတဲ့ လူတွေကို ကျနော်တို့က စနစ်တကျဖြစ်အောင်ပေါ့နော်... စီမံခန့်ခွဲမှာပေါ့။ ဥပမာ ဘုရားတစ်ခု လည်မယ်ဆိုလို့ရှိရင် ဒီပုဂံပဲ ဖြစ်ဖြစ်၊ မန္တလေးဖြစ်ဖြစ်ပေါ့နော်။ ကျနော်တို့အနေနဲ့ကျတော့ book လုပ်ရမယ်ပေါ့နော်။ နာမည်စာရင်းပေးသွားရမှာမျိုးတို့၊ ဘုရားရဲ့ ဧရိယာအကျယ်အဝန်းပေါ် မူတည်ပြီးတော့ လူတွေကလည်း ၅၀ ထက်မပိုသော ဘုရားကမကြီးဘူးဆိုရင် လူက ဘယ်လောက်ပေါ့နော်။ ဒီလို၊ ဒီလိုလေးတွေက ကျနော်တို့က စီမံခွဲခန့်ဖို့ရှိနေပါတယ်ခင်ဗျ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ဒုတိယ အများဆုံးဖြစ်တဲ့ မန္တလေးတိုင်းအတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်စဖို့ မလွယ်သေးဘူးလို့လည်း မန္တလေးတိုင်း COVID-19 ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောပါတယ်။

“မန္တလေးဆိုရင် ဥပမာ ဘုရားကြီးတို့၊ ကျောက်စျေးတို့ ပြင်ဆင်တာတော့ အမြဲတမ်းတော့ ဖွင့်နိုင်အောင် လုပ်တော့ လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ရောဂါပြန့်ပွားတဲ့နှုန်းတွေက မကျဘူးပေါ့နော်။”

ခရီးသွားလုပ်ငန်းတွေ အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာလည်း ကပ်ရောဂါကြောင့် ထိခိုက်မှုတွေကို ကုစားနိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။ ဘုရားဖူးတွေလို ခရီးသွားတွေ အလည်အပတ်များတဲ့ စစ်ကိုင်းဒေသမှာ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုတွေကနေ ပြန်နလန်ထူဖို့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးဦးက ပြောပါတယ်။

“ကိုဗစ်ဆိုတာက ခရီးသွားလုပ်ငန်းကို တည့်တည့်ထိခိုက်တယ်ဗျာ။ ကျန်တဲ့ဟာကမှ နည်းနည်းသက်သာသေးတယ်။ ခရီးသွားလုပ်ငန်းက လုံးလုံးအများကြီးထိခိုက်တာ ဖြစ်တဲ့အတွက် ပြန်ပြီးရုန်းထနိုင်အောင် ကျနော်တို့ အစီအမံတွေ အများကြီး လုပ်ရမှာပေါ့နော်။”

ကိုဗစ်ကြောင့် ရပ်တန့်လိုက်ရတဲ့ ခရီးသွားလုပ်ငန်းတွေ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်မယ့် သတင်းအပေါ်မှာတော့ လုပ်ငန်းရှင်တွေက ကြိုဆိုနေကြပါတယ်။ ကပ်ရောဂါကူးစက်မှု အန္တရာယ်နည်းပါးတဲ့ ဒေသတွေမှာ လုပ်ငန်းတွေ ပြန်စနိုင်ရင်တော့ ထိခိုက်မှုတွေက သက်သာရာ ရနိုင်တယ်လို့လည်း ဘေဘီလုံခရီးသွားလုပ်ငန်းရှင် ဦးအောင်စိုးထိုက် က ပြောပါတယ်။

“ပုဂံလည်း ကြားတယ်။ နောက်တခြား ကိုဗစ်အဆင့်သတ်မှတ်ချက်မှာ အနည်းဆုံးဖြစ်တဲ့ နေရာတွေပေါ့နော်... ဒီလိုနေရာမျိုးတွေကို သူတို့ ခရီးသွားထောက်ခံချက်နဲ့ အရင်ခရီးသွားလို့ရအောင် ကျနော်လည်း အဲ့ဒီလိုကြားတယ်။ ဒါပေမဲ့ အဲဒါတကယ်ဖြစ်လာရင်တော့ ကောင်းတယ်ပေါ့နော်။”

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အစိုးရကတော့ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်တွေ ပျံသန်းခွင့် ရပ်ဆိုင်းထားတာ အပါအဝင် ကန့်သတ်ချက်တွေကို ဒီလလယ်အထိ နောက်ထပ် သီတင်း ၂ ပတ် ထပ်တိုးထားပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်ကတော့ ခရီးသွားလုပ်ငန်းတွေ ပြန်စတဲ့အခါ အန္တရာယ်ကင်းဖို့ ဦးစားပေးမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့က ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်တဲ့အချိန်မှာ ကျန်းမာရေးအရ ဘေးကင်းလုံခြုံးမှုရှိတဲ့ ခရီးသွားလုပ်ငန်းအဖြစ်နဲ့ပဲ ကျနော်တို့ စတင်ချင်တယ်။ ရေရှည်မှာလည်း ဒီခရီးသွားလုပ်ငန်းကြောင့်မို့လို့ အန္တရာယ်တစ်စုံတစ်ရာ၊ ကျန်းမာရေးဆိုင်ရာထိခိုက်မှု တစ်စုံတစ်ရာမရှိရအောင် ကျနော်တို့က အဲ့ဒါကို အထူးအာရုံစိုက်ပြီးတော့မှ ဒီဟာကို ဖြည့်ဆီဆောင်ရွက်နေတယ်ဆိုတာကို ပြောချင်ပါတယ်ခင်ဗျ။”

ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်းပေါင်း ၂,၀၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်းက ၃,၃၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပြည်ပခရီးသွား ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်တယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။


အဂ္ဂနွန်/VOA (Burmese)

https://burmese.voanews.com/a/covid-tourism-myanmar/5684300.html

ကိုဗစ်ကူးစက်မှုနည်းတဲ့ဒေသတွေ ခရီးသွားလုပ်ငန်းပြန်စဖို့ ပြင်ဆင်နေ ကိုဗစ်ကူးစက်မှုနည်းတဲ့ဒေသတွေ ခရီးသွားလုပ်ငန်းပြန်စဖို့ ပြင်ဆင်နေ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.