ရွေးကောက်ပွဲအထောက်အထားတွေကို ကူးယူခွင့်မရှိကြောင်း ကော်မရှင် ညွှန်ကြား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ အမှတ်အသားအထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဒီဇင်ဘာ ၁ ရက် မနေ့က ညွှန်ကြားခဲ့ပါတယ်။

ဒီလိုညွှန်ကြားချက်ဟာ လူတွေသိရှိပိုင်ခွင့်ကို ကန့်သတ်သလိုဖြစ်တာကြောင့် ရွေးကောက်ပွဲစောင့်ကြည့်သူ တွေကတော့ ဝေဖန်နေကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ မနေ့က ညွှန်ကြားလိုက်တာပါ။

ဒါက ကော်မရှင်အဖွဲ့အဆင့်ဆင့် လိုက်နာစောင့်ထိန်းရမယ့်အချက်အဖြစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထဲမှာ ပြဌာန်းထားပြီးသားဖြစ်တယ်လို့ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေက ပြောပါတယ်။

ဥပဒေထဲမှာ ပြဌာန်းထားပြီးသားဖြစ်ပေမယ့် မေ့နေမှာစိုးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်သတိပေးတာဖြစ်တယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

"မသက်ဆိုင်တဲ့ ဌာနတွေ အဖွဲ့အစည်းတွေပေါ့ဗျာ၊ ကျနော်တို့မှာဆီတဲ့ ကိန်းဂဏန်းတွေ အချက်အလက် တွေကို မသက်ဆိုင်သူတွေလက်ထဲ မရောက်စေရဆိုတာ အဲဒါကျနော်တို့မှာ အရင်ကတည်းက ကန့်သတ်ချက် ရှိတယ်။ ကော်မရှင် ထုတ်ထားတဲ့ စာရင်းအချက်အလက်များမှတပါး အခြားကိစ္စများနှင့် စပ်လျဉ်းပြီး ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းခြင်းဆိုတာ ဥပဒေမှာထုတ်ထားတာ၊ ဒါကကြာပြီ ဆိုတော့ မလိုက်နာမှာစိုးလို့ ထပ်ပြီး သတိပေးတဲ့သဘောပါပဲ။"

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက်၊ မြို့နယ် ၂၁၈ ခုက တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေတယ်လို့ နိုဝင်ဘာလ ၃၀ရက်နေက ထုတ်ပြန်ထားပါတယ်။

တပ်မတော်က ဒီလိုစစ်ဆေးနေတဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်ရဖို့အတွက် လိုအပ်သလို ညွှန်ကြားပေးဖို့လည်း ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုအပြီး နောက်တစ်ရက်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်လိုက်တာပါ။

ဒီလိုရွေးကောက်ပွဲကော်မရှင်က သတင်းအချက်အလက်တွေကို ကန့်သတ်လိုက်တဲ့ဟာ လူတိုင်းသိရှိခွင့်ကို ကန့်သတ်သလိုဖြစ်နေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည်သူတွေက ထောက်ပြပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်အလက်မှာ နိုင်ငံတော်လျှို့ဝှက်ချက်မဟုတ်ဘဲ အများပြည်သူပိုင် ဖြစ်တာကြောင့် အားလုံးကိုပေးရမယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"ကော်မရှင်အနေနဲ့ကကျတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ အများပြည်သူပိုင် သတင်းအချက်အလက်ဖြစ်တယ်၊ နိုင်ငံတော်လျှို့ဝှက်ချက်မဟုတ်ဘူး၊ ဒါကို အများ ပြည်သူသိအောင် ထုတ်ဖို့လိုတယ်၊ အခုသူပေးတဲ့အချက်အလက်က မလုံလောက်ဘူးဆိုတဲ့သဘောဘဲ အားလုံးက ဒီထက်ပိုပြီးသိချင်နေတယ်၊ အားလုံးကပိုပြီး သိချင်ရင် ပြောရမယ်၊ ပုံစံ ၁၆ တွေ၊ ၁၈ တွေ၊ ၁၉ တွေ အားလုံးသိအောင် ကျနော်တို့ နိုင်ငံရေးပါတီတွေကလိုချင်ရင် ပေးရမယ်၊ အရပ်ဘက်အဖွဲ့တွေက လိုချင်ရင်လည်းပေးရမယ်၊ သုတေသနလုပ်ချင်တဲ့သူက လိုချင်တယ်ဆိုရင်လည်း ပေးဖို့လိုမယ်၊ ဒါမှလည်း နောက်ရွေးကောက်ပွဲတွေမှာ ပိုပြီးကောင်းအောင်လုပ်နိုင်မှာ။"

နိုင်ငံရေးဖြစ်စဉ်တွေ ရွေးကောက်ပွဲဖြစ်စဉ်တွေဟာ ပွင့်လင်းမြင်သာမှုရှိလေ၊ ယုံကြည်မှုပိုရလေဖြစ်ပြီး ကော်မရှင်အနေနဲ့ သတင်းအချက်အလက်တွေ ကန့်သတ်လေ သံသယဖြစ်လေ၊ ယုံကြည်မှုနည်းလေ ဖြစ်မယ်လို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံရေးကို တဖြည်းဖြည်းချင်း နောက်ဆုတ်ရမယ့်အစား မဲစာရင်းတွေကို စစ်ဆေးမယ် ဆိုပြီး အုပ်ချုပ်သူအခန်းကဏ္ဍကနေ ဝင်ပါတာဟာ သူ့အလုပ်မဟုတ်ဘူးလို့လည်း စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဘာကိုမပေးဘူးလို့ တစ်ဖက်သတ်ပိတ်တာဟာ အငြင်းပွားမှုကို ပိုဖြစ်စေတယ်လို့ထင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ပန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။

"တပ်မတော်အနေနဲ့ တောင်းဆိုတာက ကျနော်ထင်ပါတယ်၊ တချို့က တပ်မတော်သားတွေရဲ့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေမှာလည်း ကန့်ကွက်မှုတွေရှိနေတယ် ၊တပ်မတော်ကို စွပ်စွဲတာတွေ ရှိနေတာကြောင့် တပ်မတော်မဲရုံတွေမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို လူတွေ သံသယရှင်းသွားအောင် လေ့လာချင်လို့ အဆိုပြုတာလို့ ကျနော်ထင်တယ်၊ ဒါကြောင်မို့ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဥပဒေကလည်း ခွင့်ပြုထားတယ်၊ ပွင့်လင်းမြင်သာမှုကလည်း ရှိဖို့လိုတယ်ဖြစ်တဲ့အတွက်ကြောင့် ဘာကိုမှ ပေးလို့မရဘူးလို့ ရွေးကောက်ပွဲကော်မရှင်က တစ်ဖက်သတ်ပိတ်တာကတော့ သိပ်ပြီးတော့ အခက်အခဲပိုဖြစ်စေတယ်၊ အငြင်းပွားမှုတွေကို ပိုဖြစ်စေတယ်လို့ပဲ ထင်တယ်။"

ရွေးကောက်ပွဲတစ်ခုမှာ အငြင်းပွားမှုတွေဖြစ်ရင် ပွင့်လင်းမြင်သာမှုက အရေးကြီးပြီး ရွေးကောက်ပွဲကော်မရှင် အနေနဲ့ လုံခြုံရေးကို မထိခိုက်ဖူးဆိုရင် အားလုံးကို ကြည်ရှုခွင့်ပေးသင့်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

တပ်မတော်ဟာ ရွေးကောက်ပွဲဝင်တဲ့အဖွဲ့အစည်းမဟုတ်သလို မဲစာရင်းတွေ စစ်ခွင့်တောင်းတာဟာလည်း ဥပဒေနဲ့မညီဘူးလို့ ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကထုတ်တာက ဥပဒေနဲ့အညီထုတ်တာပဲ၊ ရွေးကောက်ပွဲကော်မရှင်က အချက်အလက်တွေကို ခွင့်ပြုချက်မရှိရင် ဘယ်သူမှမပေးရဘူးဆိုတာဟာ ဥပဒေကြောင်းအရမှန်တယ်လို့ ပြောသူက တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ပါ။ အကုန်လုံးကို ဘာမှန်းမသိ၊ ညာမှန်းမသိဘဲနဲ့ ဘာကိစ္စသုံးမှာမှန်းမသိဘဲနဲ့ ဒီလို့ရွေးကောက်ပွဲကော်မရှင် လျှို့ဝှက်ချက်တွေကိုပါ ပါသွားမယ်ကိစ္စမျိုး ကူးယူခွင့်မပေးဘူးဆိုတာ UEC က မှန်ပါတယ်၊ တရားစွဲထားပြီး တရားရုံးရောက်နေလို့ သက်သေခံတင်ဖို့ တရားရုံးကိုတင်ဖို့ ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကော်မရှင်က တစ်မျိုးစဉ်းစားပေးရမှာနော်။ အဲမှအပတော့ ကူးယူခွင့်မပြုဘူးဆိုတဲ့အမိန့်က မှန်ပါတယ်။"

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံအင်အားကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေရှိခဲ့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အရေးယူပေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတော် သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်ကြောင့် အခုလိုအချက်အလက်တွေ ကူးယူခွင့် ပိတ်လိုက်တာဟာ လူတွေရဲ့ သိရှိခွင့်၊ ပွင့်လင်းမြင်သာမှုကို ထိခိုက်စေပြီး ကော်မရှင်အပေါ် ယုံကြည်မှုကျဆင်းနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/commission-order-that-donot-copy-election-documents-12022020065539.html

ရွေးကောက်ပွဲအထောက်အထားတွေကို ကူးယူခွင့်မရှိကြောင်း ကော်မရှင် ညွှန်ကြား  ရွေးကောက်ပွဲအထောက်အထားတွေကို ကူးယူခွင့်မရှိကြောင်း ကော်မရှင် ညွှန်ကြား Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.