မဲရုံစောင့် တာဝန်ကျသူကို တရားစွဲမှု ဆရာများအဖွဲ့ ကန့်ကွက်


ရွေးကောက်ပွဲမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၇၀ လောက်မှာ တာဝန်ကျခဲ့တဲ့ ဆရာ၊ ဆရာမ ၁၀၀ နီးပါးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင်၊ အခြားပါတီတွေ၊ တသီးပုဂ္ဂလတွေနဲ့ ကျေနပ်မှုမရှိတဲ့ ပြည်သူတွေက ရွေးကောက်ပွဲ ဥပဒေတွေနဲ့ တရားစွဲဆိုတာတွေ ရှိတယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတာလို့ အခြေခံပညာ ပညာရေး လုပ်သားများသမဂ္ဂက တာဝန်ခံ ဆရာ ဦးထွန်းမင်းသော်က ပြောပါတယ်။

"ကျနော်တို့ခန့်မှန်းခြေကတော့ ၈၀ နဲ့ ၁၀၀ ကြားတော့ရှိမယ် သက်ဆိုင်ရာ မြို့နယ်အလိုက် သူတို့ဖြစ်တဲ့ ပြဿနာပေါ်မူတည်ပြီးတော့ ဖြစ်ကြတာဆိုတော့ ပုဒ်မတွေကတော့ ရွေးကောက်ပွဲ ဥပဒေနဲ့ပဲသွားကြမယ် ထင်တယ် လက်ရှိအခြေအနေမှာတော့ တရားရုံးမှာ ခေါ်ပြီးတော့စစ်ဆေးတာတို့ မေးမြန်းခံရတာတို့ ဘာတို့ကတော့ ရှိနေကြတုန်းပေါ့နော်"

ရွေးကောက်ပွဲမှာ မဲရုံတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို စွပ်စွဲပြောဆိုမှုတွေ၊ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးဖို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ကို အခြေခံပညာရေးလုပ်သားများ သမဂ္ဂက ဒီနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ အခြေခံပညာရေး လုပ်သားများ သမဂ္ဂ ဗဟိုကော်မတီဝင် ဆရာ ဦးမျိုးသူက

"ကျနော်တို့ရဲ့ဆန္ဒဆိုတာထက် ဆရာ၊ ဆရာမတွေအားလုံးရဲ့ ဆန္ဒသည် ကျနော်တို့ ရွေးကောက်ပွဲမှာ မီဒီယာတွေရဲ့ ရှေ့မှောက်မှာ ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်တွေရှေ့မှာ ကျနော်တို့ တာဝန်ကျေပွန်စွာ ကျနော်တို့ ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဆောင်ရွက်ခဲ့ကြတယ် ဒီအပေါ်မှာ ကျနော်တို့ကို အထောက်အထားရှိလို့ တရားစွဲဆိုလည်းစွဲ အပြစ်ရှိတဲ့လူကတော့ အပြစ်ခံရမှာပဲ ဒါမှမဟုတ် အများစုဆိုတဲ့ ဆရာ၊ ဆရာမအများစုဆိုပြီး စွပ်စွဲနေမှုကိုတော့ အများစုရဲ့ ကိုယ်စားဒီအပေါ်မှာတော့ ကျနော်တို့ လက်မခံနိုင်ဘူး ဒါကြောင့်ဆောင်ရွက်စရာရှိတဲ့ အကြောင်းအရာတွေကော ပြန်လည်တုံ့ပြန်ရမယ့် အကြောင်းတွေကော ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ခင်ဗျ။"

နိုဝင်ဘာ ၁၁ ရက်နေ့က ရန်ကုန်တိုင်း USDP ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာ၊ ဆရာမတွေဟာ NLD ပါတီ ထောက်ခံသူတွေဖြစ်ပြီး ကြားနေမဖြစ်ဘူးဆိုပြီး ပြောကြားခဲ့တဲ့အပေါ် ကျေနပ်မှုမရှိလို့ ပြန်လည်တောင်းပန်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က အဲဒီနေ့မှာပဲ ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ အခြေခံပညာရေးလုပ်သားများ သမဂ္ဂက လာရောက်တွေ့ဆုံတဲ့ အဓိကအကြောင်းရင်းကလည်း နိုဝင်ဘာ ၁၁ ရက်နေ့က USDP ပါတီရဲ့ ပြောကြားချက်နဲ့ ပတ်သက်တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာ၊ ဆရာမတွေအပေါ် စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်ပြီး စာထုတ် တောင်းပန်ခဲ့ပြီး ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"ကျနော်တို့ အပိုင်းကတော့ ရန်ကုန်တိုင်းက လုပ်သွားတဲ့ ကိစ္စဆိုရင်တော့ ရန်ကုန်တိုင်းပါတီကနေ ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့စာထွက်ပြီး လုပ်ထားပြီးသားဖြစ်တယ် ကျနော်တို့ထက်ဆိုးဝါးတဲ့ UEC လိုဟာမျိုးကျတော့ သူတို့က ဘာတုံ့ပြန်မှုမှ မလုပ်ပဲနဲ့ ပြည်ခိုင်ဖြိုး ကျမှဒီလိုလုပ်တဲ့ဟာကိုတော့ ကျနော်တို့ စိတ်မကောင်းဖြစ်မိပါတယ် ကျနော်ဒါလေးပဲ မှတ်ချက်ပေးချင်ပါတယ်"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတဲ့ အမှုပေါင်း ၇၀၀ ကျော်ရှိပြီး ရဲအရေးပိုင်တဲ့ အမှု ၁၀၀ ကျော် တိုင်ကြားထားပြီး ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေ တရားစွဲဆိုမှုတွေကတော့ ဗဟိုကိုစာရင်းမရောက်ဘူးလို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ပါတီဘက်က စာထုတ်တောင်းပန်တဲ့အပေါ် ကျေနပ်မှုမရှိဘူးလို့ အခြေခံပညာ ပညာရေး လုပ်သားများ သမဂ္ဂ တာဝန်ခံ ဦးထွန်းမင်းသော်က ပြောပါတယ်။

"ကွန်ပျူတာ စာစီစာရိုက် အမှားလို့ ပြောတယ်ပေါ့နော် ဒါကတာဝန်ယူမှု တာဝန်ခံမှုကို ကျနော်တို့ မေးခွန်းထုတ်ရမှာပေါ့နော် ကွန်ပျူတာစာစီစာရိုက်မှားတယ် ဆိုရင်ရော မှားတာကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောတာကတော့ စာစီမှားတာကြီးကို မှားမှန်းသိသိရဲ့နဲ့ ဖတ်တာလား မှန်တယ်ထင်ပြီးဖတ်တာလား ဒါကပြန်ပြီးမေးရမှာ ကွန်ပျူတာစာစီမှားဆိုတဲ့ ပြန်လည်ဖြေရှင်းချက်ကိုတော့ ကျနော်တို့ ဆရာ၊ ဆရာထု အနေနဲ့ ရော အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ အနေနဲ့ကော စိတ်ကျေနပ်မှု မရှိပါဘူး နောက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ပြောပြီးတဲ့စကား အပေါ် တောင်းပန်တာက စာစီမှားဆိုတဲ့ စကားလုံး တစ်ခုတည်းနဲ့တော့ မပြီးဘူးလို့ ကျနော်ထင်တယ်။"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကာလအတွင်း မဲရုံတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမ ၁၀၀ ကျော်လောက် ကိုဗစ်ကူးစက်ခံထားရပြီး နှစ်ဦး သေဆုံးသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်နဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ်က ဆရာမ နှစ်ဦးကို USDP မဲရုံ ကိုယ်စားလှယ်တွေက ရွေးကောက်ပဲဆိုင်ရာ မသမာမှုပြုလုပ်တယ်ဆိုပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေ ဆီကို RFA အနေနဲ့ မေးမြန်းဖို့ ကြိုးစားပေမယ့် ဖြေကြားဖို့ အစီအစဉ်မရှိကြောင်း ပြောလာပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံတာဝန်ယူခဲ့တဲ့ ဆရာ ဆရာမ နှစ်သိန်းနီးပါးရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/polling-station-guard-being-sued-12022020065451.html

မဲရုံစောင့် တာဝန်ကျသူကို တရားစွဲမှု ဆရာများအဖွဲ့ ကန့်ကွက်  မဲရုံစောင့် တာဝန်ကျသူကို တရားစွဲမှု ဆရာများအဖွဲ့ ကန့်ကွက် Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.