ရန်ကုန်မှာ ကပ်ဘေးမထိန်းနိုင်သေးလို့ စိန်ခေါ်မှုဖြစ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား


ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာမှာ အားအနည်းဆုံးနေရာက ရန်ကုန်ဖြစ်ပြီး ရန်ကုန်တိုင်းကို မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တာကြောင့် ပြန်ပြီးနာလန်ထူအောင်လုပ်ဖို့ဟာ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အင်မတန်အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက ကပ်ရောဂါကာကွယ်ရေး နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ သတိပေးပြောကြားလိုက်တာပါ။

“ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့ နေရာအများဆုံးကတော့ ရန်ကုန်ပေါ့နော်၊ ကျွန်မတို့ ရန်ကုန်တိုင်းက ပြည်သူတွေ သိပြီးသားဖြစ်ပါတယ်။ ရန်ကုန်ကနေ မထိန်းချုပ်နိုင်တာကတော့ ကျွန်မတို့ နိုင်ငံ တစ်နိုင်လုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က တနည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်လို့ဆိုရင် မမှားပါဘူး။ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူအောင်လုပ်ဖို့ဆိုတာ ကျွန်မတို့ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မ သတိပေးချင်ပါတယ်”

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဖို့ COVAX အစီအစဉ်မှာ မြန်မာနိုင်ငံက ပါဝင်ထားသလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က အမှာစာ ပေးပို့ထားပြီး အဲဒီကနေရမယ်လို့သိရကြောင်းနဲ့ ဒီအစီအစဉ်နဲ့ လိုသလောက် အားလုံးရမှာမဟုတ်ပေမယ့် တခြားဘက်ဝယ်ယူပြီး အားလုံး လုံလောက်အောင် စီစဉ်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

စီးပွားရေး ယန္တရားပြန်ပြီးလည်ပတ်ဖို့ အရေးကြီးတာကြောင့် ဦးစားပေးကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထည့်တွက်ပြီး စီးပွားရေးနာလန်ပြန်ထူနေတဲ့ နေရာတွေကို ဦးစားပေးထိုးသင့်ရင် ထိုးပေးရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကူးစက်မှုတွေ လျော့ကျလာတာ မရှိသေးတဲ့ ရန်ကုန်တိုင်းကို ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ကိုရိုနာဗိုင်ရပ်စ် ကူးစက်မှု လျော့ကျလာဖို့ဆိုရင် ပြင်ပက ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်နိုင်ဖို့ လိုအပ်ပြီး အဲဒီလိုဖြတ်နိုင်ဖို့ဟာ စည်းကမ်းတင်းကြပ်တဲ့ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် စည်းကမ်းတင်းကျပ်ဖို့လိုတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။

“တကယ်တော့ ကိုဗစ်ကို ကူးစက်မှုတွေ ချက်ချင်းကျပြီး ဆေးရုံ၊ ဆေးခန်းတွေနဲ့ သေဆုံးမှုတွေ နည်းဖို့ကိစ္စက ပြင်ပမှာရှိနေတဲ့ ကူးစက်မှုကွင်းဆက်တွေကို ဖြတ်ဖို့ကိစ္စလိုတယ်၊ အဲဒီဖြတ်ဖို့ကိစ္စဟာ စည်းကမ်းတင်းကျပ်တဲ့ ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဒါ့ကြောင့် စည်းကမ်းတင်းကျပ်ဖို့ ဆိုတာလိုတယ်။ ရန်ကုန်တိုင်းမှာ လုပ်ကိုင်နေတဲ့ သူတွေက ကုသရေးပိုင်းတွေကို အဓိက ဦးစားပေးပြီး လုပ်နေတယ်။ ကွင်းဆက်ဖြတ်တောက်ကိစ္စ လုပ်တဲ့အခါမှာတော့ ရန်ကုန်တိုင်းရဲ့ လူနေမှုစနစ်က အလွန်ခက်ခဲတဲ့နေရာဖြစ်တယ်။ တင်းကျပ်မှုတွေကို တကယ်တိတိကျကျ လုပ်ရင်ကောင်းမယ်။ ကျွန်တော်တို့က ကျန်းမာရေးဘက်က အမြင်သီးသန့်နဲ့ပဲကြည့်ရင် တကယ်တင်းတင်းကျပ်ကျပ်လုပ်သင့်တယ်လို့ထင်တယ်”

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးမှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုအပ်သလို အစိုးရ ကလည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ လိုနေတယ်လို့ ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဆိုပါတယ်။

“အထက်ကနေ အမိန့်သာချလာပေမယ့် အောက်ခြေမှာ လိုက်လုပ်မယ့် တာဝန်ယူ၊ တာဝန်ခံမှု စိတ်အပြည့်အနဲ့ လိုပ်ကိုင်တဲ့သူကတော့ နည်းတယ်လို့ ယူဆလို့ရပါတယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ပရဟိတအသင်းတွေရော၊ အလှူရှင်တွေရော နောက်ပြီး ကျန်းမာရေးဝန်ထမ်းတွေကအစ အားလုံးလည်း တကယ်ပြောမယ်ဆိုရင် လက်ပမ်းကျတဲ့ အခြေအနေကို ရောက်နေပါပြီ။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုနည်းသလို ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ပြတ်ပြတ်သားသား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ အထူးလိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ အကြံပြုလိုပါတယ်”

နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုသီဟသွေး ကတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကူးစက်မှုနဲ့ပတ်သက်ပြီး ပြည်သူနဲ့အတူ ရုန်းကန်ဖို့လိုအပ်သလို ဦးဆောင်မှု မရှိသလောက် လျော့နည်းနေတယ်လို့ ထောက်ပြပါတယ်။

“ဒီရန်ကုန်တိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေက အခုထက်ပိုပြီး အလုပ်လုပ်ဖို့လိုတယ်၊ အခုထက်ပိုပြီး ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ပူပူတွဲတွဲ အတူရပ်တည်ပြီး ရုန်းကန်ကြဖို့လိုတယ်။ အခုဟာက အဲဒီသဘောတရားမျိုး မတွေ့ရဘူး။ မတွေ့ရလို့လည်း ဒီလိုမျိုး ပြဿနာတွေ၊ ပြောစရာတွေ၊ လူတွေ ထွက်လာတာတွေ၊ ကြာပြီဖြစ်နေတာတွေ ပွဲတော်တွေကို အကြောင်းပြုပြီး အဲဒီကနေ စလိုက်တာ ကျွန်တော် သတိထားမိသလောက်ပေါ့နော်။ လူတွေက ပုံမှန်သွားလာနေတဲ့ သဘောမျိုး တွေ့ရတယ်။ ဒါတွေကလည်း ရောဂါကူးနေတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ ထင်တယ်။ အဓိကတော့ လူထုကို နားလည်အောင် လူထုက တစ်သားတည်း လိုက်လုပ်နိုင်အောင် စီမံချက်တွေချပေးဖို့လိုတယ်။ ဘာလုပ်ချင်တာလဲဆိုတာ လူထုကသိပြီး လိုက်နာနိုင်အောင် အစိုးရဘက်ကလည်း ဦးဆောင်မှု ပေးဖို့လိုတယ်။ အခုက ဦးဆောင်မှုက မပေးနိုင်ဘူး လျော့တိလျော့ရဲဖြစ်နေတယ်၊ ဦးဆောင်နေတယ် မှန်းတောင် မသိဘူးဗျာ အဲလိုဖြစ်နေတယ်”

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘာတွေ စီစဉ်ဆောင်ရွက်နေတယ်ဆိုတာ သိရဖို့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို RFA ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ တိကျစွာလိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မယ့် အစီအစဉ်တွေ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တာဝန်ရှိသူတွေ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဟာ တခြားပြည်နယ်၊ တိုင်းတွေနဲ့ ကွဲပြားခြားနားတဲ့ အခြေအနေရှိတာကြောင့် တခြားပြည်နယ်နဲ့ တိုင်းတွေက ကျင့်သုံးနေတဲ့ နည်းလမ်းတွေအတိုင်း ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘဲ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာရေး လုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့ အမြန်ဆုံး ဆောက်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အုပ်ချုပ်ရေးပိုင်းက ကူညီဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းနွမ်းနယ်နေတာကို တွေ့ရှိသိရှိရကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးဟာ နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသော တိုင်းဖြစ်ပြီး တခြားတိုင်းနဲ့ ပြည်နယ်က မှီတည်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရှိကြောင်း၊ အဲဒီလုပ်ငန်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ၊ ပြည်သူတွေရဲ့ လူမှုစီးပွားထိခိုက်မှုရှိနေတာ၊ ပြည်သူတွေ စိတ်မွန်းကြပ်မှုရှိနေတာတွေ ဖြစ်ပေါ်နေကြောင်းနဲ့ အစိုးရအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပြည်သူတွေအကြား လူမှုစီးပွား ပြဿနာမဖြစ်အောင် ချိန်ဆဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

ကိုဗစ်ရောဂါအတည်ပြုလူနာ အားလုံးရဲ့ (၇၄) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်သလို သေဆုံးသူ အားလုံးရဲ့ (၉၂.၇) ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းကဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသလို ရန်ကုန်တိုင်းက ပြည်သူတွေ သတိထားပြီး ရောဂါမပြန့်ပွားဖို့အတွက် နိုင်ငံတော်ကို ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/corona-in-ygn-12122020045600.html

ရန်ကုန်မှာ ကပ်ဘေးမထိန်းနိုင်သေးလို့ စိန်ခေါ်မှုဖြစ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား  ရန်ကုန်မှာ ကပ်ဘေးမထိန်းနိုင်သေးလို့ စိန်ခေါ်မှုဖြစ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.