NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီ MUP ရဲ့  ဗဟိုကော်မတီဝင်တစ်ဦးက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ တိုင်တန်းပြီး အမှုဖွင့်ထားပါတယ်။

မဲရုံတွေမှာ မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ ဖိအားပေးတယ်ဆိုပြီး သက်သေတွေရှိနေတယ် လို့  မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် မိစုမွန်က စွပ်စွဲပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က အမှုဖွင့်တိုင်ကြားထား တယ်လို့  ပြောပါတယ်။

“မဲစာရင်းမပါတဲ့သူတွေကို မဲလာထည့်ခိုင်းတယ်။ အတင်းထည့်ခိုင်းတယ် ဒါကတစ်ချက်။ နောက်တစ်ချက်က ကိုယ့်ရဲ့လွှတ်တော်ကိုယ်စားလှယ် ပါဝါအာဏာကို သုံးပြီးတော့ ပြည်သူကို ခြိမ်းခြောက်တယ်။ နောက်တစ် ချက်က မဲရုံရဲ့ပရဝုဏ်အတွင်းမှာ ပေ ၂၀၊ ၃၀ လောက်အကွာကနေပြီးတော့ ခြိမ်းခြောက်တယ်၊ သောင်းကျန်း တယ်။ ဒါတွေကို ပြောနေတာပေါ့နော် အဲဒီအချက်တွေကြောင့် ကျွန်မတို့က အမှုဖွင့်ရခြင်းဖြစ်တယ်”

ဒေါ်ခင်မျိုးမြင့်ဟာ NLD ကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျိုက်မရောမြို့နယ် ပြည်နယ်အမှတ်(၁) ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ အခု ရွေးကောက်ပွဲမှာလည်း ဒီမဲဆန္ဒနယ်မြေကနေ ထပ်မံအနိုင်ရရှိထားပါတယ်။ ဒေါ်ခင်မျိုးမြင့် က တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ နဲ့ ၆၂ ပြဌာန်းချက်ကို ဖောက် ဖျက်ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံပရဝုဏ်အတွင်း ဆူညံမှုတွေဖြစ်ပေါ်နေတာကို မျက်မြင်တွေ့ရှိခဲ့သူ အတ္ထရံကျေးရွာအုပ်စု၊ ပေါလောကျေးရွာ ဦးညာဏ်ထွန်းကတော့ အခုလို ရှင်းပြပါတယ်။

“မနက်ပိုင်းကတော့ အတ္ထရံအုပ်စုနဲ့ ကျွန်တော်နဲ့အတူတူပဲ မဲလာထည့်တယ်။ တန်းစီနေကြတာပဲ။ သူတို့ နောက်ပိုင်းမှာ မဲထည့်လို့မရဘူး။ သူ့နာမည်မပါလို့ စာရင်းမပါလို့ ပြန်သွားကြတာ တစ်ဖွဲ့တော့ တွေ့တယ်။ ၁၁ နာရီကျော်ကျော်လောက်ကျတော့ ဒေါ်ခင်မျိုးမြင့်ကားဝင်လာတော့ ကျွန်တော်တွေ့ လိုက်တယ်။ ကားအဖြူ ရောင်လေးနဲ့။ အနောက်ကတစ်စီးတော့ သူ့အဖွဲ့ကားလား။ ဘယ်သူ့ကားလဲဆိုတာ ကျွန်တော်မသိဘူး။ ပြန် သွားတဲ့တစ်ဖွဲ့က နောက်ထပ်ကားတစ်စီးနဲ့ ပြန်ဝင်လာတာတွေ့တယ်။ အဲဒီမှာ မဲထည့်ဖို့ပြောနေကြတာပေါ့။ အဲဒီမှာ ထည့်လို့မရဘူးဆိုပြီးတော့ ဒေါ်ခင်မျိုးမြင့်က သူကတော့ အသံအကျယ် ကြီးပြောနေတာပေါ့။ ဆူညံ နေတာပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း နားထောင်နေတာပေါ့”

အမှုဖွင့်တိုင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကာလ  ဥပဒေမဲ့ပြုကျင့်မှု ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေ မြင်တွေ့ခဲ့ တဲ့အသိအသက်သေတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ နိုဝင်ဘာ ၂၄ ရက်က ခေါ်ယူ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခုလိုစွပ်စွဲခံထားရတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျိုက်မရောမြို့နယ် အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်က အခုလို ပြောပါတယ်။

“စာရေးတစ်ယောက်သည် သူ့တာဝန်ကို သူမလုပ်တာကို အန်တီပြောတာ၊ အဲတော့ အန်တီ နောက်ဆုံး ဘာပြောလိုက်လဲဆိုတော့ မင်းသည် အစိုးရဝန်ထမ်းအစိုးရကို မင်းကာကွယ်ရမှာနော်၊ အခြားကို မင်းကာ ကွယ်နေတာ မင်းကို မင်းနားမလည်ဘူးလား။ ဒါကို အန်တီပြောတယ်။ နောက်တစ်ခု အဲဒီမှာ မရှိတဲ့သူတွေကို မင်းစာရင်းထဲမှာ ကြည့်ကြည့်လိုက် ပါတဲ့သူတွေ ပေးထည့်လိုက်ပြီးတော့ အန်တီသွားလိုက်တာ၊ အန်တီ မတ်တပ်ရပ်ပြီးတော့ ဒီလူကို ထည့်ပေးရမယ် ထည့်ပေးရမယ် အန်တီတိုက်လည်း မတိုက်တွန်းခဲ့ဘူး။ စည်း လည်းမစည်းရုံးခဲ့ဘူး။ အဲဒီလူတွေက အန်တီတို့ပါတီဝင်တွေလည်း မဟုတ် ဘူး။ အန်တီတို့လည်း မသိဘူး။ အန်တီပြောတာက ကျေးရွာသားတွေရဲ့ အခွင့်အရေးအတွက် အန်တီ ပြောတာ၊ အန်တီရဲ့လုပ်ရပ်က အန်တီ မှန်တယ်။ အန်တီက မဲရုံရဲ့ပရဝုဏ်မှာလည်း မစည်းရုံးဘူး။ မဲ ပေးပါလည်း အန်တီမပြောဘူး။ သူတို့ကိုလည်း အန်တီမသိဘူး။ အဲတော့ အန်တီပြောချင်တာက ကျေးရွာသားတစ်ယောက်ရဲ့အခွင့်အရေးကိုပဲ အန်တီ ပြောတာ၊ ဒါကြောင့်မို့လို့ ဒါက မဟုတ်မမှန်လုပ်ကြံတာ ပဲလို့ အန်တီမြင်တယ်”

ဒေါ်ခင်မျိုးမြင့်က မဲစာရင်းမပါတဲ့သူတွေကို မဲထည့်လို့ရအောင်လုပ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ကျိုက်မရောမြို့နယ်၊ ပေါလောကျေးရွာ ရပ်ကျေးကော်မရှင်အတွင်းရေးမှူး ဦးဝင်းချိုက RFA ကိုပြောပါတယ်။

“အတ္ထရံကလူ ၁၈ ဦး မဲမထည့်ရတဲ့ကိစ္စပဲ၊ သူတို့နာမည် မဲစာရင်းမှာမပါလို့ မဲထည့်ပိုင်ခွင့်မရှိဘူး။ အဲဒါကြောင့် အဲဒီ ၁၈ ဦးကို မဲထည့်လို့ရအောင် လုပ်ပေးပါဆိုလို့ ကျွန်တော်က ဘယ်လိုသွားလုပ်ပေးရမလဲ၊ အဲဒီလူတွေက မဲထည့်လို့မရတော့ ပေးပြန်လိုက်ရတာပေါ့။ ကိုယ်စားလှယ်ကတော့ ကိုယ့်ကိုရှူ့ တာပေါ့။ ကိုယ်စားလှယ်က ကိုယ့်ကိုယ်ရှူ့ဖို့ပဲလာတဲ့ဟာကြီးကို”

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှာ   NLD ပါတီမှ ဒေါ်ခင်မျိုးမြင့်က ဆန္ဒမဲ ၂၅၂၇၂ နဲ့ မဲအများဆုံးရရှိခဲ့ကာ မွန်ညီညွတ်ရေးပါတီ ဒေါ်ညွန့်ရီက ၉၃၃၄ မဲဖြင့် ဒုတိယအများဆုံး ရရှိခဲ့ပါတယ်။

အဲဒီနယ်မြေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဒေါ်နွယ်နီဝင်း၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက ဒေါ်ကြူကြူမွှေး၊ ကရင်ပြည်သူ့ပါတီက စောမင်းလွင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးတင်မောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒေါ်မြကြည်၊ ပြည်သူ့ပါတီမှ ဦးအောင်ကိုဝင်းသန်း တို့လည်း  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

NLD ပါတီကိုယ်စားပြုပြီး မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဦးကိုကိုဦးကိုလည်း USDP ပါတီက မဲရုံကိုစားလှယ် တစ်ဦးက မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်း၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mup-lawsuit-nld-khinmyomyint-11262020235703.html

NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့်  NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့် Reviewed by THITHTOOLWIN on 00:41 Rating: 5

No comments:

Powered by Blogger.