မောင်တောမှာ အဖမ်းခံထားရသူ ၅ ဦး သတင်းအစပျောက်နေဆဲ

မောင်တောမြို့ဆိုင်းဘုတ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပုစွန်ကန်အလုပ်သမား မွတ်စလင်အမျိုးသား ၅ ဦးကို အမည်မသိ အဖွဲ့အစည်းတခုကနေ ဖမ်းဆီးခေါ်ဆောင်တာ ခံနေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာမှာရှိတဲ့ ပုစွန်ကန်အလုပ်သမားတွေကို အမည်မသိ အဖွဲ့တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ ရက်ပြည့်ပြီးဖြစ်ပေမယ့် သတင်းမရရှိသေးကြောင်း ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က အခုလိုပြောပါတယ်။

“ဖြစ်စဉ်တွေက ၂၆ ရက်နေ့မနက် ၃ နာရီမှာ ဖမ်းခေါ်သွားတယ် ပြောတာပဲ။ ပုစွန်ကန်ထဲမှာ အဲဒီမှာအိပ်နေတာ ၉ ယောက်။ ၅ ယောက်ဖမ်းခေါ်သွားတယ်။ မွတ်စလင်အမျိုးသားတွေပေါ့နော်။ ၄ ယောက် ပြန်လွတ်လာတယ်။ ထွက်ပြေးလာတာပေါ့နော်။ အခုက ငွေတောင်းတာလည်း မရှိသေးဘူးနော်။ ဘာသတင်းမှ မရသေးဘူး။ ဒေသခံတယောက်ပါတယ်။ ကျန်တဲ့သူတွေက မောင်တောက အလုပ်သမားတွေပါ။ သူတို့က တုတ်တွေနဲ့ လာရိုက်တယ်လို့ ပြောတာပဲ။ တယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။ နောက် ၃ ယောက်က ထွက်ပြေးလာတယ်။ သူတို့ သေနတ်တွေတော့မပါဘူး၊ အဲဒီလိုပြောတာပဲ။”

ဥဒေါင်းကျေးရွာက ဦးတင်မောင် ပုစွန်ကန်မှာ နေထိုင်ကြတဲ့ အလုပ်သမား ၉ ဦး အဖမ်းခံရပြီး အဲဒီအထဲက ၄ ဦး ထွက်ပြေးလွတ်မြောက်လာပြီးတော့ ၅ ဦး အဖမ်းခံနေရတာပါ။

ဥဒေါင်းကျေးရွာ ပုစွန်ကန်ပိုင်ရှင် ဦးတင်မောင်ကတော့ ပုစွန်ကန်လုပ်သား ၅ ဦးကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ နယ်စပ်ပျံကျ ဓားပြအဖွဲ့လို့ ယူဆကြောင်း ပြောပါတယ်။

“ပျံကျဓားပြအဖွဲ့ထင်တယ်။ အဲဒီကောင်တွေက ဘင်္ဂလားမှာလည်း နေလို့မရဘူး။ ဒီမှာ ဗမာကမ့်ပ်မှာလည်း နေလို့မရဘူး။ အဲဒီမှာ တောင်တန်းတနေရာမှာ နေနေတာနဲ့ တူပါတယ်။ တောင်ခြေရင်းလေးမှာ နေရာတခုမှာ အဲဒီလို လိုတာလေး ဆွဲစေ့သွားမယ်။ ငွေတောင်းခံမယ်။ ပြန်လွှတ်လိမ့်မယ် အဲဒီလိုမျိုးတွေ။”

ဖမ်းဆီးသွားတဲ့ အဖွဲ့တွေဟာ တုတ်ချွန်တွေသာ ကိုင်ဆောင်ထားပြီး အလုပ်သမားတွေရဲ့ အဝတ်အစား၊ ဆိုလာပြား၊ လျှပ်စစ်ကြိုးတွေကိုလည်း ယူဆောင်သွားတယ်လို့ ပုစွန်ကန်ပိုင်ရှင် ဦးတင်မောင်က ဆိုပါတယ်။

ဖမ်းဆီးခံရမှု ဖြစ်စဉ်အတွက် အလယ်သံကျော်ကျေးရွာ ရဲစခန်းကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

အလယ်သံကျော်ကျေးရွာ ရဲစခန်း စခန်းမှူးကတော့ ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

“နောက်ဆုံးအခြေအနေက ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ရှိတယ်လေ သတင်းက။ အမှုရဲ့အတွင်း ဟိုဥစ္စာ ပြောလို့မရသေးဘူးလေ။”

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဥဒေါင်းကျေးရွာ ပုစွန်ကန်လုပ်သား မွတ်စလင်အမျိုးသားတဦးကို ဒေသတွင်း ဓားပြအဖွဲ့က ဖမ်းဆီးသွားတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

မြန်မာအစိုးရကနေ အုပ်ချုပ်ရေး လက်လှမ်းမမီတဲ့ မောင်တောနယ်စပ်ဒေသမှာ ARSA အဖွဲ့တွေအပြင် ဒေသတွင်း ဓားပြအုပ်စုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသမှာ တပ်မတော်ယာဉ်တန်း အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ မကြာခန တိုက်ခိုက်ခံရလေ့ရှိသလို မြန်မာစစ်တပ်ကတော့ ARSA အဖွဲ့လက်ချက်လို့ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။


နိုင်ကွန်းအိန်/VOA (Burmese)

https://burmese.voanews.com/a/rakhine-maung-daw/5679809.html

မောင်တောမှာ အဖမ်းခံထားရသူ ၅ ဦး သတင်းအစပျောက်နေဆဲ မောင်တောမှာ အဖမ်းခံထားရသူ ၅ ဦး သတင်းအစပျောက်နေဆဲ Reviewed by THITHTOOLWIN on 09:47 Rating: 5

No comments:

Powered by Blogger.