ရခိုင်မှာတိုက်ပွဲရပ်နေလို့ စစ်ဘေးဒုက္ခသည် သောင်းချီနေရပ်ပြန်

 

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အပါအဝင် တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး နေရပ်ကိုပြန် နေကြပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးသောင်း နီးပါးဟာ ခုရက်ပိုင်းအတွင်းတိုက်ပွဲမဖြစ်ဘဲ ဒေသအေးချမ်းနေတဲ့အတွက် နေရပ်ကိုပြန်သွားကြပြီးလို့ ကူညီဆောင်ရွက် ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။

စပါးရိတ်သိမ်းချိန်လည်းဖြစ်သလို တိုက်ပွဲတွေလည်းမရှိတဲ့အတွက် အိမ်ပြန်ရတာဖြစ်တယ်လို့ ရသေ့တောင် မြို့နယ် ကြက်ရိုးဆစ် စစ်ဘေးဒုက္ခသည်စခန်းမှာခိုလုံခဲ့တဲ့ ကံပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောပါတယ်။

“ကျွန်တော်တို့ အခုအိမ်ပြန်ရတာက စစ်ဘေးဒုက္ခသည်စခန်းမှာထဲမှာ လယ်သမားတွေပါတယ်။ ဒါကြောင့် စပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် အိမ်ပြန်ရတာဖြစ်တယ်။ အခုကျွန်တော်ဘက်မှာတော့ အပစ်အခတ်တွေ လည်း မရှိဘူး။ လက်လုပ်လက်စားတွေလည်း စပါးသိမ်းတယ်။ ပြီးတော့ ငါးဖမ်းတယ် စတာတွေ အလုပ်လုပ်နေကြတာတွေရှိပါတယ်။ ကျွန်တော်တို့ရွာက ကမ်းရိုးတန်းဖြစ်တဲ့အတွက် အပစ်အခတ်တွေရှိရင် ကျွန်တော်တို့ရွာမှာ နေလို့မရဘူး။ ကျွန်တော်တို့ကတော့ နောက်ထပ်တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေ ပါတယ်။ တိုက်ပွဲမဖြစ်မှာကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်”

ပြီးခဲ့တဲ့အပတ်အတွင်း ဒုက္ခသည် ၁၅၀၀လောက် နေရပ်ကိုပြန်သွားကြတာဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးသန်းထွန်းဝင်းက RFA ကို ပြောပါတယ်။

“အခုက နယ်မြေအေးချမ်းတယ်ပေါ့လေ။ နယ်မြေအေးချမ်းတဲ့အချိန်မှာ သူတို့မှာလည်း လယ်သမားတွေ ပါတယ်။ ရေလုပ်သားတွေပါတယ်။ ဒါကြောင့် အဓိကက နယ်မြေအေးချမ်းလို့ သူတို့ပြန်သွားတယ်လို့ပဲ ထင်တယ်။ လူဦးရေက ၁၅၀၀ လောက်ရှိတယ်။ တစ်ရွာလုံးက ကံပြင်ပဲ။ အိမ်ထောင်စု တစ်ဆယ်၊ နှစ်ဆယ်လောက်ပဲ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့အထဲမှာလည်း မသန်စွမ်းတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ အဲဒါကြောင့် သူတို့ကမပြန်ရဲဘူး”

ဒေသတည်ငြိမ်အေးချမ်းလာလို့ ရသေ့တောင်မြို့ပေါ်က စစ်ဘေးဒုက္ခသည်တချို့လည်း နေရပ်ကိုပြန်သွားကြ ပေမယ့် ရွာအနီးမှာ တပ်မတော်စစ်ကြောင်းတွေရှိနေတဲ့ ကျေးရွာတွေက စစ်ဘေးဒုက္ခသည် တော်တော် များများကတော့ မပြန်နိုင်ဘူးဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်မိုးချေ က ပြောပါတယ်။

“မြန်မာတပ်မတော်နဲ့ ဝေးတဲ့ရွာတွေကဆိုရင် ပြန်သွားကြတယ်။ ကျေးရွာအနီးမှာ မြန်မာတပ်မတော် ရှိတဲ့ရွာတွေက လူတွေဆိုလို့ရှိရင် မသွားကြဘူး။ အခုပြန်သွားတယ်ဆိုတာကလည်း ကလေးသူငယ်တွေ၊ မိန်းမတွေတော့ မသွားပါဘူး။ ယောကျာ်းတွေ၊ လူလတ်ပိုင်းတွေ၊ မိန်းမဆိုရင်လည်း ပြေးလို့သွား လို့ရောက်တဲ့ အဲဒီလိုမိန်းမတွေဆိုလို့ရှိရင် ရွာကိုပြန်ကြတယ်။ သွားလို့မရောက်ဘူး။ ပြေးလို့မရောက်ဘူး အဲဒီလိုလူတွေ ဆိုရင် မသွားဘူး။ ထီးစွဲကျေးရွာမှာက မြန်မာတပ်မတော်ရှိတယ်။ မြန်မာတပ်မတော်ရှိတော့ အဲဒီထီးစွဲနဲ့ နီးကပ်တဲ့ မညှင်းတောင်တို့၊ ထီးစွဲတို့၊ ကျောက်တန်းတို့ အောင်သာစည် တို့ဆိုရင် လုံးဝပြန်ခွင့်မရဘူး။ အဲဒီရွာတွေက သူတွေဆိုလို့ရှိရင် တပ်မတော်စစ်ကြောင်းရှိတဲ့အတွက် ဘယ်လိုမှပြန်ခွင့်မရဘူး”

ကျောက်ဖြူမြို့က ဘုန်းကြီးကျောင်း ၈ ကျောင်းမှာခိုလုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်လည်း အကုန်လုံးပြန်သွားကြပြီလို့ ကျောက်ဖြူမြို့မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“ပြန်သွားကြတာက ၁၆ ရက်နေ့ကတည်းက ပြန်သွားကြပါတယ်ခင်ဗျ။ အဲဒီနေ့ကပဲ ဘုန်းကြီးကျောင်း ၈ ကျောင်းမှာထားတာနဲ့ဆိုရင် ၁၀၀၀ ကျော်လောက်ရှိပါတယ်ခင်ဗျ။ သူတို့ကအကုန်လုံး ၁၆ ရက်နေ့ကပဲ ပြန်သွားကြပါပြီ။ နောက်ပြီးတော့ မြို့ပေါ်က ဆွေမျိုးတွေအိမ်မှာ နေတဲ့သူတွေလည်း ပြန်သွားကြပါပြီ။ အဲဒီမှာ စစ်ကြောင်းတွေက မရှိတော့ဘူး။ တပ်စွဲထားတာတွေက မရှိတော့ဘူး။ ဒါကြောင့်ပြန်သွားကြတာပါ”

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်(၂)သိန်းကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး RECက စာရင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အခုတလော နယ်မြေတည်အေးချမ်းနေတာ၊ စပါးရိတ်သိမ်းချိန် ဖြစ်နေတာတွေကြောင့် နေရပ်ကိုပြန်သွားကြတဲ့ ဒုက္ခသည်တွေ သုံးသောင်းကျော်ရှိပြီလို့ (REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ပြန်နေတဲ့နေရာမှာတော့ နှစ်မျိုးရှိတာပေါ့နော်။ လုံးဝအပြီး ပြန်တဲ့သူတွေလည်းရှိတဲ့အပြင် တချို့ကတော့ စပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လယ်ယာလုပ်ငန်းအတွက် ပြန်သွားကြတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။ အကြမ်းဖျဉ်းခန့်မှန်းကြည့်တာကတော့ အပြီးပြန်တဲ့သူတွေက လူဦးရေ သုံးထောင်လောက်ရှိပြီးတော့မှ ယာယီစပါးရိတ်သိမ်းဖို့ ပြန်တဲ့သူတွေကကျတော့ သုံးသောင်းခွဲလောက် ရှိနေပါတယ် ခင်ဗျ။ အဓိကကတော့ အပြီးပြန်တဲ့သူတွေက ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်းဘက်မှာ တချို့ရှိတယ်ပေါ့နော်။ ယာယီပြန်တဲ့သူတွေကကျတော့ ရသေ့တောင်ရှိမယ်၊ မြောက်ဦးရှိမယ်။ နောက်ပြီးတော့ ပုဏ္ဏားကျွန်းတို့ ကျောက်တော်တို့ တော်တော်များများ မြို့နယ်တွေမှာတော့ အဲဒီလို လယ်ယာလုပ်ဖို့ ပြန်နေကြတာတွေရှိပါတယ်”

နေရပ်ပြန်သွားသူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့ပတ်သက်လို့ လက်နက်ကိုင်နှစ်ဖွဲ့အပြင် အစိုးရကလည်း စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဦးဇော်ဇော်ထွန်းက ဆိုပါတယ်။

နေရပ်ပြန်သူတွေရဲ့လုံခြုံရေး၊ ကျန်နေတဲ့စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစိုးရဲ့ လုပ်ဆောင်နေမှု နဲ့ပတ်သက်လို့ သိနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ REC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်တွေရပ်တန့်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော်(AA) က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း ကြိုဆိုကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က အပြန်အလှန်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမဖြစ်ဘဲ ဒေသတည်ငြိမ် အေးချမ်းနေတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/rakhine-refugees-return-11232020042400.html

ရခိုင်မှာတိုက်ပွဲရပ်နေလို့ စစ်ဘေးဒုက္ခသည် သောင်းချီနေရပ်ပြန်  ရခိုင်မှာတိုက်ပွဲရပ်နေလို့ စစ်ဘေးဒုက္ခသည် သောင်းချီနေရပ်ပြန် Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.