ဒေါ်လာ၂သန်းနီးပါးတန်တယ်ဆိုတဲ့ အင်ဒိုနီးရှားက ဥက္ကာပျံ

ဂျိုဆွာ ဟူတာဂါလွန်ဟာ နဲ့သူရဲ့ ဥက္ကာပျံ

အင်ဒိုနီးရှား ရွာတစ်ရွာက အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ကို ဥက္ကာခဲတစ်ခုကျပြီး အဲ့ဒီဥက္ကာခဲက ဒေါ်လာသန်း နဲ့ချီတန်နေလို့ သူ့ဘဝပြောင်းသွားပြီဆိုတဲ့ သတင်းက ကမ္ဘာတလွှားမှာ ထိပ်တန်း သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြီးတော့ ဒီဥက္ကာခဲရဲ့တန်ကြေးက ဒေါ်လာ ၁.၈သန်းတန်တယ်လို့ ခန့်မှန်းချက်တွေထွက်လာပြီးနောက် တွေ့တဲ့သူ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ပြီဆိုတာလည်း ပြောကြပါတယ်။ပြီးတော့ ဒါကို ဝယ်ဖို့လုပ်တဲ့ အမေရိကန်တွေကတောင် စျေးအချောင်နှိုက်ဝယ်တယ်လို့ ငြင်းခုံနေကြပါတယ်။

ဒါပေမဲ့ တကယ်ဆန်းစစ်ကြည့်လိုက်တော့ အဲ့ဒီအချက်တွေအားလုံးက တစ်ခုမှအမှန် မဟုတ်သလို ဒီဥက္ကာခဲရဲ့ တန်ဖိုးက ဒေါ်လာ သန်းချီမတန်တာကြောင့် အဲ့ဒီစျေး ပေးဝယ်မယ့်သူလည်းမရှိကြပါဘူး။

ဒါဆိုရင် ဒီဥက္ကာပျံခဲ ဇာတ်လမ်းကဘယ်လိုစခဲ့တာလဲ။

ကျောက်တုံးတစ်တုံး အိမ်ပေါ်ကိုကျလာ

တကယ် ဘယ်လိုဖြစ်ခဲ့လဲဆိုတာ နောက်ကြောင်းပြန်လိုက်ကြည့်ရင် ဒဏ္ဍာရီပုံပြင် ဟုတ်တာ မဟုတ်တာထက်ပိုပြီး ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ်။

ဂျိုဆွာ ဟူတာဂါလွန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမက်တြားဒေသမှာ နေထိုင်နေတဲ့ ခေါင်းတလားလုပ်ငန်း လုပ်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ပါ။

သြဂုတ်လ အစောပိုင်း တစ်ရက် ကောင်းကင်ပေါ်က အသံတစ်သံ ကြားလိုက်ရပြီး စက္ကန့်ပိုင်းအကြာမှာ သူ့အိမ်ခေါင်မိုးကို အသံကျယ်ကျယ်နဲ့ တစ်ခုခု လာမှန်တယ်ဆိုတာ သိလိုက်ပါတယ်။

ပထမပိုင်းတော့ အဲ့ဒါဘာလဲဆိုတာ သွားကြည့်ဖို့ကိုတောင် ဂျိုဆွာ လန့်နေပါသေးတယ်။ နောက်တော့ သူ့အိမ်ခေါင်မိုးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ကျလာတဲ့ပစ္စည်းက မြေကြီးထဲကို ၅ လက်မလောက် စိုက်ဝင်ပြီး မြုပ်နေတာကို တွေ့လိုက်ရပါတယ်။

နောက်တော့ မြေကြီးထဲမြုပ်နေတဲ့ အလေးချိန် နှစ် ကီလိုလောက် ၊ပိသာချိန်အနေနဲ့ တစ်ပိသာနဲ့ အစိတ်သားလောက် ရှိတဲ့ ထူးဆန်းတဲ့ အစိုင်တစ်ခု မြေကြီးထဲကနေ သူဖော်ယူခဲ့ပါတယ်။

"အဲ့ဒါကို ကျွန်တော် မ ကြည့်လိုက်တော့ ခပ်နွေးနွေလေး ဖြစ်နေသေးတယ်"လို့ ဘီဘီစီ အင်ဒိုနီးရှားဌာနကို သူကပြောခဲ့ပါတယ်။

"ဒီပစ္စည်းက ကောင်းကင်က ကျလာတဲ့ ဥက္ကာခဲပဲဖြစ်မယ်။ ဒီလောက်ကြီးတဲ့ ကျောက်တုံးကို ဘယ်သူကမှ ကျွန်တော့် ခေါင်မိုးပေါ်ကို လာပစ်မတင်လောက်ဘူး "လို့တွေးမိတဲ့အကြောင်း သူက ထပ်ပြောပါတယ်။

ဥက္ကာခဲတွေဟာ နှစ်ပေါင်းဘီလီယံများစွာ သက်တမ်းရှိကြပါတယ်။

နောက်တော့ သူ့အိမ်ခေါင်မိုးပေါ်ကျလာတဲ့ ဥက္ကာခဲပုံတွေကို ဂျိုဆွာက ဖေ့စ်ဘုတ် ပေါ်တင်လိုက်ပြီး အဲ့ဒီသတင်းက ကမ္ဘာကို စပြန့်သွားပါတယ်။ သူ့သတင်းက သူ့ရွာကနေ ဆူမက်တြားကိုရောက် ၊ ပြီးတော့ အင်ဒိုနီးရှားကနေ ကမ္ဘာကို ပျံ့နှံ သွားတာပါ။

ဥက္ကာခဲတွေက သက်တမ်းရင့် ကျောက်တွေဖြစ်ပြီး အာကာသထဲကနေတစ်ဆင့် ကမ္ဘာမြေပေါ်ကို ကျလာတာဖြစ်ပါတယ်။

ဒါကြောင့် ဒါကိုလေ့လာဖို့ သိပ္ပံဆိုင်ရာ စိတ်ဝင်စားမှုတစ်ခု ဖြစ်နေတာကလည်း မထူးဆန်းလှပါဘူး။

ဒီဥက္ကာခဲတွေ ဘယ်ကလာတယ်၊ဘာတွေနဲ့ ဖွဲ့စည်းထားတယ်၊ ပြီးတော့ စကြာဝဠာကြီး အကြောင်းကို သူတို့ကနေတစ်ဆင့် ဘာတွေလေ့လာနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကလည်း အများကြီး ရှိနေပါတယ်။

ပြီးတော့ ရှားပါးပစ္စည်း စုဆောင်းသိမ်းဆည်းသူတွေကလည်း ဥက္ကာခဲကို စိတ်ဝင်စားကြပါတယ်။ ဥက္ကာခဲတွေရဲ့ သက်တမ်းက နှစ် သန်းလေးထောင်ကျော်ရှိပြီး ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးထက်တောင် သက်တမ်းရင့်တဲ့အတွက် သိမ်းဆည်းထားဖို့ လူတွေ စိတ်ဝင်စားကြတာလည်း ဖြစ်ပါတယ်။

နောက်တော့ ဂျိုဆွာရဲ့ ကျောက်တုံးကို ဝယ်ဖို့ စိတ်ဝင်စားတဲ့သူတွေ ပေါ်လာပါတယ်။ အဲ့ဒီသူ တွေကတော့ ပစ္စည်းဝယ်ယူ စုဆောင်းတဲ့ အမေရိကန်ကပါ။ ဒါပေမဲ့ အချိန်ကလည်း ဒီနှစ်သြဂုတ်လအတွင်းဖြစ်နေလို့ ကိုဗစ်ကာလနဲ့ကြုံနေရပြီး ခရီးသွားတာတွေ ပိတ်ထားတာကြောင့် အင်ဒိုနီးရှားကို လေယာဥ်နဲ့လာဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဒါကို ဝယ်ဖို့စိတ်ဝင်စားနေတဲ့ အမေရိကန်ကလူတွေက ဥက္ကာခဲဝါသနာရှင် အင်ဒိုနီးရှား မှာနေထိုင်တဲ့ အမေရိကန်နိုင်ငံသား ဂျားကောလင်းက တစ်ဆင့် ဆက်သွယ်မှုတွေ လုပ်ကြပါတယ်။

ဂျားကောလင်း ဂျိုဆွာနဲ့တွေ့ဖို့ ဆူမက်တြားကို ရောက်အောင်လာပြီး ဥက္ကာခဲ အခြေနေကို စစ်ဆေး စမ်းသပ်တာတွေလုပ်ပါတယ်။ သေချာအောင် ဥက္ကာခဲကို ရေနဲ့ ထိတွေ့ စစ်ဆေးတာတွေလုပ်ပါတယ်။

"ကျွန်တော့်တို့ နေစကြာဝဠာမှာ အစောပိုင်းကတည်းကဖြစ်တည်နေတဲ့ အစစ်အမှန် ရုပ်ဝတ္တုပစ္စည်း တစ်ခုကို ကိုင်ကြည့်ခွင့်ရတာ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်"လို့ ဂျားကောလင်းက ဘီဘီစီကို ပြောခဲ့ပါ‌တယ်။

အလေးချိန်တစ်ပိသာကျော်ရှိတဲ့ ဥက္ကာခဲ

"အဲ့ဒါကိုတွေ့တော့ အတွင်းက အနက်ရောင်ထင်းထင်းဖြစ်နေတာရယ် အညို‌ရောင်ဖျော့ဖျောနဲ့ ခပ်ပါးပါးအလွှာတစ်ခုက အုပ်နေတာကို ရုတ်တရက်သတိထားမိလိုက်ပြီး ကမ္ဘာ့လေထုကိုဖြတ်လာတဲ့အတွက် အပေါက်တွေ အများကြီး ဖြစ်နေတဲ့ မျက်နှာပြင်ကိုလည်း တွေ့ရပါတယ်။ ပြီးတော့ စကားလုံးနဲ့ ရှင်းမပြနိုင်တဲ့ ထူးခြားတဲ့ အနံ့တစ်ခု လည်းရတယ်"လို့ သူကဆိုပါတယ်။

နောက်တော့ ဂျားကောလင်း ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဂျိုဆွာဆီက ဥက္ကာခဲကို ဝယ်ဖို့ အမေရိကန်တွေ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်စျေးနဲ့ အရောင်းအဝယ်ဖြစ် သွားလဲဆိုတာကို နှစ်ဖက်လုံးက ထုတ်မပြောကြပေမဲ့ နှစ်ဖက်ကျေနပ်တဲ့စျေးလို့ ပြောကြပါတယ်။ အစပိုင်း သတင်းမီဒီယာတွေမှာ ပါလာတဲ့ စျေးနဲ့ နီးစပ်တဲ့ စျေးရလား ဆိုတာလည်း သေချာမသိကြပါဘူး။

ရွှေအိုးကြီးဖြစ်လာနိုင်တဲ့ အလားအလာ

ဒါဆို ဒေါ်လာ ၁.၈သန်းတန်တယ်ဆိုတာက ဘယ်က ဘယ်လို စဖြစ်လာတာလဲ၊ရောင်းချင်တဲ့သူရဲ့ လိုချင်တဲ့စျေးနှုန်း လောဘ မျှော်လင့်ချက်နဲ့ ပညာရှင်မဟုတ်တဲ့ အပျော်တမ်း တွက်ချက်သူတွေက‌နေ အရင်းခံပြီး ဖြစ်လာတာလို့ ပြောရမှာပါ။

နှစ်ကီလိုဂရမ် လောက်ရှိတဲ့ ဥက္ကာခဲ အကြီးတုံးတစ်ခုအပြင် အဲ့ဒီထက်ပိုသေးတဲ့ ဥက္ကာခဲတွေကိုလည်း ဂျိုဆွာရဲ့ အိမ်နားမှာတွေ့ခဲ့ပါတယ်။ တစ်ချို့ကိုတော့ ရောင်းလိုက်ပြီးတော့ အဲ့ဒီထဲက နှစ်ခုကို အမေရိကန်က အီးဘေဝက်ဆိုက်မှာ စျေးတင်ထားတာ တွေ့ရပါတယ်။


Ebay screenshot

သူ တင်ထားတဲ့စျေးနှုန်းက ၀.၃ဂရမ်ကို ၂၈၅‌ဒေါ်လာ၊ ၃၃.၆၈ဂရမ်ကို ဒေါ်လာ ၂၉၁၂၀ပါ။ တွက်ကြည့် လိုက်ရင် တစ်ဂရမ်ကို ၈၅၀ဒေါ်လာစျေးပါ။ ဒါကြောင့် အဲ့ဒီစျေးနဲ့ဆိုရင် ဥက္ကာခဲ အကြီးစျေးက ဒေါ်လာ ၁.၈သန်းတောင် ဖြစ်သွားတာပါ။

"ကျွန်တော် အဲ့ဒါကိုဖတ်ကြည်ပြီးတော့ ရယ်လိုက်ရတာ "လို့ အရီဇိုနာတက္ကသိုလ် ကမ္ဘာမြေနဲ့ အာကာသ စူးစမ်းလေ့လာရေးကျောင်းရဲ့ သုတေသနပါမောက္ခ လောရင့်ဂါဗီက ဘီဘီစီ ကိုပြောပါတယ်။ သူဟာ ဒီနယ်ပယ်မှာ အရေးပါတဲ့ သူတစ်ယောက်ဖြစ်ပြီး ဆူမက်တြားက ဥက္ကာခဲကို ကောင်းကောင်းလေ့လာနိုင်တဲ့အပြင် တရားဝင် လေ့လာမှု လုပ်လို့ရတဲ့နေရာလည်း သူ့မှာ ရှိပါတယ်။

"ဒီလိုဇာတ်လမ်းမျိုးတွေ အရင်ကလည်း ကြားရတာများလှပါပြီဗျာ ။ တစ်ယောက်ယောက်က ဥက္ကာခဲကိုရှာတွေ့ရင် အီးဘေပေါ် တက်ကြည့်မယ်။ပြီးရင် သန်းနဲ့ချီတန်တယ်လို့ တွက်ကြမယ်။ ဘာလို့လဲဆိုတော့ အပိုင်းအစအသေးလေးတွေ ကိုတောင် စျေးကြီးကြီးနဲ့ရောင်းနေတာကို သူတို့ တွေ့‌နေရတာ လေ "

ထူးခြားတဲ့ ရွံ့စေးတုံး

ဒါပေမဲ့ အဲ့ဒီကိစ္စက အဲ့ဒါနဲ့တင် မဟုတ်သေးပါဘူး။ဒါကို လူတွေလိုချင်ကြတဲ့ အကြောင်းတွေလည်းရှိပါတယ်။

"ကမ္ဘာ့ဂြိုဟ်အသက် ထက်တောင်ကြီးတဲ့ အာကာသကလာတဲ့ ပစ္စည်းကို လူတွေက ပိုင်ချင်ကြတယ်။ ဒါကြောင့် အပိုင်းအစသေးလေးတစ်ခုကို ‌ဒေါ်လာထောင်နဲ့ချီ ၊ရာနဲ့ချီပေး ဝယ်ချင်ဝယ်ကြမှာပေါ့ဗျာ ။ ဒါပေမဲ့ အတုံးကြီးတစ်တုံးကိုတော့ ဘယ်သူမှဒေါ်လာ သန်းနဲ့ချီပေးပီး ဝယ်ကြမှာ မဟုတ်ဘူး" လို့ ပါမော့က္ခ ဂါဗီက ထပ်ရှင်းပြပါတယ်။

တကယ်တော့ ဥက္ကာခဲက ကြီးလာတာနဲ့ အမျှ စျေးနှုန်း ကျသွားတဲ့သဘောပါ။

ဥက္ကာပျံ တွေကို ကန္တာရတွေထဲမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်

အီးဘေမှာတင်ရောင်းနေတဲ့ ဥက္ကာခဲလေးတွေအတွက်တောင် တင်ထားတဲ့စျေး တောင်းတဲ့စျေးနဲ့ ဝယ်မယ့်သူ ရှိပါ့မလားလို့လည်း ဂါဗီက သံသယရှိနေပါတယ်။

ဒါကြောင့် ဆူမက်တြားက ဥက္ကာခဲရဲ့ အမှန်တကယ်ရောင်းစျေး ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒီဥက္ကာခဲမှာ ရွံ့‌စေးပမာဏက ၇၀ရာခိုင်းနှုန်းကနေ ရှစ်ဆယ်လောက်ပါတော့ ရွံ့စေးခဲကြီးတစ်ခုလို့တောင် ပြောနိုင်တယ်လို့ ပါမောက္ခ ဂါဗီကပြောပါတယ်။

"ဥက္ကာခဲကို သံဓာတ်၊အောက်စီဂျင်၊ မဂ္ဂနီဆီယမ်၊အလူမီနီယမ်နဲ့ ကယ်လစီယမ်တွေနဲ့ ပေါင်းစပ်ထားတာဆိုတော့ ကျွန်တော်သာ ရက်ရောတတ်တဲ့လူဆိုရင် တစ်ဒေါ်လာ၊ နှစ်ဒေါ်လာလောက် တန်တယ်လို့ပြောပေးမှာပေါ့ဗျာ။ "

ဒီ ဥက္ကာခဲ ကမ္ဘာ့လေထဲကိုဝင် ရောက်လာတဲ့ အချိန်တုန်းက တစ်မီတာလောက်ရှည်နိုင်ပီး ၊ အရှိန်ကြောင့်လမ်းမှာ ကျိုးပဲ့ပြီး အဲ့ဒီထဲကတစ်ခုက ဂျိုဆွာရဲ့ အိမ်ပေါ်ကို ကျလာတာဖြစ်နိုင်တယ်လို့ သူက တွေးထားပါတယ်။

သေချာတာတစ်ခုကတော့ သိပ္ပံစူးစမ်းလေ့လာမှုတွေ အတွက် ဥက္ကာခဲတွေရှာဖွေတွေ့ရှိမှုက အရေးပါပါတယ်။

ဆူမက်တြားမှာတွေ့ရတဲ့ ဥက္ကာခဲက နေစကြာဝဠာအစောပိုင်းကာလမှာ ဖြစ်တည်ခဲ့တဲ့ အစိုင်အခဲတစ်ခုပါ။ အဲ့ဒီကနေ တစ်ဆင့် ကမ္ဘာမြေကြီး ဖြစ်တည်လာပုံတွေကိုလည်း ဆက်စပ် လေ့လာလို့ရနိုင်တယ်လို့ စင်ကာပူ ကမ္ဘာဂြိုဟ် စောင့်ကြည့်လေ့လာရေးဌာနက ဂျေဆင်စကော့ဟာရင်က ပြောပါတယ်။

ဥက္ကာပျံခဲတွေမှာ ဇီဝဓာတ်ပေါင်းတွေ ပါဝင်နေသလို ကမ္ဘာ့အစောပိုင်းကာလကတည်းက ကမ္ဘာ မြေပေါ်ကို ကျလာနေတာလည်းဖြစ်လို့ ဥက္ကာခဲတွေက အစဦးကာလရဲ့ အခြေခံ အုတ်ချပ်တွေလည်း ဖြစ်ပါတယ်။ ဘယ်ဥက္ကာခဲ အမျိုးအစားမှာမဆို ကမ္ဘာမြေမှာ မရှိတဲ့ အမီနို အက်စစ် တွေအများဆုံးပါတဲ့ အတွက် ကမ္ဘာ့ အစောပိုင်းကာလက အခြေအနေ တွေကိုလည်း လေ့လာလို့ ရနိုင်ပါတယ်လို့ သူကပြောပါတယ်။

သူဆိုလိုတဲ့ အဓိတ်ပါယ်က ဂျိုဆွာတွေ့ခဲ့တဲ့ ဥက္ကာခဲတွေလိုမျိုးကနေ ကမ္ဘာမြေရဲ့ အစပိုင်း အခြေနေကို သိပ္ပံပညာရှင်တွေလေ့လာနိုင်ပါတယ်။

ဒါကြောင့် သိပ္ပံလေ့လာမှုတွေမှာ သုံးဖို့ ဥက္ကာခဲတွေကို ဒေါ်လာသန်းချီ ပေးဝယ်မယ်လို့ ပြောလို့မရပေမဲ့ ဥက္ကာခဲနဲ့ပတ်သက်တဲ့ ဒီလိုဇာတ်လမ်းမျိုး လူတွေကြားထဲဖြစ်ခဲ့တာ အမှန်ပါ။


BBC Burmese

https://www.bbc.com/burmese/world-55050798

ဒေါ်လာ၂သန်းနီးပါးတန်တယ်ဆိုတဲ့ အင်ဒိုနီးရှားက ဥက္ကာပျံ  ဒေါ်လာ၂သန်းနီးပါးတန်တယ်ဆိုတဲ့  အင်ဒိုနီးရှားက ဥက္ကာပျံ Reviewed by THITHTOOLWIN on 09:46 Rating: 5

No comments:

Powered by Blogger.