ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု

ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သစ် အဖြစ် လက်ရှိ ဧရာဝတီတိုင်းတရားသူကြီး ဖြစ်တဲ့ ဦးမျိုးညွန့်ကို ခန့်အပ်ဖို့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ  အတည်ပြုလိုက်ပါတယ်။

လက်ရှိဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းက အသက် ၆၅ နှစ်ပြည့်သွားပြီဖြစ်လို့ တရားသူကြီးချုပ် လစ်လပ်နေရာအတွက် ခန့်ထားဖို့ လွှတ်တော်ရဲ့ သဘောထားကို ရယူခဲ့တာပါ။

နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ သဘောတူတဲ့သူကို တရားသူကြီးချုပ် ခန့်အပ်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ရယူတာလို့ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

“လစ်လပ်သွားတဲ့ အသက်ပြည့်သွားတဲ့ နေရာကို အစားထိုးဖို့ ကျတော့ နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ကနေ သူတို့ကနေ တိုင်ပင်ပြီးတော့ သဘောတူတဲ့ တစ်ယောက် ထွက်ပေါ်လာတာပါ”

လက်ရှိတရားသူကြီးဖြစ်တဲ့ ဦးသန်းထွန်းက ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကနေ စတင်ကာ တိုင်းတရားသူကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကုန်ခါနီးမှာ အသက် ၆၅ နှစ်ပြည့်သွားခဲ့တာပါ။

အသစ်ခန့်အပ်ဖို့ တိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့ ဦးမျိုးညွန့်ကတော့  ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး အဖြစ် ၂၀၁၁ ခုနှစ် မတ်လကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။  ဦးမျိုးညွန့်ကို ၁၉၅၇ ခုနှစ် မှာ မွေးဖွားခဲ့သူ ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ အသက် ၆၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ တရားရုံးတွေရဲ့ တစ်ပါးထိုင်စနစ် ကို ထောက်ပြတဲ့ အဆို တစ်ရပ်ကို ဧရာဝတီတိုင်းလွှတ်တော်မှာ တင်သွင်းကာ အဆိုအောင်မြင်ဖူးတဲ့ မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးကတော့ တရားသူကြီးချုပ်အသစ်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။

“ပြည်သူတွေ ပြစ်မှုကြောင်းနဲ့ သွားရင် တွေ့နေရတဲ့ အခက်အခဲတွေ၊ တရားရုံးကျတော့ ပြစ်မှုရော၊ တရားမရော သွားလို့ရှိရင် တွေ့ကြုံနေရတဲ့ အခက်အခဲတွေပေါ့ နော်။ အဲ့ဒါတွေရယ်။ ဝန်ထမ်းတွေရဲ့ Mind set တွေက အစပေါ့နော်။ အကုန်လုံးကို သင်တန်းလိုမျိုးတွေပေးမယ်။ ပြည်သူအတွက် ဘယ်လိုရပ်တည်ပေးသင့်တယ် ဆိုတာမျိုးတွေကို ကိုယ်တိုင်ပေါ့နော် ၊ လုပ်ပြနိုင်တဲ့ တရားသူကြီးချုပ်မျိုး အဖြစ်တော့ အစ်မတို့ မျှော်လင့်ပါတယ်”

ဦးမျိုးညွန့်နေရာမှာ လစ်လပ်သွားတဲ့ တိုင်းတရားသူကြီး နေရာကို အသက် ၅၈ နှစ် အရွယ် လက်ရှိ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဖြစ်တဲ့ ဒေါ်မိုးမိုးအေးကို ခန့်အပ်ဖို့ကိုလည်း တိုင်းဒေသကြီး လွှတ်တော်က သဘောတူခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) မှာ တရားသူကြီးချုပ် နဲ့ တရားသူကြီး နေရာတွေကို အစားထိုး  ခန့်အပ်ဖို့ သဘောတူလိုက်တဲ့အတွက် နိုင်ငံတော်သမ္မတရုံးက ခန့်အပ်အတည်ပြုမိန့် ထွက်လာရင် ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Irrawaddy-Division-Parliament-approves-new-chief-of-Justice-11262020162209.html

ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု  ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.