ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံ


တစ်ကမ္ဘာလုံးမှာ ကိုရိုနာ ကူးစက်ခံရသူပေါင်း ၆၂ သန်းကျော်သွားပါပြီ။ ကာကွယ်ဆေးတွေလည်း ပေါ်ပေါက်နေပြီဖြစ်လို့ ထိုးနှံရေးတွေ စတင်နေပါပြီ။ 

ကမ္ဘာတဝှမ်း ကိုရိုနာ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း အခုထိ ၆၂ သန်းကျော်၊ သေဆုံးသူ တစ်သန်း လေးသိန်းခွဲကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၄၃ သန်းနီးပါးရှိပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာမှာ ကူးစက်ခံရသူ ရှစ်သောင်းခွဲကျော်၊  သေဆုံးသူ အခုထိ ၁၈၄၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၆ သောင်းခွဲ နီးပါး ရှိပါတယ်။ 

ကမ္ဘာ့နိုင်ငံပေါင်း ၂၂၀ အနက် အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ ပြင်သစ်တို့က ကူးစက်မှု စာရင်းရဲ့ ထိပ်မှာရှိနေဆဲဖြစ်ပါတယ်။ မြန်မာကလည်း အရင်က အဆင့် ၁၀၀ ကျော်မှာရှိခဲ့ရာက၊ အခု ကူးစက်မှု အဆင့် ၆၈ အထိ မြင့်တက်လာခဲ့ပါတယ်။

အာဆီယံ နိုင်ငံအများစုမှာ နယ်စပ်တွေကို ပိတ်ထားတာအပါအဝင် ကိုရိုနာပြဿနာကို ထိန်းချုပ်နိုင်ခဲ့ကြပေမယ့်၊ မြန်မာနိုင်ငံမှာ ကူးစက်မှုကို အားစိုက်ခုခံနေရဆဲဖြစ်ပါတယ်။ ကမ္ဘာ့ကိုရိုနာ ကူးစက်မှု နိုင်ငံများ စာရင်းမှာ မြန်မာက အဆင့် ၇၀ မှာရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုရိုနာ ကူးစက်ခံလူနာကို ဒီနှစ် မတ်လ ၂၆ ရက်နေ့က စတင်တွေ့ရှိခဲ့တာပါ။

တာဝန်ရှိသူတွေကလည်း လူတွေ အိမ်ပြင်မထွက်ဖို့၊ ကူးစက်ခံ လက္ခဏာရှိသူတွေ သီးသန့်နေဖို့၊ နှာခေါင်းစည်း တပ်ကြဖို့၊ ကျန်းမာအောင်နေကြဖို့နဲ့  စမ်းသပ်စစ်ဆေးမှုတွေခံယူကြဖို့ စတဲ့ကာကွယ်ရေး အစီအမံတွေနဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြဆဲပါ။

ပြည်ပမှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အတော်များများရှိနေဆဲဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ ပြည်ပရောက် နိုင်ငံသား ၂၈၉ ဦးကို မြန်မာ့လေကြောင်းနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတွင်း ကိုရိုနာ ကိုဗစ် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ရနိုင်သမျှ ဘယ်ဆေးကိုမဆို လက်ခံအသုံးပြုမှာဖြစ်ကြောင်း၊ ရွေးချယ်စရာ များများစားစားမရှိကြောင်း၊ ကျန်းမာရေး ဝန်‌ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။ အထူးသဖြင့် အပူချိန် အနှုတ် ၇၀ ဒီဂရီမှာ ထားရှိဖို့လိုတဲ့ ကာကွယ်ဆေးတွေကို ဝေးလံတဲ့ဒေသတွေအတွက် သိုလှောင်ရေး၊ ဖြန့်ချိရေး၊ ထိုးနှံရေးတွေ ဆောင်ရွက်ဖို့ အခက်အခဲရှိကြောင်း၊ အနှုတ် ၂၀ ဒီဂရီလောက်ဆိုရင် သိပ်အခက်အခဲမရှိပေမယ့် အနှုတ် ၂ ကနေ ၈ ဒီဂရီလောက်ဆိုရင် အကောင်းဆုံးဖြစ်ကြောင်းလည်း ပြောပါတယ်။ ကာကွယ်ဆေးရတာနဲ့ နိုင်ငံ့လူဦးရေ ၃ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၁.၆ သန်းကို ဦးဆုံး ပထမ ထိုးနှံပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီအတွက် ဝမ်းမြောက်ဖွယ်သတင်းကတော့ အောက်စ်ဖို့ တက္ကသိုလ်ကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို သာမန်ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားနိုင်ကြောင်း တက္ကသိုလ် ပါမောက္ခတွေက ပြောဆိုလိုက်တာပါပဲ။ ဒါ့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အသုံးပြုနိုင်အောင် ဈေးလည်းချိုမယ်၊ ထိုးဆေးတစ်လုံး မြန်မာငွေ ငါးထောင်ကျပ်လောက်ရှိမယ်လို့ သိရပါတယ်။ ပထမတစ်လုံးထိုးပြီးရင် (၇၀) ရာနှုန်း ကာကွယ်နိုင်ပြီး၊  ဒုတိယတစ်လုံးထိုးပြီးရင် ကိုးဆယ်ရာနှုန်းအထိ ကာကွယ်နိုင်မယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဆက်လက် စိစစ်စရာတွေ ရှိနေပါသေးတယ်လို့ ဆိုပါတယ်။

ဈေးသက်သာပြီး ထိရောက်မှုရှိလို့ ကမ္ဘာ့နိုင်ငံတွေ အားထားရမယ့်ဆေးလို့ သတ်မှတ်ထားတဲ့ AstraZeneca ကာကွယ်ဆေးရဲ့ အာနိသင်ထိရောက်မှုကို တွက်ချက်ရာမှာ အမှားအယွင်းရှိခဲ့လို့ အချက်အလက်တွေ ပြန်လည်စိစစ်နေပါတယ်။ အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးဌာန FDA ရဲ့ အတည်ပြုချက်ရရှိဖို့ စစ်ဆေးခဲ့ရာက အမှန်တကယ် ထိရောက်မှုနှုန်းဟာ  ၆၀% လောက်သာ ရှိမယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဥရောပမှာ ကိုရိုနာကြောင့် သေဆုံးသူ လေးသိန်းလောက်ရှိနေပါပြီ။  ပြင်သစ်မှာ အားလပ်ရက် ရာသီဖြစ်လို့ ဈေးဆိုင်တွေမှာ လူတွေ တန်းစီနေကြပါတယ်။ ပိုလန်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လာနေသလို၊ ဘယ်လ်ဂျီယံမှာလည်း ဒီဇင်ဘာတစ်ရက်နေ့စပြီး ဈေးဆိုင်တွေပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ဂျာမဏီ၊ နယ်သာလန်နဲ့ လူဇင်ဘတ်တို့မှာလည်း အလားတူဖြစ်ပါတယ်။ အိုင်ယာလန် ကတော့ ကန့်သတ်မှုတွေကို တဆင့်ချင်းလျှော့သွားမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှဒေသမှာလည်း ကိုရိုနာ ကူးစက်မှုက အရှိန်မလျော့သေးပါဘူး။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကိုရိုနာကိုဗစ် ဗိုင်းရပ်စ်ရှိနေတဲ့ အမျိုးသမီးတစ်ယောက် တွေ့ရှိခဲ့လို့ သူနဲ့ ထိတွေ့မိခဲ့သူ ၃၂၆ ဦး သီးသန့်ထားစောင့်ကြည့်ခံနေရပါတယ်။ အဲဒီထဲက ၁၀၅ ဦးမှာ ပိုးကူးစက်မှုတွေ့ရကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

တောင်ကိုရီးယားမှာ မနေ့က ကူးစက်ခံရသူ အသစ် ၅၀၄ ဦး တွေ့ရှိခဲ့ပါတယ်။ အခုထိ ကူးစက်ခံရသူ စုစုပေါင်း သုံးသောင်း သုံးထောင်ကျော်ရှိပြီး၊ ၅၂၂ ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယမှာ ပြီးခဲ့တဲ့ တစ်ရက်အတွင်း ကူးစက်ခံရသူအသစ် ၄ သိန်းကျော်ရှိခဲ့ပါတယ်။


ဦးသစ်ဆင်း

RFA Burmese

https://www.facebook.com/rfaburmese

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံ Reviewed by THITHTOOLWIN on 10:00 Rating: 5

No comments:

Powered by Blogger.