ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူ မယူ အလားအလာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၁၈)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လာမယ့်နှစ်မှာ အနားယူမယူအပေါ် သောကြာနေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲထဲ မေးခဲ့ရာမှာ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအတိုင်း ဖြစ်မှာပါလို့ ဆိုလိုက်တာက ဘယ်လိုအဓိပ္ပာယ်ထွက်ပြီး အရေးပါတာကို သုတေသီတဦးနဲ့ တပ်မတော်အရာရှိ ဝန်ကြီးဟောင်းတဦးကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဒီဥပဒေအတိုင်း ဆိုရာမှာ ဘယ်အမိန့်ဥပဒေကို ရည်ညွှန်းမှန်း မရှင်းဘူးလို့ အခုလို ရှင်းပြပါတယ်။

“အသက် ၆၅ နှစ်ပြည့်ရင် အနားယူမယ်ဆိုတဲ့ဟာကို ရည်ညွှန်းပြီးတော့ ကိုးကားပြီး ပြောနေကြတာမို့၊ သို့သော်ငြားလည်း ဥပဒေလို့ပြောရင် တပ်မတော်အရာရှိက လိုအပ်တယ်ဆိုရင် သက်တမ်းတိုးပြီးတော့ တာဝန်ထမ်းဆောင်လို့ရတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦရဲထွဋ်ကလည်း ဒီသက်တမ်းအပေါ် အမိန့်ဥပဒေ နှစ်ခုရှိတာကို တခုစီ အခုလိုရှင်းပြပါတယ်။

“ပထမတခုကတော့ နောက်ဆုံးအတည်ပြုထားတဲ့ ကကနကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကောင်စီ အမိန့်က ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်က ထုတ်ထားတဲ့ ကကနကောင်စီ အမိန့်တခု ရှိသေးတယ်။ အဲဒီအမိန့်ကတော့ စစ်မှုထမ်း လိုအပ်လို့ရှိရင် တနှစ်စီ တနှစ်စီ သက်တမ်းတိုးလို့ရတယ်ဆိုတဲ့ အမိန့်လည်းရှိတယ်။ အဲတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ဆုံးအချိန်အထိ အဲဒီ ကကနကောင်စီ အမိန့်အရ နှစ်စဉ် သက်တမ်းတိုးသွားတာပေါ့။”

အဲတော့ ဒီအမိန့်ဥပဒေကြောင်းအရ အနားယူချင်လည်းရတယ်၊ မယူချင်လည်းရတယ် ဆိုတဲ့သဘောမျိုးလားလို့ မေးရာမှာ ဦးရဲထွဋ်က “အဲဒီနှစ်ခုလုံး ကြိုက်တာ သူလုပ်လို့ရတဲ့ သဘောမှာရှိပါတယ်။” လို့ ပြောပါတယ်။

အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နားမနားကိစ္စကို စဉ်းစားရာမှာ ဘယ်လိုအဓိကအချက်တွေပေါ် မူတည်နိုင်ပါလဲလို့ မေးရာမှာ ကိုရဲမျိုးဟိန်းက အခုလို ရှင်းပြပါတယ်။

“၅ နှစ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး အခြေအနေကိုလည်း ကြည့်မယ်။ နောက် နိုင်ငံတကာဖိအားတွေ ရှိတဲ့အချိန်မှာ သူ့ရဲ့ အနေအထားက ဘယ်လိုကျန်ခဲ့မလဲ ဆိုတဲ့ဟာရယ်၊ ICC တို့ ICJ တို့ကလည်း ဖိအားတွေအနေနဲ့ ရှိနေသေးတယ်ပေါ့။”

ဒါပေမယ့် ဦးရဲထွဋ်ကတော့ ပြည်ပဖိအားထက် ပြည်တွင်းစိုးရိမ်မှုကပဲ အဓိကကျနိုင်တယ်လို့ သုံးသပ်ပြပါတယ်။

“ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ နောက် တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍကို ဘယ်လို ဆက်အကောင်အထည်ဖော်မလဲ ဆိုတဲ့ အချက်တွေကပဲ အဓိက ဆုံးဖြတ်သွားလိမ့်မယ်။ အဓိကပြောရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ခွဲထွက်ရေး၊ ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်သွားမယ့် ကိစ္စတွေ မဖြစ်ဖို့ပေါ့။”

အဲဒီတော့ အခုအခြေအနေမှာ ဒီ စိုးရိမ်ရတဲ့ အနေအထား ရှိပါသလားလို့ မေးရာမှာတော့ ဦးရဲထွဋ်က …

“NLD ပါတီက အရင် ၂၀၁၅ ထက်တောင်မှ ပိုပြီးတော့ အများစုရထားတဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ နိုင်ငံရေးအာဏာကို ပိုပြီးတော့ အသုံးချလာမယ်၊ တိုင်းရင်းသားတွေဘက်ကလည်း နိုင်ငံရေး နယ်ပယ်ထဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ချဲ့ထွင်ဖို့ ကြိုးစားရာမှာ အခုရွေးကောက်ပွဲမှာ မအောင်မြင်တဲ့သဘော ဖြစ်သွားတဲ့အခါမှာ တချို့ စိတ်အားထက်သန်မှု လွန်ကဲနေတဲ့ လူငယ်တွေက လက်နက်ကိုင်ဘက်တွေကို ပိုပြီးတော့ အားသန်သွားနိုင်တယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း နိုင်ငံရေးဘောင်ကို ချဲ့လို့ ရပါ့မလားဆိုတဲ့စိတ်တွေ ဝင်လာနိုင်တာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာ သွားပြီး အကျိုးသက်ရောက်တာပေါ့။ အဲဒီနှစ်ခုကို ကိုင်တွယ် ထိန်းသိမ်းဖို့က အခုမှစပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ယူတဲ့လူက လုပ်နိုင်စွမ်းရှိမလား ဆိုတာတော့ တပ်မတော်ဘက်က စဉ်းစားနေတဲ့ အချက်လို့ပဲ ကျနော်ထင်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီလိုအခြေအနေမှာ တပ်မတော်ဘက်ကရော အစိုးရဘက်ကပါ ရှေ့ရေးစိုးရိမ်မှုတွေ လျှော့ချနိုင်ပြီး ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲလို့ ဆက်မေးရာမှာ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဟန့်တားနေတဲ့ ပုဒ်မ ၅၉(စ) အပေါ် တပ်မတော်က ဘယ်လိုသဘောထားမလဲနဲ့ တပ်ဘက်က နိုင်ငံရေးဦးဆောင်မှုကို အာမခံမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံထဲက အခြေခံမူ ပုဒ်မ ၆ နဲ့ လွှတ်တော်ထဲ မဲ ၇၅ ရာခိုင်နှုန်းကျော်မှ ဖွဲ့စည်းပုံပြင်နိုင်တဲ့ ပုဒ်မ ၄၃၆ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က ဘယ်လိုသဘောထားမလဲအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

အဲဒီတော့ ဒီအပေါ် နှစ်ဖက် ဘယ်လိုညှိနှိုင်း ဖြေရှင်းသင့်ပါသလဲလို့ မေးရာမှာ ဦးရဲထွဋ်ကပဲ …

“တဖက်က ၅၉(စ) နဲ့ပတ်သက်ပြီး လိုက်လျောမယ်ဆိုရင် တဖက်ကလည်း ကျန်တဲ့ ခုန တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အာမခံနိုင်တဲ့ အချက်နှစ်ချက်ကို နောက် ဘယ်နှစ်နှစ်အတွင်းထိ ထားမလဲ ဆိုတာမျိုးနဲ့ပဲ ပွင့်ပွင့်လင်းလင်း စကားပြောကြမှ ရမယ့်အခြေအနေမျိုး ရှိပါတယ်။” လို့ ြပောပါတယ်။

တကယ်တော့ အခုလို တပ်ထိပ်ပိုင်းနဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ရွေးကောက်ပွဲအပြီး အမြန်ဆုံးတွေ့ဖို့ အရေးကြီးနေတာကို နိုင်ငံတကာဘက်က တိုက်တွန်းနေချိန်မှာ ဒီ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကိစ္စ ပြောဆိုမှုတွေ ဖြစ်လာတာပါ။


ကိုဝင်းမင်း/VOA (Burmese)

https://burmese.voanews.com/a/senior-general-min-aung-hlaing-retirement/5680419.html

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူ မယူ အလားအလာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူ မယူ အလားအလာ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.