မြေအောက်ခန်းတစ်ခုထဲမှာ ရှိတဲ့အိမ်ဟာ ယေရှုခရစ်ရဲ့အိမ် ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆို

အိမ်ရဲ့ တံခါးဝဟာ သဘာဝဂူတစ်ခုရဲ့ ကျောက်ဆောင်နဲ့ ထုလုပ်ထား

အစ္စရေးနိုင်ငံ နာဇရက်မြို့မှာ တူးဖော်တွေ့ခဲ့တဲ့ အိမ်တစ်အိမ်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ ယေရှုခရစ် ငယ်စဉ်က နေခဲ့ဖူးတဲ့အိမ် ဖြစ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ထားတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။

ယူကေနိုင်ငံ Reading ရက်ဒင်း တက္ကသိုလ်က ပါမောက္ခ ကန် ဒါ့ခ် ဟာ ခေတ်သစ် ခရစ်ယာန် မယ်သီလရင် ကွန်ဗင့်ကျောင်းတစ်ကျောင်းရဲ့ အောက်မှာ ၁ ရာစုကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကို ၁၄ နှစ်ကြာ လေ့လာခဲ့တာပါ။

အဲဒီနေရာဟာ ယေရှုနဲ့ သူ့ဖခင် ယောသပ်၊ မိခင် မာရိတို့ နေခဲ့တဲ့ အိမ်ရဲ့ အကြွင်းအကျန် ဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်တွေ ၁၉ ရာစုနှစ်ပိုင်းလောက်က ပထမဆုံး ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၃၀ ခုနှစ်မှာတော့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ဒီပြောဆိုချက်တွေက ဖြစ်နိုင်စရာ မရှိလောက်ဘူးဆိုပြီး ပယ်ချခဲ့ကြပါတယ်။

အဲဒီအချိန်ကစလို့ အဲဒီနေရာကို အတော်များများက မေ့ထားခဲ့ကြပြီး ၂၀၀၆ ခုနှစ်ကမှ ပါမောက္ခ ဒါ့ခ် က ဒီနေရာမှာ တူးဖော်လေ့လာမှုတွေ ပြန်လုပ်ဖို့ စီမံကိန်း စခဲ့ပါတယ်။

"ယေရှုရဲ့ အိမ်ကို ရှာဖို့ နာဇရက်မြို့ကို သွားခဲ့တာ မဟုတ်ပါဘူး။ တစ်ကယ်က ဘီဇန်တိုင်း အရှေ့ရောမ အင်ပါယာခေတ် ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုရာနေရာတစ်ခုအဖြစ် အဲဒီမြို့ရဲ့ သမိုင်းကြောင်းကို လေ့လာဖို့ သွားခဲ့တာပါ။ အခုဒီလို ဖြစ်လာတော့ ကျွန်တော့်လောက် အံ့သြမယ့်သူ ရှိမှာ မဟုတ်တော့ပါဘူး"

အနီးစပ်ဆုံး ဖော်ထုတ်နိုင်ခဲ့

အဲဒီရှေးဟောင်းအိမ်ကို ဘီဇန်တိုင်း အရှေ့ရောမအင်ပါယာ ကာလက ဘုရားကျောင်းတစ်ခုရဲ့ အောက်မှာ တွေ့ခဲ့ပြီး အဲဒီဘုရားကျောင်းဟာ Sisters of Nazareth Convent ဆိုတဲ့ ခရစ်ယာန် မယ်သီလရင်ကျောင်းရဲ့ အောက်မှာ ရှိခဲ့တာပါ။

"အထောက်အထားမှတ်တမ်းတွေအရ ဘီဇန်တိုင်း အရှေ့ရောမအင်ပါယာ ကာလတုန်းက ဒီဘုရားကျောင်းကို ယေရှုရဲ့ အိမ်နေရာပေါ်မှာ ဆောက်ခဲ့ပြီး ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ယေရှုရဲ့ အိမ်ကို ငုံပြီးဆောက်ထားတယ် ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်"လို့ ပါမောက္ခ ဒါ့ခ်က ရှင်းပြပါတယ်။

"ဒီဘုရားကျောင်းကြီးဟာ ယေရှုခရစ် ကြီးပြင်းခဲ့တဲ့ ဘဝအသက်တာအကြောင်း မှတ်တမ်းတင်ဖို့ ရည်စူး ဆောက်ခဲ့တဲ့ Church of the Nutrition ဆိုတဲ့ ဘုရားကျောင်းကြီး ဆိုတာ သေချာသလောက်ဖြစ်ပြီး ဒီအကြောင်းကို ၇ ရာစု ဝတ်ပြုရာကျမ်းတစ်ခုထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်"

သူ့ရဲ့ လေ့လာခဲ့ချက်တွေအရ ဒီအိမ်ဟာ ၁ ရာစုခေတ်လောက်က ဆောက်ခဲ့တဲ့ အိမ်ဖြစ်တယ်လို့ သိခဲ့ရပြီး ဒီအိမ်အဆောက်အအုံကို ကျောက်တောင်နံရံမှာ ထွင်းထု ဆောက်ခဲ့တယ်ဆိုတာကို ဖော်ထုတ် သိခဲ့ရတယ်လို့ ပါမောက္ခ ဒါ့ခ်က ပြောပြပါတယ်။

ဒီအိမ်ကို ဆောက်ခဲ့သူဟာ ကျောက်ထုပညာ အံ့မခန်း ကျွမ်းကျင်သူ ဖြစ်တယ်လို့ ပါမောက္ခ ဒါ့ခ်က ပြောပါတယ်။ ဒီလိုလက်ရာမျိုးဟာ ရှေးဟောင်းအခေါ် တက်ခ်တန် လို့ ခေါ်တဲ့ လက်မှုပညာသည် တစ်ဦးရဲ့ လက်ရာ ဖြစ်ပြီး သမ္မာကျမ်းစာထဲမှာလည်း ယေရှုရဲ့ဖခင် ယောသပ် ဟာ ကျွမ်းကျင် လက်သမားတစ်ဦး ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီအိမ်နေရာဟာ ယေရှုရဲ့အိမ် ဆိုတာကို ဒီအချက်အလက်တွေအားလုံးက တထစ်ချ သက်သေမပြနိုင်ဘူး ဆိုရင်တောင် ဒါဟာ ဒီလို သက်သေပြနိုင်ဖို့ အနီးစပ်ဆုံး တွေ့ရှိမှု ဖြစ်တယ်လို့ ပါမောက္ခ ဒါ့ခ်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55079750

မြေအောက်ခန်းတစ်ခုထဲမှာ ရှိတဲ့အိမ်ဟာ ယေရှုခရစ်ရဲ့အိမ် ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆို မြေအောက်ခန်းတစ်ခုထဲမှာ ရှိတဲ့အိမ်ဟာ ယေရှုခရစ်ရဲ့အိမ် ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆို Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.