ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ

အခုရက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်နေလို့ စစ်ရှောင်တွေ နေရပ်ပြန်နေကြ

ရခိုင်ပြည်နယ်မှာ နေရပ်ပြန် စစ်ဘေးရှောင်တွေကို ကူညီဖို့ အခက်အခဲရှိနေသူတွေ၊ အိုးအိမ် မီးရှို့ခံရတာတွေကို စာရင်းကောက်ယူရေး ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

အခုသီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ လျော့နည်းလာလို့ နေရပ်ပြန်နေကြပြီဖြစ်တဲ့ စစ်ရှောင်တွေ နေရပ်ပြန် ခရီးအတွက် ကား၊ မော်တော်ဘုတ်တွေလည်း စီစဥ်ပေးမယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်က မီးရှို့ခံရတဲ့ တင်းမရွာမှာလည်း အိမ်အလုံး ၄၀ ကို စတင် တည်ဆောက်ဖို့ လေလံ ပေးလိုက်ပြီလို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ဒါ့အပြင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ကနေ စတင်ပြီး ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ အတွင်းမှာ စစ်ပွဲမရှိသလောက်နည်းပါးလာနေပြီး အခုရက်ပိုင်းအတွင်းမှာဆိုရင် လုံးဝရပ်တန့်နေတာကိုလည်း တွေ့နေရပါတယ်။

အစိုးရသစ်ဆီက ဘာတွေမျှော်လင့်နေလဲ

တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ အိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိခဲ့

စစ်ရှောင်တွေဟာ ထွက်ပြေးလာရင်း မိသားစုတွေ တကွဲတပြားဖြစ်သွားခဲ့ရပြီး ဒေသအခြေအနေတွေကြောင့် သွားလာလို့မရသလို အတူသွားရောက်နေထိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေကြပါတယ်။

ဒေသခံတွေက ရွေးကောက်ပွဲအပြီး အသစ်ဖွဲ့မယ့် အစိုးရဆီက အကူအညီတွေကို မျှော်လင့်နေကြပါတယ်။

"လာမယ့်အစိုးရသစ်ဖွဲ့စည်းတဲ့အခါ ကျွန်တော်တို့ ဆန္ဒကတော့ မိသားစုနဲ့အရင်ကနည်းတူ အေးအေးဆေးဆေး မိမိကျေးရွာ မှာ နေထိုင်လို့ရမှာကိုပဲ ကျွန်တော်တို့ အဓိကမျှော်လင့်ပါတယ်။

ပြီးတော့ ဆူပူသောင်းကျန်းမှုကို ကျွန်တော်တို့ မလိုချင်ပါ။ အဖွဲ့အစည်းအသစ်တက်လာလို့ရှိရင် မိမိအိမ်မှာ မိသားစုတွေ တစ်စုတစ်ရုံးတည်းနေလို့ရဖို့ကိုပဲ လုပ်ပေးစေချင်ပါတယ်"လို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဦးမောင်သန်းတင်က ပြောပါတယ်။

ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာတွေအနီးဝန်းကျင်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေမီးရှို့ခံလိုက်ရပြီး ပျက်စီးသွားခဲ့တဲ့ ကျေးရွာပေါင်း တော်တော်များများရှိနေပါတယ်။

ရသေ့တောင်မြို့နယ်က စစ်တွေမြို့ပေါ်မှာလာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် ဒေါ်မသာစိန်ကလည်း မိမိရဲ့ ချက်မြှုပ်မြေမှာပဲနေချင်သလို အစိုးရသစ်ကိုလည်း ယုံကြည်အားကိုးရတဲ့ ကိုယ်မင်းကိုယ်ချင်း ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

လတ်တလောမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမတ်နေရာ အများဆုံးအနိုင်ရရှိထားတဲ့ NLD ပါတီကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်လို့ ပူးပေါင်းပါဝင်ကြဖို့ တိုင်းရင်းသားဒေသတွေက အနိုင်ရရှိခဲ့တဲ့ပါတီတွေကို ကမ်းလှမ်းတဲ့စာတွေပေးပို့ခဲ့ပါတယ်။

NLD အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်တုန်းက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးအလွန်တရာ အားနည်းခဲ့တဲ့အခြေအနေရှိခဲ့ပြီး အခုသဘောထားပြောင်းလာတဲ့ အဲ့ဒီကမ်းလှမ်းစာပေါ်မှာ လက်ခံကြိုဆိုကြောင်း ရခိုင်မျိုးသားပါတီ ANP က ပြောပါတယ်။

"NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်တုန်းက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးက အလွန်တရာအားနည်းခဲ့တဲ့ အခြေအနေရှိတယ်။ ရွေးကောက်ပွဲအတိုင်ခင်တုန်းကလဲ ပါတီဒုတိယဥက္ကဌက မဟာမိတ်ဆိုတာ မလိုဘူး။ ပြီးရင် ညွန့်ပေါင်း အစိုးရဖွဲ့စည်းရေး NLD အနေနဲ့ အဲ့လိုသဘောထားမရှိဘူးလို့ ပြောထားခဲ့တာ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန်မှာတော့ NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်တုန်းကလို မဟုတ်ဘဲနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ် တယ်လို့ ယူဆတဲ့အတွက်ကြောင့် သဘောထားတစ်စုံတစ်ရာအပြောင်းအလဲရှိတဲ့အတွက် တိုင်ရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အသိပေးတဲ့စာလို့ယူဆပါတယ်"လို့ ဦးသာထွန်းလှက ပြောပါတယ်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကလည်း တစ်ဖွဲ့ထုတ်ပြန်ချက်တွေကို တစ်ဖွဲ့က ထောက်ခံပြီးထုတ်ပြန်ချက်တွေ အပြန်အလှန် ထုတ်ပြန်နေကြပြီး အခုလို တစ်ဖက်နဲ့တစ်ဖက် လက်ခံပြောဆိုလာတာဟာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို ဦးတည်လာတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

အစိုးရသစ်အနေနဲ့ လက်ရှိအခြေအနေထက် ပိုပြီးတော့ ကောင်းမွန်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့အခြေအနေတစ်ရပ်ကို လုပ်ပေးလိမ့်မယ်လို့မျှော်လင့်နေကြသလို လုပ်ပေးသင့်တယ်လို့မြင်ကြောင်း စစ်ဘေးရှောင် ဦးမောင်သန်းတင်က ပြောဆိုပါတယ်။

ရခိုင်ဒေသခံတွေအပြင် ချင်းပြည်နယ် ပလက်ဝက စစ်ရှောင်တချို့လည်း ရခိုင်မှာ ရောက်ရှိနေ

နေရပ်စွန့်ခွာမှု အများဆုံးနေရာတွေ

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ နှစ်နှစ်ခွဲနီးပါးအကြာ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာမှုအများဆုံးမြို့နယ်တွေကတော့ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ဒေသခံတွေဖြစ်ပြီး တိုက်ပွဲတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းခွဲနီးပါးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ စစ်ရှောင်တွေထဲမှာ စစ်တွေနဲ့ ကျောက်တော်မြို့တွေကို ရောက်ရှိခိုလှုံနေကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ဘေးရှောင်မိသားစုတွေလည်း ပါဝင်ကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ မြို့နယ် ၈ မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ အစိုးရတို့က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပေမယ့် ရိက္ခာပြတ်လပ်မှုတွေဖြစ်ပွားနေသလို ထောက်ပံ့မှုတွေမရရှိတဲ့ ဒုက္ခသည်စခန်းတွေလည်း ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55104143

ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ  ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.