မြေပုံမြို့နယ်တွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ လမ်းလုပ်သမားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်


နိရဥၥရာ၊ နိုဝင္ဘာ ၁၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လမ်းဘေး၌ ကျနေသည့် မပေါက်ကွဲသေးသည့် စစ်ကျန်ဒလက်ပါ အာရ်ပီဂျီ အမျိုးအစား ဗုံးသီးတစ်လုံးကို လမ်းလုပ်သား တစ်ဦးမှ ကိုင်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ယနေ့ နေ့လယ် ၃ နာရီခန့်က လမ်းလုပ်သမား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မြေပုံမြို့နယ်၊ လီသွန်ကျေးရွာမှ မောင်သန်းအောင် (၂ဝ) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ ဦးမြင့်သန်း (၃ဝ) နှစ်နှင့် သူ့သား ဦးမြင့်စိုး (၁၄) နှစ်တို့ဖြစ်ကြောင်း လီသွန်ကျေးရွာမှ ဦးတိုးစိန်အောင်က ပြောသည်။

“သူတို့က လမ်းလုပ်နေကြတာ လီသွန်နဲ့ စညင်းဘက်ကိုသွားတဲ့ ကားလမ်းမှာ။ နားချိန်မှာ အပင်ရိပ်တွေဘာတွေကို အရိပ်ခိုဖို့၊ ထိုင်ဖို့ လုပ်နေတုန်း အဲဒီ ဗုံးသီးကိုရတာ။ အဲဒီမှာ ကိုင်ကြည့်တယ်ပေါ့။ အဲဒီမှာ ပေါက်ကွဲသွားတာ။ အဲဒီလက်နက်က မြေထဲမြုပ်နေတာ မဟုတ်ဘူး။ လမ်းဘေးမှာ ကျနေတာပေါ့။ ဗုံးသီးအရှည်က ၁ ပေရှိတယ်။ လုံးပတ်က လက်သီးဆုပ်လောက် ကြီးတယ်။ အဲဒီလက်နက်ရဲ့ အနောက်မှ ပန်ကာလေးတွေလို ပါပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လမ်း၏ မြောက်ဘက် ၇ ဖာလုံခန့်အကွာရှိ တောင်ပေါ်တွင် တပ်မတော်စခန်းတစ်ခုတည်ရှိကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းစခန်းမှ တပ်မတော်သားအချို့ ယင်းနေရာသို့ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ သေဆုံးသူ၏ အလောင်းအား မိသားစုဝင်များထံ ပေးမယူသေးကြောင်း ယနေ့ ညနေ ၄ နာရီခန့်က ဦးတိုးစိန်အောင်က ပြောသည်။

“လမ်းလုပ်တဲ့ ကုမ္ပဏီက ဦးညွန့်ဝင်းဆိုတဲ့သူဆီမှာ ပန်းရံလုပ်နေကြတာ။ တစ်ယောက်သေတယ်။ ဒဏ်ရာ ရသွားတဲ့ သားဖ နှစ်ယောက်မှာ ခြေထောက်တွေ၊ တင်သားတွေမှာ ဒဏ်ရာရသွားပါတယ်။ သားဖြစ်သူက ဒဏ်ရာပိုပြင်းပါတယ်။ သူတို့ နှစ်ယောက်ကို အမ်းဘက်နဲ့ပိုနီးတဲ့အတွက် အမ်းဆေးရုံကို ယူသွားကြပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

လီသွန်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဦးမောင်သိန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ ၎င်းမှာ ခရီးလွန်နေသောကြောင့် ဒဏ်ရာရလူနှင့် သေဆုံးသူများ၏ စာရင်းအား အတိကျ မသိသေးကြောင်း ပြောသည်။

အဆိုပါ လီသွန်ကျေးရွာနှင့် စညင်းကျေးရွာသို့ သွားသည့် ကားလမ်း၌ ဖြစ်သည်ဟု ကျေးရွာသားများ ပြောသည်။

စညင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွား၍ ယင်းလမ်းအား လုပ်နေသည့် ပန်းရံလုပ်သမား အချို့မှာ သေဆုံးကာ အချို့မှာ ဒဏ်ရာရရှိသည်ဟု ၎င်းအနေဖြင့် သတင်းရကြောင်း ပြောသည်။


ဆောင်းဇာခြည်

Narinjara

https://www.facebook.com/narinjara.info

မြေပုံမြို့နယ်တွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ လမ်းလုပ်သမားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန် မြေပုံမြို့နယ်တွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ လမ်းလုပ်သမားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 03:02 Rating: 5

No comments:

Powered by Blogger.