အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ

လုပ်ကြံတိုက်ခိုက်မှု ဖြစ်တဲ့နေရာ

အီရန်နိုင်ငံရဲ့ ထိပ်တန်းအကျဆုံး နျူကလီးယား သိပ္ပံညာရှင် မိုဆန် ဖာခရီဇာဒက် မြို့တော် တဟီရန် အနီးမှာ လုပ်ကြံခံရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဒါမာဗန်းခရိုင်မှာ တိုက်ခိုက်ခံရပြီးနောက် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်သူတွေက သူ့ကို မပစ်ခင် သူ့ကားကို ဗုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန် သတင်းအေဂျင်စီတွေက ပြောပါတယ်။

အကြမ်းဖက်သမားတွေနဲ့ သူ့ရဲ့ အစောင့်အရှောက်တွေ အပြန်အလှန် တိုက်ခိုက်မှုအတွင်း မစ္စတာ ဖာခရီဇာဒက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ ဆေးရုံကို အမြန်ပို့ခဲ့ရပြီးနောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လုပ်ကြံတိုက်ခိုက်မှု ဖြစ်တဲ့နေရာ

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သုတေသနနဲ့ တီထွင်ဖန်တီးမှု ဌာန အကြီးအကဲရဲ့ ကားကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အီရန် လျှို့ဝှက် နျူလက်နက် အစီအစဥ်ရဲ့ အဓိက ကြိုးကိုင်သူလို့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေက ယူဆထားကြတာပါ။

သူ့ကို "အီရန်ဗုံး ကနဦးတီထွင်သူကြီး"လို့ သံတမန်တွေက ပြောကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

အီရန်က သန့်စင်ပြီး ယူရေနီယမ်တွေ တိုးထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်ထွက်လာချိန်မှာပဲ ဒီလုပ်ကြံမှု သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယားသန့်စင် စက်ရုံ Natanz

သန့်စင်ပြီး ယူရေနီယမ်ဟာ အရပ်ဘက်သုံး စွမ်းအင်ထုတ်လုပ်ရေးရော စစ်သုံး နျူကလီးယား လက်နက် တွေအတွက်ပါ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

အီရန်ကတော့ သူတို့ရဲ့ နျူအစီအစဥ်က အကြမ်းမဖက်တဲ့ လုပ်ငန်းတွေအတွက် သီးသန့် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ နဲ့ ၂၀၁၂ ကြားမှာ အီရန် နျူသိပ္ပံပညာရှင် လေးယောက် လုပ်ကြံခံခဲ့ရပြီး ဒါတွေမှာ အစ္စရေးနိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမန် နက်တန်ယာဟု ၂၀၁၈ မေလမှာ ရှင်းလင်းပြောကြားတဲ့ အီရန် နျူအစီအစဥ်အကြောင်းမှာ ဖာခရီဇာဒက်ရဲ့နာမည်ကို သေချာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီလုပ်ကြံ သတ်ဖြတ်ခံရမှု သတင်းနဲ့ ပတ်သက်ပြီး အစ္စရေးဘက်က မှတ်ချက် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။

အီရန်ရဲ့ နျူကလီးယားသန့်စင် စက်ရုံ Natanz နေရာ


BBC Burmese

https://www.bbc.com/burmese/world-55104144

အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.