ကိုဗစ်ကူးတဲ့ မဲရုံလုပ်သား ပညာရေးဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မယ်

ရန်ကုန်မြို့ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူခဲ့တဲ့ ပညာရေးဝန်ထမ်းတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေကို ကျန်းမာရေးစရိတ်အဖြစ် ကူညီထောက်ပံ့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ယူရင်း လူအများနဲ့ ထိတွေ့ဆက်ဆံခဲ့ကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေကြား ကိုဗစ်ရောဂါ ကူးစက်မှုတွေ ကြုံခဲ့ရတာကြောင့် အကူအညီပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ပေးနေတာပါ။ ရောဂါကူးစက်ခံကြရတဲ့ ပညာရေးဝန်ထမ်းတွေအတွက် တဘက်တလမ်းက အထောက်အကူဖြစ်အောင် ရည်ရွယ်ပြီး ကူညီနေတာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“သူတို့ လိုတာ သုံးဖို့အတွက် ကျနော်တို့ ဂုဏ်ပြုငွေပေါ့နော် တစ်ယောက်ကို ၅၀,၀၀၀ လိုက်ပြီး ဂုဏ်ပြုပါတယ်ခင်ဗျ။ အခုမနက် စာရင်းတက်ထပ်ပေါင်းရင် ၄၀ ကျော်လာပါပြီခင်ဗျာ။ ဂုဏ်ပြုတာတော့ ရိုးရိုးလေးပါ... ကျနော်တို့ ပညာရေးမိသားစုတွေက ဒီတိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ ဒီအသက်အန္တရာယ် အရမ်းနီးတဲ့ရောဂါကို ကူးစက်ခံလိုက်ရတဲ့အတွက် ဒီဆရာ၊ ဆရာမတွေက အသက်စွန့်ခံပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ပေးတဲ့အတွက် ကျနော်တို့အနေနဲ့ အဖွဲ့ချုပ်ကနေ ဂုဏ်ပြုတဲ့ သဘောပါခင်ဗျာ။”

ရွေးကောက်ပွဲကာလမှာ တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံရတဲ့ ပညာရေးဝန်ထမ်း ၄၀ ထက်မနည်း ရှိနေပြီး အများစုကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်း ပြောပါတယ်။ မဲရုံတွေမှာ တာဝန်ယူခဲ့ပြီးနောက် ရောဂါကူးစက်သူ ပညာရေးဝန်ထမ်း ၃၀ ကျော် ရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း သေဆုံးသူအနည်းဆုံး ၁ ဦး ရှိခဲ့သလို၊ ရောဂါလက္ခဏာ ပြင်းထန်သူ တချို့လည်း ရှိနေတယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“အနည်းအကျဉ်းကတော့ စိုးရိမ်ရတဲ့အနေအထားတော့ ကြားရတယ်၊ စိုးရိမ်တယ်ဆိုတာလည်း စကားပြောရင်း မောတဲ့ အနေအထားလောက်ရောက်တာပေါ့နော်။ အဲ့ဒီမှာတော့ ကျနော်တို့တွေ့ရတဲ့အထဲဆိုရင် အသက် ၅၈ နှစ်အရွယ် တစ်ယောက်ဆိုရင်လည်း ကံကောင်းစွာပဲ အိမ်ပြန်ခွင့်ရလာပါပြီ။ နောက် ကျနော်တို့ရထားတဲ့ သတင်းထဲမှာတော့ ဗိုလ်တထောင်ဘက်က ဆရာမကြီးကတော့ အသက်ဆုံးပါးသွားပြီလို့ ကျနော်တို့ သတင်းရပါတယ်။ သူ့မိသားစုနဲ့ ဆက်သွယ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

ကိုဗစ်ရောဂါကူးစက်သူတွေကို ထောက်ပံ့တဲ့ အစီအစဉ်အပေါ်မှာတော့ လုပ်ဖော်ကိုင်ဖက် ပညာရေးဝန်ထမ်းတွေကလည်း ကြိုဆိုလိုက်ကြပါတယ်။ ဒီအစီအစဉ်ဟာ ပညာရေးဝန်ထမ်းတွေအတွက် ခွန်အားဖြစ်စေတယ်လို့လည်း မွန်ပြည်နယ် မော်လမြိုင်မြို့က အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက ပြောပါတယ်။

“ကျမတို့ ကျောင်းမှာက မဲရုံ ၂ ခုပေါ့၊ အဲ့မှာတော့ ကျမတို့ကျောင်းက ဆရာ၊ ဆရာမတွေတော့ positive တစ်ယောက်မှမရှိဘူးပေါ့လေ။ ဒါပေမဲ့ အဲ့လိုမျိုးရှိခဲ့တဲ့ နေရာတွေထဲကနေပြီးတော့ အဲ့ဒီလိုထောက်ပံ့ပေးတာ ဘာတို့ဆိုရင်တော့ ကျေးဇူးတင်စရာကောင်းတယ်ပေါ့။ သူတို့လည်း အားဖြစ်တာပေါ့ရှင်။ သူတို့ကို ပြန်ပြီးကြည့်ရှုတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ခွန်အားရှိစေတယ်ပေါ့ရှင်... ကျမထင်တာပေါ့။ ဘယ်သူမဆို ဆရာမတွေက အစ ကျမတို့ ကျောင်းအုပ်တွေပေါ့။ ဟာ... ဆရာမတွေက တော်လိုက်တာ ဒါလေးလုပ်လို့ရှိရင် ကောင်းလိုက်တာ စကားလေးနဲ့ပဲ အားပေးလိုက်ရင် သူတို့တွေ အရမ်းအားတက်ကြတယ် ဆရာမတွေကလေ။”

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ပညာရေးဝန်ထမ်းတွေ အနေနဲ့လည်း ဆက်သွယ်လာကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က တိုက်တွန်းထားသလို၊ အစီအစဉ်မှာ အလှူရှင်တွေ ပူပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ မဲရုံတွေမှာ တာဝန်ယူခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူ ပညာရေးဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီးရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေထံ ပေးပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံအဝန်းက မဲရုံတွေမှာ တာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမ အရေအတွက်ကတော့ ၂၀၀,၀၀၀ နီးပါး ရှိတယ်လို့လည်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အဂ္ဂနွန်/VOA (Burmese)

https://burmese.voanews.com/a/covid-aid-after-election/5675944.html

ကိုဗစ်ကူးတဲ့ မဲရုံလုပ်သား ပညာရေးဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မယ် ကိုဗစ်ကူးတဲ့ မဲရုံလုပ်သား ပညာရေးဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မယ် Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.