အမျိုးသမီး ၁၀၀ ကဏ္ဍ၊ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းနေသလဲ

A woman's hands rest on her lap

အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေက ဘယ်လောက်တောင် ဆိုးဝါးသလဲ ဆိုရင် ဒီအမှုတွေက မကြာခဏဆိုသလို နိုင်ငံတွင်းမှာ ခေါင်းကြီးပိုင်း သတင်းတွေ ဖြစ်ခဲ့ရုံမက ကမ္ဘာတလွှားမှာတောင် ဟိုးလေးတကျော် ဖြစ်သွားတတ်ပါတယ်။

၂၀၁၂ ခုနှစ်က ဒေလီမြို့မှာ ဂိုဏ်းဖွဲ့ပြီး ရက်ရက်စက်စက် မုဒိမ်းကျင့်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ စည်းမျဉ်းဥပဒေတွေ တင်းကြပ်ခဲ့ပါတယ်။ ရဲကို လာရောက် တိုင်ကြားတဲ့ မုဒိမ်းမှုတွေလည်း မှန်မှန် ဆက်တိုးလာခဲ့ပါတယ်။

ဒီအမှုကြောင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုမီးမောင်းထိုးပြသလို ဖြစ်လာခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူတွေကို သေဒဏ် ချမှတ်ဖို့ အစိုးရက ဆုံးဖြတ်လိုက်တာမျိုးလို ဥပဒေ ပြင်ဆင်ရေးဆွဲမှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ဒီလုပ်ဆောင်မှုတွေဟာ ပြဿနာရဲ့ မူလဇစ်မြစ်ကို လျစ်လျူရှုထားပြီး လူကြိုက်များအောင်လုပ်နေတဲ့၊ အနှစ်မပါတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့က ဝေဖန် ပြောနေကြပါတယ်။

မုဒိမ်းကျင့်ခံရပြီး လွတ်မြောက်လာသူတွေ အတွက် အိန္ဒိယနိုင်ငံရဲ့ တင်းကြပ်တဲ့ ဥပဒေတွေက ထိရောက်မှု မရှိတာ ဘာ့ကြောင့်လဲ ဆိုတာကို ဘီဘီစီက နှစ်စဉ် တင်ဆက်နေကျ အမျိုးသမီး ၁၀၀ အထူးကဏ္ဍရဲ့ တစိတ်တပိုင်းအဖြစ် ဘီဘီစီသတင်းထောက် ဒီဗယာ အာယာ က အဖြစ်အပျက် ၃ ခုကို ဥပမာပြု တင်ပြထားပါတယ်။

"ဥပဒေနဲ့အညီ အရေးယူတာကို ကျွန်မ မသေခင် တွေ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

မုဒိမ်းကျင့်၊ အသတ်ခံခဲ့ရတဲ့ သမီးအတွက် ၆ နှစ်ကြာလာပေမဲ့ ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အဖေဖြစ်သူ ကြိုးစားနေဆဲ

"ကလေးမလေးတွေ ကြိုးဆွဲချ သေခဲ့တဲ့ ရွာ"အဖြစ် ဒီရွာကို အခုထိ လူတွေက သိနေကြပါတယ်။ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် ဝမ်းကွဲညီအစ်မ နှစ်ယောက် သရက်ပင်တစ်ပင်ရဲ့ သစ်ကိုင်းမှာ ကြိုးဆွဲချ သေနေတာကို လူတွေ တွေ့ခဲ့ကြတာပါ။ သူတို့ညီအစ်မ အဓမ္မကျင့်ခံရပြီး အသတ်ခံခဲ့ရတာလို့ ကျန်ရစ်သူ မိသားစုက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၂ ခုနှစ် ဒေလီမြို့ ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်မှုကြီး နောက်ပိုင်း ပထမဆုံး ပေါ်ထွက်ခဲ့တဲ့ အဓမ္မပြုကျင့်မှုကြီး ဖြစ်ပါတယ်။ နှစ်နဲ့ချီ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အတော်များများအတွက်တော့ ဒီရာဇဝတ်မှုကြီးက မနေ့တစ်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်လိုပါပဲ။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဘာဒါယန်ခရိုင်က အဲဒီရွာထဲ ရောက်ဖို့ လမ်းကြိုလမ်းကြားတွေထဲ ကားနဲ့ ကွေ့ပတ် မောင်းသွားခဲ့ရပါတယ်။ လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကို အဲဒီရွာကို ဘယ်လို သွားရသလဲလို့ မေးကြည့်တဲ့အခါ အဲဒီရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ချက်ချင်းပဲ တန်းသိပြီး အတိအကျ လမ်းညွှန်ခဲ့လို့ ရွာကို ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားခဲ့ပါတယ်။

ကျန်ရစ်သူ ဘာဒါယန် မိသားစုအတွက် ဒီအမှုကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကတော့ ဒီလို ဖြောင့်ဖြောင့်ဖြူးဖြူး မဖြစ်ခဲ့ပါဘူး။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

ကလေးမလေးတွေ သေဆုံးခဲ့မှုကိစ္စကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ချိန် ၂၀၁၄ ခုနှစ်က ကလေးမလေးတစ်ဦးရဲ့ အဖေနဲ့ ဒီဗယာ ပထမဆုံးအကြိမ် တွေ့ခဲ့

၂၀၁၄ ခုနှစ် နွေရာသီမှာ ကျန်ရစ်သူ မိသားစုနဲ့ ဘီဘီစီသတင်းထောက် ဒီဗယာ တို့ တွေ့ခဲ့ပါတယ်။ သူဟာ ဒီအမှုအတွက် ဒေလီမြို့ကနေ ၈ နာရီ ကားမောင်းပြီး အဲဒီရွာကို အရောက်သွား သတင်းယူခဲ့တဲ့ ပထမဆုံးသတင်းထောက်တွေထဲက တစ်ဦးပါ။

သေဆုံးသူ ကလေးမလေးတွေထဲက တစ်ဦးရဲ့ ဖခင်က ကလေးမလေးတွေကို ကြိုးဆွဲချ သေဆုံးလျက်သား တွေ့ခဲ့တဲ့ သရက်ပင် အောက်မှာပဲ ဒီဗယာကို လာတွေ့ခဲ့ပါတယ်။

အခင်းဖြစ်ခဲ့ချိန်က ဒေသခံရဲတွေက သူပြောတာတွေ မဖြစ်နိုင်ဘူးလို့ ပြောပြီး အကူအညီပေးဖို့ ငြင်းခဲ့တဲ့အတွက် သူအရမ်း ကြောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။ ဒါပေမဲ့ သူ့မှာ ပြန်လက်တုံ့ပြန်ချင် စိတ်တော့ ရှိခဲ့ပါတယ်။ "ဒီလူတွေကို လူအများရှေ့မှာ ကြိုးပေး ကွပ်မျက်သင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးမလေးတွေကို သူတို့ လုပ်ခဲ့ကြသလိုပေါ့"လို့ သူက ပြောပါတယ်။

ပြင်ဆင် တင်းကြပ်လိုက်တဲ့ ဥပဒေတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရဲကို တိုင်တန်းဖို့ ပိုလွယ်သွားရမှာပါ။

မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အမိန့် ချမှတ်ဖို့ စလုပ်ခဲ့ပြီး မုဒိမ်းမှုတွေကို အမြန် စစ်ဆေးကြားနာဖို့ အထူးခုံရုံးတွေ ကိုလည်း ဖွဲ့ခဲ့ပါတယ်။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

ဥပဒေကြောင်းအရ တရားစွဲနိုင်ဖို့ လုပ်နေရာမှာ ၆ နှစ်ကြာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး စာရွက်စာတမ်းတွေသာ စုပုံလာနေ

အရွယ်မရောက်သေးသူ မိန်းကလေးငယ်တွေ မုဒိမ်းကျင့်ခံရမှုတွေနဲ့ ပတ်သက်တဲ့ တရားရုံး စစ်ဆေးကြားနာမှုတွေကို တစ်နှစ်အတွင်း အပြီးသတ် ဆောင်ရွက်ဖို့ ဥပဒေစည်းမျဉ်းတစ်ခုက အကြံပြုထားပါတယ်။

ဒါပေမဲ့လည်း မုဒိမ်းမှု အမှုတွဲ ကြားနာစစ်ဆေးမှုတွေက မပြီးစီးနိုင်ဘဲ ဆက်ပြီး စုပုံလာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကုန်လောက်မှာ မုဒိမ်းမှုပေါင်း ကိုးသောင်း ငါးထောင်လောက် ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်ကုန်မှာ တစ်သိန်း လေးသောင်း ငါးထောင်အထိ တိုးလာတယ်လို့ အိန္ဒိယအစိုးရ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေ အရ သိရပါတယ်။

ဘာဒါယန် မှာတော့ ကလေးမလေးတွေ ကြိုးဆွဲချ သေဆုံးခဲ့တဲ့ သရက်ပင်ဘက်ဆီ လျှောက်သွားစဉ်မှာ အဖေဖြစ်သူက အဝေးကို မျက်နှာလွှဲထားပါတယ်။ အဲဒီတုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် ရင်ထဲမှာ နာကျင်နေတယ်လို့ သူက ပြောပါတယ်။ အခုအခါ သူ့ကို ကြည့်ရတာ အရွယ်နဲ့ မလိုက် အိုမင်း ရင့်ရော်နေပါတယ်။ ဒေါသတွေကတော့ မပြယ်သေးပါဘူး။ ဒါပေမဲ့ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ဖို့က အချိန် ကြာမြင့်နိုင်ပြီး ကိုယ့်အားကိုယ်ကိုး လုပ်ရမယ့် လုပ်ငန်းစဉ် ဖြစ်တယ် ဆိုတာကိုတော့ သူ ကောင်းကောင်းကြီး သဘောပေါက်ထားပါတယ်။

"မုဒိမ်းမှု အမှုတွဲတွေကို မြန်မြန် စစ်ဆေး ကြားနာဖို့ ဥပဒေတွေ ထုတ်ထားပေမဲ့ ကျွန်တော်တို့ရဲ့ ပန်ကြား ပြောဆိုနေတာတွေကို တရားရုံးတွေက မျက်ကွယ် ပြုထားကြပါတယ်။ တရားရုံးချိန်းတွေတိုင်း ကျွန်တော် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေ အတွက် မျှတတဲ့ တရားစီရင်မှု ဘယ်တော့မှ မရှိသလောက်ပါပဲ"လို့ သူက ပြောပါတယ်။

ကလေးမလေးတွေရဲ့ အမှုကိုတော့ ခပ်မြန်မြန် စုံစမ်းစစ်ဆေးပြီး ခပ်မြန်မြန်ပဲ အမှု ပိတ်ခဲ့ပါတယ်။ မုဒိမ်းမှု၊ လူသတ်မှုနဲ့ အမှုဖွင့် ရလောက်အောင် ပြည့်စုံ လုံလောက်တဲ့ အထောက်အထား သူတို့မှာ မရှိဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဒီတော့ သံသယ တရားခံတွေကိုလည်း ပြန်လွတ်သွားပါတယ်။

ကလေးမလေးတွေရဲ့ မိသားစုတွေက ဒါကို ကန့်ကွက် လျှောက်ထားခဲ့ပြီး အမှု ပြန်ဖွင့်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက ဒီအမှုကို ထိပါးနှောင့်ယှက်မှု၊ ပြန်ပေးမှု စတဲ့ စွဲချက်ငယ်တွေအဖြစ်ပဲ လျှော့ချ လက်ခံခဲ့ပါတယ်။ အခုအခါ မုဒိမ်းမှု၊ လူသတ်မှု စွဲချက်တွေနဲ့ ပြန်တရားစွဲနိုင်ဖို့ မိသားစုက လုပ်နေပါတယ်။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

တစ်နေ့နေ့မှာ ဒီအမှုကျူးလွန်သူတွေ ပြစ်မှုထင်ရှားကြောင်း ပေါ်ထွက်လာမယ်လို့ ကလေးမလေးရဲ့ မိခင်က မျှော်လင့်နေဆဲ

အိန္ဒိယ တရားရေးစနစ်ဟာ ငွေကြေးလည်း မပြည့်စုံ၊ ဝန်ထမ်းတွေလည်း အလုံအလောက် မရှိ ဖြစ်နေတာပါ။

ဘာဒါယန် အမှုကို အမြန် အထူးတရားရုံးတစ်ခုမှာ ကြားနာ စစ်ဆေးနေတာ ဖြစ်ပေမဲ့ အဲဒီမှာ အထူးတလည် ဆိုလို့ ဘာဆိုဘာမှ မရှိဘူးလို့ မိသားစုရဲ့ရှေ့နေ ဂျန် ဆင်းက ရှင်းပြပါတယ်။

"အမြန် အထူးတရားရုံးတွေက ကြားနာ စစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ မှုခင်း အစီရင်ခံစာနဲ့ တခြား အစီရင်ခံစာတွေ ရောက်မလာဘဲ နောက်ကျနေတာမျိုးတွေ၊ ဆရာဝန် ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေး အရာရှိတွေ လွှဲပြောင်းတာ နောက်ကျတာမျိုးတွေ၊ တရားရုံးမှာ ကျမ်းကျိန် ထွက်ဆိုဖို့ သက်သေတွေရရေး နှောင့်နှေးနေတာမျိုးတွေ ရှိနေတတ်ပါတယ်"လို့ သူက ပြောပါတယ်။

နှစ်နဲ့ချီ ပုံလာခဲ့တဲ့ စာရွက်စာတမ်း၊ ဖိုင်တွဲတွေ တစ်ထပ်ကြီးကို သူတို့ မိသားစုနဲ့အတူ ဒီဗယာ မွှေနှောက် ကြည့်ခဲ့ကြပါတယ်။ ကလေးမလေးရဲ့ အမေအတွက်ကတော့ သူတို့ ရင်ဆိုင်နေရတဲ့ အမှုကြီးက မပြီးနိုင်လောက်အောင်ကို ကြာရှည်လွန်းလှပါတယ်။ ဒီဗယာ ပြန်ထွက်လာချိန်မှာ သူပြောခဲ့တဲ့ စကားတွေကို နားထဲမှာ ကြားနေရဆဲပါ။

"ဥပဒေနဲ့အညီ အရေးယူတာကို ကျွန်မ မသေခင် တွေ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

2px presentational grey line


"ကျွန်မကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျွန်မရည်းစားကို ကျွန်မမိဘတွေက ထောင်ထဲ ထည့်ခဲ့တယ်"

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

လူမှောင်ခိုမှုနဲ့ သူ့မိဘကို ရဲဌာနမှာ အူရှာ အမှုဖွင့်ခဲ့

အူရှာနဲ့ ရွာထဲက ကောင်လေး ရည်းစားဖြစ်နေတာကို အူရှာ့မိဘတွေ သိသွားချိန်မှာ အူရှာ့အသက်က ၁၇ နှစ်ပါ။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ပန်ချမာဟာလ်စ် ခရိုင်က ရွာငယ်လေးမှာ ဒီလို သမီးရည်းစား ဇာတ်လမ်းမျိုးတွေက အဆန်း မဟုတ်ပါဘူး။

ဒါပေမဲ့ အူရှာရဲ့ မိဘတွေက လုံးဝ သဘောမတူခဲ့ကြတဲ့အတွက် သူတို့နှစ်ယောက် ခိုးပြေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့အဖေက ချက်ချင်း လိုက်ရှာတွေ့ခဲ့ပြီး ပြန်ခေါ်ခဲ့တဲ့အတွက် အတူနေရချိန် သိပ်မကြာခဲ့ပါဘူး။

"အဖေက ကျွန်မကို ကြိုးနဲ့ရော၊ တုတ်နဲ့ပါရိုက်တယ်။ အငတ်ထားတယ်။ ပြီးတော့ ကျွန်မကို ရူပီးငွေ တစ်သိန်းနှစ်သောင်း ငါးထောင် (တစ်ထောင့်ခြောက်ရာ ရှစ်ဆယ့်ငါး ဒေါ်လာ)နဲ့ လူတစ်ယောက်ကို ရောင်းလိုက်တယ်" လို့ အူရှာက ပြောပြပါတယ်။

အူရှာဟာ မင်္ဂလာဆောင်တဲ့ ညမှာပဲ ထပ်ထွက်ပြေးခဲ့ပါတယ်။ သူ့ရည်းစားနဲ့ လက်ထပ်ခဲ့ပြီး ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဒုက္ခတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။

အသစ်ပြင်ဆင် ချမှတ်လိုက်တဲ့ ဥပဒေအရ မိန်းကလေးငယ်တွေ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ကို ၁၆ နှစ်ကနေ ၁၈ နှစ်ကို တိုးမြှင့်လိုက်ပါတယ်။ အဲဒီအတွက် အူရှာဟာ မိဘ ခွင့်ပြုချက်မပါရင် အိမ်ထောင်ပြုလို့ မရတဲ့ အနေအထား ဖြစ်သွား ခဲ့ရပြီး သူ့မိဘတွေက သူ့ရည်းစားကို မုဒိမ်းမှုနဲ့ တရားစွဲ၊ ထောင်ထဲ သွင်းလိုက်ပါတယ်။

ကောင်လေးရဲ့ မိဘတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။ မုဒိမ်းကျင့်အပြီး အူရှာကို ပြန်ပေးဆွဲဖို့ သားနဲ့အတူ ကြံစည်ခဲ့တယ်ဆိုပြီး အမေဖြစ်သူကို စွပ်စွဲခဲ့ပါတယ်။

"ကျွန်မ ထောင်ထဲမှာ နှစ်ပတ် နေခဲ့ရတယ်။ ကောင်မလေးရဲ့ မိသားစုက ကျွန်မတို့အိမ်ထဲ အတင်းဝင် မွှေနှောက်၊ တံခါးတွေ ရိုက်ချိုး၊ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလည်း သိမ်းသွားတယ်။ ကျွန်မတို့ အသက်ဘေးက လွတ်အောင် မနည်း ပုန်းခဲ့ရတယ်"လို့ အူရှာ့ ရည်းစားရဲ့ အမေက ပြန်ပြောပြပါတယ်။

ဒါဟာ မတရား လိမ်လည်စွဲဆိုတဲ့ မုဒိမ်းမှုတစ်မှု ဖြစ်ပြီး မုဒိမ်းမှု ဥပဒေနဲ့ အကာအကွယ်ပေးရမယ့် မိန်းကလေးငယ်ရဲ့ နာမည်ကို သုံးပြီး အမှုဖွင့်ခဲ့တာပါ။

ဒီလို လိမ်လည် စွဲဆိုတဲ့ မုဒိမ်းမှုမျိုး ဘယ်လောက်များများ တရားရုံးကို ရောက်လာသလဲဆိုတာ အရေအတွက် မသိရပါဘူး။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

ထောင်ထဲ မတရားသွင်းခံထားရတဲ့ ယောက်ျားနဲ့ သူ့မိသားစုကို ဒေသခံ NGO အဖွဲ့တစ်ဖွဲ့ရဲ့ အကူအညီကြောင့်သာ ထောင်ကလွတ်အောင် အူရှာ လုပ်ပေးနိုင်ခဲ့

ဒီလိုလိမ်လည်စွဲဆိုတဲ့ အမှုတွေကြောင့် နဂိုကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ တရားရေးစနစ်အပေါ် ဖိအားတွေ ပိုများလာနေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့နေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒါဟာ ဘယ်လို ဥပဒေမျိုးနဲ့မှ မပြောင်းလဲနိုင်တဲ့ ပိုနက်ရှိုင်းတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ငွေကြေးအထောက်အပံ့ မှီခိုနေရဆဲ အရွယ်မရောက်သေးသူ မိန်းကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ မိဘတွေကို ဆန့်ကျင်ဖို့က အရမ်းကို ခက်ခဲတယ်လို့ ဂါရီမာ ဂျိုင်းက ပြောပါတယ်။

ဂါရီမာ ဂျိုင်းဟာ နယ်သာလန်နိုင်ငံ Tilburg တက္ကသိုလ်ရဲ့ International Victimology Institute ကျောင်းမှာ သူ့ရဲ့ ဘွဲ့လွန်စာတမ်းအတွက် မုဒိမ်းကျင့်ခံခဲ့ဖူးရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လေ့လာ စာတမ်းပြုစုနေတာပါ။

"ထွက်ဆိုချက်တွေကို စုဆောင်းရတဲ့ ကျွန်မရဲ့ အတွေ့အကြုံတွေအရ ကိုယ့်ချစ်သူရည်းစား မုဒိမ်းမှုနဲ့ မတရားအမှုဖွင့် ထောင်ချခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အချစ်ရေး ဖျက်ဆီးခံ ခဲ့ရရုံတင်မက စိတ်ဒဏ်ရာ နက်နက်ရှိုင်းရှိုင်း ရသွား တတ်ကြပါတယ်။ ဒါ့အပြင် မိဘရဲ့ ထိန်းချုပ်မှုကိုလည်း ပိုပြီး မခံမရပ်နိုင် ဖြစ်လာစေပါတယ်"

အူရှာ ဟာ အနန်ဒီ လို့ခေါ်တဲ့ NGO အဖွဲ့တဖွဲ့ရဲ့ လမ်းညွှန်မှုကို ရခဲ့ပါတယ်။ သူ့ယောက်ျားရဲ့ မိသားစုကို အာမခံနဲ့ ထောင်ထဲက ပြန်လွတ်လာအောင်နဲ့ သူ့မိဘကို ပြန်ရင်ဆိုင်နိုင်အောင် အဲဒီအဖွဲ့က အူရှာ့ကို ကူညီခဲ့ပါတယ်။

သူ အသက် ၁၈ နှစ် ပြည့်တာနဲ့ တစ်ပြိုင်နက် အူရှာဟာ မလုပ်ချင်ပေမဲ့ သူ့မိဘတွေကို လူမှောင်ခိုမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

"တကယ်လို့ မိန်းကလေးငယ်တွေဟာ သူတို့ကြိုက်တဲ့သူတွေနဲ့ လက်ထပ်ခွင့် ရမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုပျော်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ"လို့ အူရှာက ပြောပါတယ်။

ဒါပေမဲ့ မိဘတွေကတော့ သူတို့ထိန်းချုပ်မှုအောက်ကနေ ကိုယ့်သမီး လွတ်ထွက်သွားတဲ့အခါ ရတဲ့နည်းနဲ့ ဆန့်ကျင်တားဆီးဖို့ လုပ်ကြပါတယ်။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

ဒီဥပဒေကို တလွဲအသုံးချနေတယ်လို့ လူမှုရေးဝန်ထမ်း ဆီးမားရှားက ယူဆ

အူရှာရဲ့ မိသားစုတွေကလည်း အနန်ဒီအဖွဲ့ရဲ့ လူမှုရေးဝန်ထမ်းတွေကို လူမှောင်ခိုမှုနဲ့ အမှုပြန်ဖွင့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီကျေးလက် ဒေသဘက်မှာ မိန်းကလေးတွေ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုနိုင်ခွင့် အသက် သတ်မှတ်ချက် ဥပဒေကို တလွဲအသုံးချမှုတွေ အနှံ့အပြား ရှိနေပါတယ်။

ရဲရဲ့ ကနဦး အစီရင်ခံစာတွေကို အခြေခံပြီး အနန်ဒီအဖွဲ့က ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ပြုစုခဲ့တဲ့ လေ့လာချက်တွေအရ ဒီလို မုဒိမ်းမှုမျိုးတွေရဲ့ ၉၅ ရာခိုင်နှုန်းကို မိဘတွေက အမှုဖွင့်ခဲ့တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။

"တရားလမ်းကြောင်းအတိုင်း အရေးယူဆောင်ရွက်ရာမှာ ဒီဥပဒေကို မှန်မှန်ကန်ကန် အသုံးမပြုကြပါဘူး။ မိန်းကလေးငယ် တွေကို ဝတ္ထုပစ္စည်းတစ်ခုလို ရှုမြင်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပြုတာဟာ ကြီးမားတဲ့ ပြဿနာကြီး တစ်ခု ဖြစ်ပါတယ်"လို့ အနန်ဒီအဖွဲ့ရဲ့ လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆီးမားရှား က ပြောပါတယ်။

2px presentational grey line

"နှုတ်ပိတ်နေခိုင်းခံခဲ့ရတဲ့ တခြားဒါလစ်အမျိုးသမီးတွေအတွက် တိုက်ပွဲဝင်ပေးဖို့အတွက် ကျွန်မ ဥပဒေပညာ ဆည်းပူးဖို့ ဆုံးဖြတ်ခဲ့တာပါ"

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

မာယာ ဟာ ဥပဒေပညာ သင်ယူဖို့ ကျောင်းမှာ စာရင်းပေးခဲ့

မာယာက ဒီဗယာနဲ့ စကားပြောနေချိန်မှာ သူ့ကိုယ်သူ မနည်းထိန်းပြီး ရဲဆေးတင် ပြုံးပြနေရတာပါ။ နာကျင်စရာ အသေးစိတ် အဖြစ်အပျက် အားလုံးကို ဒီဗယာ ကို သူက အရမ်းပြောပြချင်နေတာပါ။ ဒါပေမဲ့ စိတ်ဒဏ်ရာက သိပ်မကျက်သေးတော့ ပြောရင်း ပြောရင်း တစ်ချက်တစ်ချက် ချုံးပွဲချ ငိုတတ်ပါတယ်။

မာယာ ဟာ ဟိန္ဒူအသိုင်းအဝိုင်းမှာ ဇာတ်အနိမ့်ဆုံး ဖြစ်တဲ့ ဒါလစ် အသိုင်းအဝိုင်း က ဖြစ်ပါတယ်။ ဒါလစ် အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုက နှစ်ဆ များပါတယ်။

သူက အင်ဂျင်နီယာတစ်ဦး လုပ်ဖို့ စာသင်ကြားနေချိန်မှာပဲ သူ့ထက် ဇာတ်မြင့်တဲ့ အမျိုးသားတစ်ယောက်က သူ့နောက်ကို တကောက်ကောက် စလိုက်ခဲ့ပါတယ်။

မကြိုက်နိုင်ပါဘူးလို့ ပြောနေတာကို လုံးဝ လက်မခံဘဲ သူ့လက်ကောက်ဝတ်က သွေးကြောကို ဓါးနဲ့ လှီးဖြတ်ပြတာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ကို မုဒိမ်းကျင့်ခဲ့ပါတယ်။

"သူက လူကောင်ကြီးတဲ့ သူပါ။ ကျွန်မ တားဖို့ အတင်းကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး"လို့ မာယာက ပြောပြပါတယ်။

ရဲဌာနမှာ တိုင်ချက်ဖွင့်ဖို့ သူ့ကို မိဘတွေက ကူညီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက သူ့ကို လက်ထပ်ဖို့ ကမ်းလှမ်းခဲ့အပြီးမှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ဖိအားကြောင့် လက်လျှော့ပေးခဲ့ရပြီး အမှုကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

မာယာရဲ့ အသိုင်းအဝိုင်းက မာယာ့ကို မုဒိမ်းကျင့်ခံရသူအဖြစ် လူတွေ ဖယ်ကျဉ်ခံထားရမယ့်ဘဝကနေ ကယ်တင်လိုက်နိုင် ခဲ့တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ မာယာ့အတွက် အိမ်ထောင်သည်ဘဝက တကယ့် လောကငရဲ ဖြစ်ခဲ့ပါတယ်။

"ကျွန်မယောက်ျားရဲ့ မိသားစုက ကျွန်မကို နင်က ဒါလစ်မျိုး၊ မြောင်းပုပ်ရေလို ရွံစရာ ကောင်းတယ်။ နင့်ကို ကြည့်ရတာတောင် မသတီဘူး ဆိုပြီး ပြောခဲ့ကြတယ်"လို့ မာယာက မျက်ရည်တွေကြားက ပြန်ပြောပြပါတယ်။

"အိမ်ကို အရက်မူးပြီး အိမ်ပြန်လာတတ်တယ်။ ပြီးရင် သူ့ကို ရဲဆီမှာ တိုင်ချက်ဖွင့်ခဲ့လို့ ဆိုပြီး ကျွန်မကို ဆဲဆို၊ ရိုက်နှက်လေ့ ရှိတယ်။ ပြီးရင် ကျွန်မက မလုပ်ဖို့ ပြောနေတဲ့ကြားက ဓမ္မတာအတိုင်း မဟုတ်တဲ့နည်းတွေနဲ့ ကျွန်မကို အတင်း လိင်ဆက်ဆံခဲ့တယ်"

မာယာက သူ့ကိုယ်သူ သေကြောင်းကြံဖို့တောင် စဉ်းစားခဲ့ပါသေးတယ်။ သူ့ယောက်ျားက မေ့ပြီး သူ့အခန်းတံခါးကို မတော်တဆ ဖွင့်ထားခဲ့ချိန်မှာမှ ထွက်ပြေးဖို့ အခွင့်ကြုံခဲ့ပါတယ်။

ဒါလစ်အမျိုးသမီးတွေရဲ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဒါလစ်မျိုးနွယ် ရှေ့နေ တစ်ဦးဖြစ်သူ မနီရှာ မရှားလ်နဲ့ တွေ့ခဲ့ချိန်မှာတော့ မာယာ တစ်ယောက် လွတ်မြောက်မှုရဲ့ တကယ့် အရသာကို ခံစားမိလာပါတော့တယ်။

မနီရှာ ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်က ဒါလစ် အမျိုးသမီးတွေ မုဒိမ်းကျင့်ခံခဲ့ရတဲ့အမှုတွေအကြောင်း လေ့လာနေတာပါ။

ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို အမြစ်ဖြုတ်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေတွေဟာ တကယ်တမ်းမှာ ထိရောက်မှု မရှိတာကို သူလေ့လာတွေ့ခဲ့ရပြီး ဒါလစ် အမျိုးသမီး အတော်များများကလည်း ဒီဥပဒေတွေ ရှိမှန်းတောင် မသိကြပါဘူး။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

ဒါလစ် အမျိုးသမီးရှေ့နေ အသိုင်းအဝိုင်းတစ်ခု တည်ထောင်နိုင်ဖို့ မနီရှာ မျှော်လင့်နေ

စွပ်စွဲခံရသူတွေဟာ ဒါလစ်မျိုးနွယ်တွေထက် စီးပွားရေးနဲ့ နိုင်ငံရေး ကျောထောက်နောက်ခံ အားကောင်းတဲ့ အသိုင်းအဝိုင်းက လူတွေ ဖြစ်နေတတ်ပါတယ်။

ဒါ့အပြင် အစိုးရပိုင်း၊ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးဌာနတွေအတွင်း ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုတွေကလည်း အမြစ်တွယ်နေတာ ကာလကြာမြင့်နေပါပြီ။

မနီရှာ အတွက်ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ရေးဟာ ဒါလစ်အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ရရေးပေါ် တစိတ်တပိုင်း မူတည်နေတယ်လို့ ယူဆပါတယ်။ မာယာတို့လို မုဒိမ်းကျင့်ခံခဲ့ရဖူးသူတွေ ဥပဒေပညာ သင်ယူနိုင်ရေးအတွက် အားပေးကူညီမှုတွေ သူစလုပ်ခဲ့ပါတယ်။

မာယာ့အတွက်ကတော့ လူ့ဘဝကြီးထဲ မနေချင်တော့လောက်အောင် ဖြစ်ခဲ့ရတဲ့ အခြေအနေကနေ ဘဝသစ် ပြန်စဖို့ အခွင့်အလမ်းသစ် ရခဲ့တာပါ။ ရဲကိုတိုင်ထားတဲ့ မုဒိမ်းမှုကို သူ ပြန်အမှုဖွင့်နိုင်ခဲ့ပြီး အဲဒီအမှုတွဲထဲမှာ ဓမ္မတာအတိုင်း မဟုတ်ဘဲ အတင်းလိင်ဆက်ဆံခိုင်းခဲ့တယ် ဆိုတဲ့ စွဲချက်တွေကိုလည်း ထပ်ဖြည့်ခဲ့ပါတယ်။

"မာနီရှာနဲ့ တွေ့ခဲ့အပြီးမှာမှ ကျွန်မအနေနဲ့ ထုတ်ဖော်ပြောတတ်ဖို့နဲ့ အကောင်းမြင်စိတ်ထားတတ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် တည်ဆောက်နိုင်ခဲ့တယ်"လို့ မာယာက ပြောပြပါတယ်။

"အဲဒီနောက် ဥပဒေပညာကို သင်ယူဖို့ ကျွန်မဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှ ရက်စက်ယုတ်မာမှုတွေကို ထုတ်မပြောဖို့ နှုတ်ပိတ်ခံထားရတဲ့ ကျွန်မလို ဒါးလစ် အမျိုးသမီးတွေအတွက် ရင်ဆိုင်တိုက်နိုင်မှာပါ"

မာယာဟာ မုဒိမ်းကျင့်ခံခဲ့ရဖူးသူ တခြားအမျိုးသမီး ၅ ယောက်၊ ၆ ယောက်လောက်နဲ့အတူ မနီရှာနဲ့ အတူနေနေတာပါ။ သူတို့နေနေတဲ့ တိုက်ခန်းငယ်လေးဟာ နွေးထွေးပြီး ခွန်အားအပြည့်၊ သွေးစည်းညီညွတ်မှုအပြည့်နဲ့ နေရာလေးပါ။ တစ်ချိန်က သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ဆိုရင် တကမ္ဘာစီ ကွာခြားလွန်းပါတယ်။

အမျိုးသမီး ၁၀၀၊ မုဒိမ်းမှု၊ အိန္ဒိယ၊ တရားရေးစနစ်

"ဒါလစ် အမျိုးသမီးတွေကို ဇာတ်မြင့်တွေက သူတို့လိုချင်တဲ့အချိန်သုံးပြီး မလိုရင် ပစ်ထားနိုင်တဲ့ ဝတ္ထုပစ္စည်းတွေလို သဘောထား နေကြတာပါ"လို့ မနီရှာက ပြောပါတယ်။

"ညှင်းပန်းနှိပ်စက်ခံရတာကို ထုတ်ဖော်ပြောဖို့ ကြိုးစားတဲ့ အမျိုးသမီးမှန်သမျှ အသတ်ခံရတတ်ပါတယ်"

အခုအခါ မနီရှာဟာ ဒါလစ်အသိုင်းအဝိုင်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်လေးတွေနဲ့ တရားရေးစနစ်အကြား ပေါင်းကူးတံတားတစ်ခု ဖြစ်လာခဲ့ပါတယ်။

"ကျွန်မအသိုင်းအဝိုင်းကလူတွေဟာ အကြမ်းဖက်မှုနဲ့ ကြုံတွေ့ရလေ့ရှိပြီး ဓားစာခံအဖြစ် အသက်ဆုံးတတ်ကြရပါတယ်။ ဒါမျိုးကို ကျွန်မ မလိုလားပါဘူး။ ကျွန်မကတော့ ခံရသူ ဓားစာခံအနေနဲ့မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦး အနေနဲ့ ပြန်တိုက်ပွဲဝင်ချင်ပါတယ်"

(အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ မုဒိမ်းကျင့်ခံရဖူးသူတွေရဲ့ အမည်တွေကို ပြောင်းလဲသုံးထားကြောင်း အသိပေးအပ်ပါတယ်)

( ဒီဆောင်းပါးမှာ ဘီဘီစီသတင်းထောက် တီဂျက်စ် ဗိုင်ဒယာ ရဲ့ နောက်ထပ် သတင်းပေးပို့ချက်တွေကို ဖြည့်စွက်ထည့်သွင်းထားပါတယ်)

ဘီဘီစီရဲ့ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ၁၀၀

ဘီဘီစီက နှစ်စဉ် တင်ဆက်လေ့ရှိတဲ့ အမျိုးသမီး ၁၀၀ အထူးကဏ္ဍမှာ သြဇာအရှိန်အဝါ လွှမ်းမိုးတဲ့၊ အားကျစရာကောင်းတဲ့ အမျိုးသမီး ၁၀၀ ရဲ့ အမည်ကို နှစ်စဉ် ဖော်ပြလေ့ရှိပြီး သူတို့ရဲ့အကြောင်းတွေကို ဝေမျှပေးနေတာပါ။ ဒီအကြောင်း ဖတ်ရှုချင်ရင် ဖေ့စ်ဘွတ်၊ အင်စတာဂရမ်နဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ #BBC100Women လို့ ရိုက်ပြီးရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55071380

အမျိုးသမီး ၁၀၀ ကဏ္ဍ၊ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းနေသလဲ  အမျိုးသမီး ၁၀၀ ကဏ္ဍ၊ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းနေသလဲ Reviewed by THITHTOOLWIN on 00:59 Rating: 5

No comments:

Powered by Blogger.