မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၀,၀၀၀ နီးပါးရှိ

ရန်ကုန်မြို့မှာ COVID-19 စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအချို့။ (အောက်တိုဘာ ၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၀,၀၀၀ နီးပါး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၅၀၉ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၈၉,၄၈၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံး ၃၁ ယောက် ရှိခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်း ၁,၉၁၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့သေဆုံးတဲ့သူတွေထဲမှာ ၂၆ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေဖြစ်ပြီး တပ်မတော်ဆေးရုံမှာ ကုသနေတဲ့သူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၂၂၀ ကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံက ဆင်းခွင့်ရသူ ၁,၃၂၂ ယောက်ရှိတဲ့အတွက် အခုဆိုရင် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ အရေအတွက် ၆၈,၉၁၀ ရှိသွားပြီဖြစ်ပါတယ်။

ကူးစက်သူများနေတဲ့ ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာနေဖို့နဲ့ အသွားအလာ အပါအဝင် ကန့်သတ်ထားတာတွေကို ဒီဇင်ဘာလလယ်အထိ ထပ်ပြီး သက်တမ်းတိုးထားပါတယ်။

အိမ်မှာနေဖို့ ကန့်သတ်ထားတဲ့အထဲမှာ အဓိက အဖြစ်အများဆုံး ရန်ကုန်တိုင်းက မြို့နယ်အများစု၊ အဓိကအားဖြင့် အဖြစ်များခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ နောက်အဖြစ်များလာနေတဲ့ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေနဲ့ မွန်ပြည်နယ်တို့က မြို့တချို့ အပါအဝင် မြို့စုစုပေါင်း ၇၄ မြို့ပါဝင်ပြီး အလုပ်နဲ့ ကျန်းမာရေးကလွဲရင် အပြင်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-nov29/5680507.html

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၀,၀၀၀ နီးပါးရှိ မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၀,၀၀၀ နီးပါးရှိ Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.