ဖင်လန်နိုင်ငံအစိုးရကို ဦးဆောင်တဲ့ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်

ဝန်ကြီးချုပ် ဆန်နာ မာရင်း


ဖင်လန်နိုင်ငံမှာ အမျိုးသမီးတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ ညွှန့်ပေါင်းအစိုးရကို ဦးဆောင်သူ အမျိုးသမီးဝန်ကြီးချုပ်တဦးရဲ့ ပထမတနှစ်တာကာလကို အများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

သူတို့အစိုးရအဖွဲ့ရဲ့ တည်ငြိမ်မှု၊ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ တိကျပြတ်သားတဲ့ လမ်းညွှန်ဆောင်ရွက်မှုတွေကြောင့် ဖင်လန်နိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရ ချီးကျူးခံခဲ့ရပါတယ်။

ဒါပေမဲ့ တခြားဝန်ကြီးချုပ်တွေနဲ့ မတူတဲ့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းဟာ "ခေတ်နောက်ပြန်ဆွဲနေတဲ့" ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲဖို့ တကယ် အထောက်အကူပြုနိုင်ရဲ့လားလို့ ကျားမအရေးလှုပ်ရှားနေတဲ့ လူနည်းစု အဖွဲ့တွေက မေးခွန်းထုတ်နေကြပါတယ်။

ဝန်ကြီးချုပ်ရုံးကနေ မီတာ ၂၀၀ လောက် လမ်းလျှောက်ရင် ရောက်တဲ့ ညွန့်ပေါင်းအစိုးရ အစည်းအဝေးတွေ ကျင်းပရာ House Of Estates မှာ ဝန်ကြီးချုပ် ဆန်နာ မာရင်းဟာ ဖင်လန်နိုင်ငံအစိုးရရဲ့ ကျားမတန်းတူရေး အစီအစဉ်နဲ့ ပတ်သက်လို့ အစည်းအဝေးတရပ် ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။

သူ့ကြည့်ရတာ ရောက်တတ်ရာရာတွေ ပြောဖို့တော့ သိပ်စိတ်ပါပုံတော့ မရပါဘူး။ ဒါပေမဲ့ ပျားရည်ဆမ်းခရီးထွက်ပြီးနောက်ပိုင်း အလုပ်ပြန်ဝင်ရတဲ့ ပထမသီတင်းပတ်မှာ အားတက်သရောရှိသူ ဘယ်သူတွေများ ရှိပါသလဲ။

ဆန်နာ မာရင်းဟာ သြဂုတ်လအတွင်း ခဏတာ အားလပ်ရက်မှာ မမျှော်လင့်ဘဲ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြီး ပျံ့နှံ့နေတဲ့ကြားက သူ့ကလေးလေးရဲ့ ဖခင်ဖြစ်သူနဲ့ မြန်မြန်ဆန်ဆန် လက်ထပ်လိုက်တာပါ။

သစ်လွင်တောက်ပနေတဲ့ ဖင်လန်ရိုးရာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆန်နာ မာရင်းနဲ့ ၁၆ နှစ်တာ လက်တွဲခဲ့တဲ့ သူ့ရဲ့လက်တွဲဖော် ကြေးစား ဘောလုံးကစားသမားဟောင်း မာကပ်စ် ရိုက်ကိုနမ်တို့ နှစ်ဦး ပွေ့ဖက်နေတဲ့ ဓာတ်ပုံတပုံကို ဆန်နာ မာရင်းရဲ့ အင်စတာဂရမ်အကောင့်မှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတာပါ။

အရင်တုန်းကလည်း သူ့ရဲ့ သမီးလေး အမ်မာကို နို့တိုက်နေတဲ့ ဓာတ်ပုံတပုံကို သူမျှဝေခဲ့ပါသေးတယ်။

ဒီတကြိမ်မှာတော့ ဝန်ကြီးချုပ်နေထိုင်တဲ့ ဟယ်ဆင်ကီးအိမ်တော်ထဲမှာ သူတို့ဇနီးမောင်နှံ ရယ်မောပြုံးရွှင်ပြီး တယောက်နဲ့တယောက် အပြန်အလှန် ဖက်ထားကြတဲ့ ဓာတ်ပုံပါ။

ဒီဓာတ်ပုံကို နိုင်ငံရေး သတင်းအယ်ဒီတာတွေ၊ ဖက်ရှင် ဘလော့ဂါတွေ၊ အင်တာနက်ပေါ်မှာ podcast ထုတ်လွှင့်သူတွေ၊ အထက်တန်းကျောင်းသားကျောင်းသူတွေ အတော်များများက ပြန်လည်မျှဝေကြပါတယ်။

တနှစ်လောက်အတောအတွင်း ချက်ချင်းတုံ့ပြန်မှုတွေ ရခဲ့တဲ့ ဆန်နာ မာရင်းရဲ့ ဒုတိယမြောက်ဓာတ်ပုံလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေ တံခါးပိတ် ဆွေးနွေးလေ့ရှိတဲ့ ဖင်လန်နိုင်ငံက House of Estates အဆောက်အအုံရဲ့ လှေကားမှာ သတင်းထောက် ဒါဇင်လောက် စောင့်ဆိုင်းနေကြပါတယ်။

" ဘာဖြေရမလဲဆိုတာ ပြင်ဆင်မထားဘူး" လို့ သတင်းထောက်တွေ သူ့အနားရောက်လာချိန်မှာ ဆန်နာ မာရင်က ပြောပါတယ်။

"သူတို့ ကြိုက်တာမေးကြပါ။ ကျွန်မ ရိုးရိုးသားသားပဲ ဖြေသွားမယ်" လို့လည်း ဆိုပါတယ်။

ဒီသီတင်းပတ်အတွင်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာနဲ့ ပတ်သက်လို့ မေးခွန်းတွေ တသီကြီး ရှိလာနိုင်မလား။

House of Estates မှာ မီဒီယာတွေနဲ့တွေ့ဆုံဖြေကြား

"မဟုတ်ပါဘူး။ ကျွန်မတို့ ရှေ့ဆက် အများကြီး လုပ်ဖို့လိုသေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သူတို့ သိချင်နေကြတာပါ" လို့ ဝန်ကြီးချုပ် ဆန်နာမာရင်းက ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။

"အဆုံးသတ်မှာ သူတို့ မေးကောင်းမေးနိုင်ပါတယ်။"

သတင်းထောက်တချို့ကလည်း နှာခေါင်းစည်း (masks) တွေ တပ်ထားကြပါတယ်။

အနည်းငယ်ကတော့ အသံဖမ်းမိုက်အတံ အရှည်ကြီးကို ကိုင်ထားကြပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံဖို့အတွက် သူလျှောက်လာချိန်မှာ အားလုံးရဲ့ စိတ်အာရုံဟာ သူ့ဆီရောက်သွားခဲ့ပါတယ်။

သူဟာ အစည်းအဝေးကို အရင်ဆုံး ရောက်လာတဲ့ ပထမဆုံး နိုင်ငံရေးသမားပါ။

သူမှန်းဆထားတဲ့အတိုင်း ဖင်လန်က သတင်းထောက်တွေဟာ သူတို့ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မေးမြန်းကြပါတယ်။

အစည်းအဝေးအပြီး လေးနာရီလောက်အကြာမှာ အပြင်ဘက်ထွက်လာပြီး သတင်းထောက်တွေရဲ့ အမေးကို နောက်တကြိမ် ဖြေကြားခဲ့ပါတယ်။

သူဟာ နောက်ဆုံးမှ ထွက်လာတဲ့ နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။

လူတွေကြားမှာ ပျံ့နှံ့သွားခဲ့တဲ့ ဆန်နာ မာရင်းရဲ့ ပထမ ဓာတ်ပုံဟာ သူ ဝန်ကြီးချုပ်အဖြစ် တာဝန်စထမ်းဆောင်တဲ့နေ့ ဒီဇင်ဘာ ၂၀၁၉ ခုနှစ် မတိုင်ခင် ရက်ပေါင်း ၂၀၀ အကျော်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ အသက် ၃၄ နှစ်အရွယ် ဆန်နာ မာရင်းဟာ လက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရကို ဦးဆောင်တဲ့ တခြားနိုင်ငံရေးသမားတွေနဲ့အတူ ပြုံးပြီး မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

အားလုံးက အမျိုးသမီးတွေချည်းပါ။ ဒီဓာတ်ပုံကို ဖြန့်ချိခဲ့တဲ့ အချိန်တုန်းက နိုင်ငံရေးပါတီ ၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအစိုးရ ထဲက တဦးကပဲ အသက် ၃၄ နှစ်ကျော်ပါ။

သူ့ရဲ့ အစိုးရ ဝန်ကြီးအဖွဲ့နဲ့အတူ စင်မြင့်ထက်မှာ မတ်တပ်ရပ်ရင်း သူဟာ လူငယ်မျိုးဆက်ကို ကိုယ်စားပြုတယ်၊ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်ခံရမှုကိုလည်း ကြိုဆိုတယ်လို့ ဓာတ်ပုံဆရာအများအပြားကို ပြောခဲ့ပါတယ်။

"ကျွန်မတို့ ဖင်လန်နိုင်ငံသားတွေက ဘယ်သူတွေဆိုတာ" ကို ကမ္ဘာကြီးကို ပြသဖို့ အခွင့်အရေးတရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းစကားဟာ အစဉ်အလာနိုင်ငံရေး အသိုင်းအဝိုင်း အပြင်ဘက်ကို ရောက်သွားပါတယ်။

Rage Against the Machine အမေရိကန် ရော့ခ်တေးဂီတအဖွဲ့က ဂစ်တာပညာရှင် တွမ် မက်ရွဲလိုကလည်း ဒီ ညွန့်ပေါင်းအစိုးရ ဓာတ်ပုံတပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဆန်နာ မာရင်းဟာ သူတို့ အမေရိကန်တေးဂီတအဖွဲ့ကို အားပေးသူတယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီ့ပို့စ်ကို ဆန်နာ မာရင်းကိုယ်တိုင်ကလည်း လူငယ်မျိုးဆက်စတိုင်တိုင်း လိုက်ခ်လုပ်ပြီး အတည်ပြုခဲ့ပါတယ်။

သတင်းခေါင်းစဉ်တွေကိုလည်း မျိုးစုံရေးကြပါတယ်။

"ဖင်လန်နိုင်ငံမှာ အမျိုးသမီးဝါဒီခေတ် ရောက်ပြီ"

"ဖင်လန်နိုင်ငံရဲ့ လွှတ်တော်- ကျားမတန်တူအခွင့်အရေးကို ဦးဆောင်သူ"

"အမျိုးသမီးအစိုးရ - ဘာကို စောင့်ဆိုင်းနေကြတာလဲ"

ဒီလို ခေါင်းစဉ်တွေအပြင် ချွေးထုတ်ခန်းတခုအတွင်း အမျိုးသမီးတွေ အတူတူ ရေချိုးနေကြရင်း ဆုံးဖြတ်ချက်တွေချတဲ့ ပုံစံမျိုးကို သရုပ်ဖော်ထားတဲ့ ဓာတ်ပုံတွေလည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

အခုလိုမျိုး အမျိုးသမီးတွေဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာဖို့အတွက် လမ်းကြောင်းတွေ အများကြီး အရင်ကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံဟာ ၁၉၀၆ ခုနှစ်မှာ အမျိုးသမီးတွေကို လွှတ်တော်ဆိုင်ရာ အခွင့်အရေးတွေနဲ့ မဲပေးခွင့် အပြည့်အဝ ပေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်မှုကို တခြားအနောက်နိုင်ငံ တော်တော်များများမှာ ပထမ ကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်အထိ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

အဲဒီနောက်တနှစ်မှာ အမျိုးသမီး ၁၉ ဦး လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်မှာ ဖင်လန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ အဖြစ် တာဂါ ဟာ့လိုနင်ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အန်နယ်လီ ယက်တေးယန် မက်ကီကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ နောက်ထပ်အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် မာရင်းကို သူ့ရဲ့ လက်ဝဲယိမ်းပါတီ ဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်တစ် ပါတီက ရွေးချယ်ခဲ့ပါတယ်။

ဖင်လန်နိုင်ငံမှာ စာပို့လုပ်ငန်းတခု ဆန္ဒပြမှုမှာ အဲဒီတုန်းက ဝန်ကြီးချုပ်ဟောင်းအန့်တီ ရိနေ ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံခဲ့ရပြီးတဲ့နောက် မစ္စ မာရင်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဘီဘီစီရဲ့ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ၁၀၀

ဒီခန့်အပ်မှုကြောင့် မစ္စ မာရင်းဟာ ဖင်လန်နိုင်ငံရဲ့ အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီး သူ့ကို ဘယ်အရာတွေက စောင့်ဆိုင်းနေသလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး။

ဆန်နာ မာရင်းဟာ ၂၀၂၀ ခုနှစ်အတွင်း ဘီဘီစီက ရွေးချယ်တဲ့ ကမ္ဘာတလွှား လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ ထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၃ လနီးပါးကြာပြီးတဲ့နောက် ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်တယ်လို့ သတ်မှတ်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မစ္စ မာရင်းတို့ အစိုးရအဖွဲ့ဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာချိန်မှာ အဆင်သင့် ဖြစ်နေခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေ လုပ်ခဲ့ရုံသာမက ဒုတိယ ကမ္ဘာစစ်တုန်းက နောက်ဆုံးအသုံးပြုခဲ့တဲ့ အရေးပေါ် အာဏာ အက်ဥပဒေကိုလည်း စတင် ကျင့်သုံးခဲ့ပါတယ်။

အစိုးရရဲ့ ဒီသတ်မှတ်ချက်အပေါ် သတင်းမီဒီယာမှာ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူထုစစ်တမ်းတွေအရ သာမန်ပြည်သူတွေက ဒီလုပ်ရပ်ကို ထောက်ခံခဲ့တာ တွေ့ရပါတယ်။

ပြတ်ပြတ်သားသား ညွှန်ကြားချက်တခုကတော့ ဖင်လန်နိုင်ငံသားတွေအားလုံး ဖြစ်နိုင်ရင် အိမ်မှာပဲ နေကြဖို့ တိုက်တွန်းခဲ့တာပါ။

ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ ရောဂါလက္ခဏာတွေ ပြလာပြီဆိုရင် လူတိုင်း စမ်းသပ်စစ်ဆေးကြည့်ကြဖို့ တိုက်တွန်းထားပြီးနဲ့ ဓာတ်ခွဲခန်းတွေ၊ ဆရာဝန်တွေနဲ့ ဆေးခန်းတွေကြားမှာ အစီအစဉ်တွေ ပူးတွဲလုပ်ဆောင်ဖို့အတွက် ပုံမှန် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း ချမှတ်ထားပါတယ်။

ဆန်နာမာရင်းနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ ၄ ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အပတ်စဉ် သတင်းထုတ်ပြန်မှုတွေ လုပ်ခဲ့ပြီး နိုင်ငံသားတွေနဲ့ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို လက်ခံဖြေကြားခဲ့ပါတယ်။

မစ္စ မာရင်းကို ချီးကျူးခဲ့ကြသလို ထိုင်ဝမ်၊ ဂျာမနီ၊ နယူးဇီလန်နိုင်ငံတွေက ခေါင်းဆောင်တွေလိုပဲ သတ်မှတ်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ကို အမျိုးသမီးခေါင်းဆောင်တွေက ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်သလားဆိုပြီး တချို့က မေးခဲ့ကြပါတယ်။

"ကိုဗစ်-၁၉ ကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့တဲ့ အမျိုးသားတွေ ခေါင်းဆောင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်" လို့ ဆန်နာ မာရင်းက ဘီဘီစီကို ပြောပါတယ်။

"ဒါကြောင့် ဒီကိစ္စဟာ အမျိုးသား၊ အမျိုးသမီး ဖြစ်တဲ့အပေါ်မှာ မူတည်တယ်လို့ ကျွန်မ မထင်ပါဘူး။ ကောင်းကောင်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတွေဆီကနေ ဘာတွေ သင်ယူနိုင်မလဲဆိုတာကိုပဲ ပိုမိုအလေးထားသင့်တယ်လို့ ကျွန်မထင်တယ်။"

လူဦးရေ ၅.၅ သန်းရှိတဲ့ ဖင်လန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၃၇၀ ကျော်ပဲ ရှိပါတယ်။

လူဦးရေ ၁ သန်းမှာ လူ ၆၀ နီးပါးနှုန်းနဲ့ပဲ သေဆုံးတယ်ဆိုတဲ့ သဘောပါ။

ယူကေရဲ့ သေဆုံးမှုကတော့ ဒီထက် ၁၀ ဆကျော် များပါတယ်။

"ဖင်လန်နိုင်ငံမှာ ကျွန်မတို့ လေ့လာသင်ယူခဲ့တဲ့ အကြောင်းအရာတချို့ကတော့ အသိပညာဗဟုသုတတွေ အားလုံး အသုံးပြုဖို့အတွက် သုတေသီတွေရဲ့ လမ်းညွှန်ချက်ကို နားထောင်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး မသေချာ မရေရာမှုတွေကြားမှာ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လည်း အင်မတန်အရေးကြီးတယ်"လို့ သူယူဆတဲ့အကြောင်း ဆန်နာ မာရင်းက ပြောပါတယ်။

"ယုံကြည်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ အသိုင်းအဝိုင်းတခု ကျွန်မတို့ဆီမှာ ရှိပါတယ်။ လူတွေက အစိုးရကို ယုံကြည်ကြတယ်။ ဒီမိုကရေစီနည်းကျ ညွှန်ကြားချက်ကိုလည်း ယုံကြည်ကြတယ်။"

မိန်းမတွေချည်းပဲမို့ ဆွေးနွေးရတာ ပိုလွယ်တယ်ဆိုတာ အမြဲတမ်းမဟုတ်ဘူးလို့ ပညာရေးဝန်ကြီးပြော

အရေးပေါ် အက်ဥပဒေ ကန့်သတ်တားမြစ်ချက်တွေကို စီစဉ်ထားတဲ့ရက်ထက် စောပြီး ဖြေလျှော့ခဲ့ပါတယ်။

ဒါပေမဲ့ ဖင်လန်နိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရဟာ နောက်ထပ် မတည်ငြိမ်မှုတခုနဲ့ ကြုံခဲ့ရပြန်ပါတယ်။

ဆန်နာ မာရင်းရဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ အသက်အငယ်ဆုံးလည်းဖြစ်၊ ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဗဟိုပါတီခေါင်းဆောင် ကတ်ထရီ ကူးလ်မွန်နီဟာ အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ သတင်းဆိုးတခု ထွက်လာတာကြောင့် ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။

စက်တင်ဘာလမှာတော့ သူ့နေရာမှာ နောက်ထပ်အမျိုးသမီးတဦးဖြစ်တဲ့ အန်နစ်ကာ ဆယ်ရာကို ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

လူထုအမြင်မှာတော့ ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ စည်းလုံးညီညွတ်ပုံပေါ်ပေမယ့် သူတို့အချင်းချင်းကြားမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိပါတယ်။

"တခါတလေ တံခါးပိတ်ဆွေးနွေးမှုတွေကို နောက်ကွယ်မှာ ညှိနှိုင်းဆောင်ရွက်ရတဲ့ တင်းမာမှုတချို့ရှိပါတယ်။ အမျိုးသမီး ဖြစ်တာကြောင့် တိကျသေချာတဲ့ မူဝါဒတရပ် ပေါ်ထွက်လာမယ်။ ဒါမှမဟုတ် ကျွန်မတို့အားလုံး အမျိုးသမီးတွေချည်းပဲဆိုတော့ သဘောတူညီမှု ရဖို့ ပိုမိုလွယ်ကူမယ် စသဖြင့် တချို့လူတွေက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို လုံး၀ မဟုတ်ပါဘူး" လို့ အသက် ၃၃ နှစ်အရွယ် လက်ဝဲမဟာမိတ်ပါတီခေါင်းဆောင် ပညာရေးဝန်ကြီး လီ အန်ဒါဆင်က ပြောပါတယ်။

မစ္စ မာရင်းကတော့ ခင်ပွန်းဖြစ်သူ၊ နှစ်နှစ်သမီးလေး အမ်မာနဲ့အတူ လက်ရှိ နေထိုင်နေတဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ ဆက်နေဖို့ မနေဖို့ သူ မဆုံးဖြတ်နိုင်သေးပါဘူး။

"နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး အရမ်းဝေးနေတယ်လို့ ထင်တယ်။ ကျွန်မနေ နေတဲ့ နေရာနဲ့ ကမ္ဘာခြားနေသလိုပဲ" လို့လည်း သူက ဆိုပါတယ်။

"တခြား ဖင်လန်နိုင်ငံသားတွေလိုပဲ ကျွန်မမိသားစုမှာလည်း ဝမ်းနည်းစရာ ဇာတ်လမ်းတွေနဲ့ ပြည့်နေပါတယ်"လို့ ၂၀၁၆ ခုနှစ်တုန်းက သူရဲ့ ပုဂ္ဂိုလ်ရေး ဘလော့ခ်မှာ ဝန်ကြီးချုပ် မာရင်း ရေးခဲ့ပါတယ်။

သူဟာ ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းက ပရက်ကာလာမြို့ငယ်လေးမှာ သူ့မိခင်၊ မိခင်ဖြစ်သူရဲ့ အချစ်တော် အမျိုးသမီးတို့နဲ့အတူ ကြီးပြင်းလာခဲ့တာပါ။

"သက်တံရောင် မိသားစုတစုပေါ့" လို့လည်း သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ငွေကြေးကြပ်တည်းမှုတွေအောက်မှာ ကြီးပြင်းလာခဲ့သူပါ။

မိဘမဲ့တယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ သူ့မိခင်ဖြစ်သူဟာ အရက်စွဲနေတဲ့ သူ့အဖေနဲ့ ကွာရှင်းခဲ့ပြီးတဲ့နောက် အဲဒီကရခဲ့တာတွေနဲ့ ဘဝကို ရပ်တည်ခဲ့ပါတယ်။

ဖင်လန်ဝန်ကြီးချုပ် ကျောင်းသူဘဝ

ဆန်နာ မာရင်း ငယ်ငယ်တုန်းကဆိုရင် မိသားစုကို ထောက်ပံ့ဖို့အတွက် ကုန်စည်ပစ္စည်းတွေ လက်လီရောင်းချတဲ့ အလုပ်တွေကို အဓိက လုပ်ခဲ့ရပါတယ်။

သူဟာ အခုလို ဝန်ကြီးချုပ်ဖြစ်လာနိုင်မယ့်အလားအလာ ငယ်စဉ်တုန်းက မရှိခဲ့ပါဘူး။

ပရက်ကာလာ အထက်တန်းကျောင်းမှာ သူ့ရဲ့ ဆရာမဖြစ်သူ ပြောတာကတော့ မာရင်းဟာ သာမန် ကျောင်းသူတယောက်ပါပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အဆင့်တွေ တက်ဖို့အတွက် အသက် ၁၅ နှစ်အရွယ်မှာ အိမ်စာတွေ ပိုပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မာရင်းပြောကြားချက်အရ သူ သာမက သူ့အနီးအနားမှာ ရှိတဲ့ သူတွေရဲ့ အခြေအနေတွေ တိုးတက်ဖို့ ဖြစ်နိုင်သလားလို့ စတင်စဉ်းစားခဲ့တဲ့ အသက် ၂၀ ကျော်အရွယ်ရောက်မှ နိုင်ငံရေးခရီးလမ်းမှာ စတင်ခြေချလာခဲ့တာပါ။

ဒါဟာ မာရင်း အစိုးရရဲ့ ကျားမတန်းတူ အစီအစဉ်နောက်ကွယ်က စေ့ဆော်မှု တခုဖြစ်ပါတယ်။

လိင်စိတ်ကွဲပြားသူတွေအရေးလှုပ်ရှားသူ

အဲဒီအစီအစဉ်ထဲမှာ ဆင်းရဲတဲ့ မိသားစုတွေနဲ့ ရွှေ့ပြောင်းမိသားစုတွေရဲ့ ကလေးငယ်တွေ ပညာရေး တိုးတက်ပြောင်းလဲဖို့၊ အမျိုးသားနဲ့ အမျိုးသမီးကြား လစာငွေ ကွာဟမှု အဆုံးသတ်ဖို့၊ အိမ်တွင်းအကြမ်းဖက်မှု နှိမ်နင်းဖို့ နဲ့ ကလေးတွေကို မိဘနှစ်ဦးလုံးက ညီတူညီမျှ စောင့်ရှောက်ကြဖို့ တွန်းအားပေးတဲ့ မူဝါဒတွေ ပါဝင်ပါတယ်။

ခန္ဓာကိုယ်နဲ့လိင်စိတ် ထပ်တူမကျသူတွေအရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်တွေ ရှိပါတယ်။

"သူတို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို သတ်မှတ်ဆုံးဖြတ်နိုင်တဲ့အခွင့်အရေး လူတိုင်းမှာ ရှိသင့်ပါတယ်။ ဒီအစီအစဉ်က ဒါကို အားပေးထောက်ပံ့မှာပါ" လို့ ဆန်နာ မာရင်းက ပြောပါတယ်။

အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေကိုရော ဝန်ကြီးချုပ် မာရင်း အမျိုးသမီးလို့ စဉ်းစားပါသလား။

"လူတွေရဲ့ ဖြစ်တည်မှုကို သတ်မှတ်ပေးဖို့က ကျွန်မ အလုပ်မဟုတ်ပါဘူး" လို့ သူက ပြတ်ပြတ်သားသား ပြောပါတယ်။

"ကိုယ်ဖြစ်တည်မှုကို ကိုယ်တိုင်သတ်မှတ်ကြဖို့က လူတိုင်းရဲ့ အလုပ်ပါ။ ကျွန်မ ပြောရမယ့်အရာ မဟုတ်ပါဘူး။"

သူဟာ လိင်စိတ်ခံယူမှုနဲ့ပတ်သက်လို့ ကိုယ်ပိုင် သတ်မှတ်ရေး ကိစ္စ ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ တဦးတည်းသော အစိုးရ ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်နဲ့လိင်စိတ် ထပ်တူမကျတဲ့သူတွေအရေးနဲ့ ပတ်သက်လို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ တက်ကြွသူရှားသူတွေဘက်က တောင်းဆိုနေတာ နှစ်နဲ့ချီ ရှိနေပါပြီ။

ဒီအစိုးရလက်ထက်မှာလည်း အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မလားဆိုတာ သံသယရှိတယ်လို့ တချို့က ပြောပါတယ်။

ဒီဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ပြီးခဲ့တဲ့ အစိုးရတွေအားလုံး ရှေးရိုးစွဲ အယူဝါဒတွေရဲ့ ဖိအားကြောင့် စွန့်လွှတ်ခဲ့ရတယ်လို့ ညွန့်ပေါင်းအစိုးရနဲ့ တွေ့ဆုံ အကြံပေးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကပ်စ်ဘာ ကီဗီစတာ က ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာ အသက်အငယ်ဆုံး အမျိုးသမီးခေါင်းဆောင် ရှိတယ်။ ဒါပေမဲ့ ဒါဟာ သင်္ကေတ တခုသာဖြစ်တယ်။ အပြောင်းအလဲတခု တကယ်မလုပ်ခင် ဒီသင်္ကေတနောက်ကွယ်က စနစ်ကို အားပေးထောက်ခံကြရမယ်"လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှာပါတဲ့ ပါတီ ၅ ပါတီလုံးကတော့ ပြုပြင်ပြောင်းလဲဖို့ လိုလားပါတယ်။

ဥပဒေကြမ်းကိုလည်း လာမယ့်နှစ်ကျရင် လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။

"ဖင်လန်နိုင်ငံမှာ ညွန့်ပေါင်းအစိုးရ အမြဲတမ်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အပြန်အလှန် ကြိုးစားညှိနှိုင်းခဲ့ကြတဲ့ အလေ့အထရှိပါတယ်။ မတူညီတဲ့ ပါတီတွေနဲ့ ကွဲပြားတဲ့ အယူအဆတွေကြားမှာ အများဆန္ဒထွက်ပေါ်လာဖို့ ကြိုးစားနေကြပါတယ်" လို့ ဆန်နာ မာရင်းက ပြောပါတယ်။

"ကျွန်မအထင် ဒါဟာ ခွန်အားတခုဖြစ်တယ်။ လုပ်စရာရှိတာတွေ ပြီးမြောက်ဖို့အတွက် အမြန်ဆုံး ခရီးလမ်းချည်း အမြဲတမ်း ရှိတာ မဟုတ်ပါဘူး။"

လွှတ်တော်ထဲက တစ်ဦးတည်းသော လူမည်းအမတ် (အလယ်)

ဧပြီလတုန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မာရင်းရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကြောင့် လူထုထောက်ခံမှု ၈၅% အထိ တက်လာခဲ့ပါတယ်။

မာရင်းကတော့ လူထုစစ်တမ်းတွေကို မကြည့်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

"လူမည်းတွေရဲ့ အသက်ဟာ အရေးပါပါတယ်" ဆိုတဲ့ ကမ္ဘာတဝန်း Black Lives Matter ဆန္ဒပြမှုတွေအတွင်း လူမည်း ဖင်လန်နိုင်ငံသားတချို့ဟာ တန်းတူညီမျှရေး အစီအစဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ထောက်ပြကြပါတယ်။

တန်းတူမညီမျှမှုတွေ ပုံစံအမျိုးမျိုး ရှိနေတဲ့အချိန်မှာ အသားအရောင်အပေါ် ခွဲခြားဆက်ဆံမှုက အဖြစ်အများဆုံးဖြစ်ပြီး ဒါကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဥရောပကောင်စီက ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာတော့ ဖင်လန်နိုင်ငံမှာ အာဖရိကန်နွယ်ဖွား ၆၃% ဟာ ပုံမှန် လူမျိုးရေးခွဲခြားဆက်ဆံခံနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ဥရောပမှာ အမြင့်ဆုံး နှုန်းထားဖြစ်ပါတယ်။

နောက်ပြီး လက်ရှိ ဖင်လန်နိုင်ငံ လွှတ်တော်မှာလည်း လူမည်းအမျိုးသမီး လွှတ်တော်အမတ် တဦးတည်းပဲ ရှိပါတယ်။

ဖင်လန်နိုင်ငံက Green League ပါတီ ခေါင်းဆောင် အသက် ၃၅ နှစ်အရွယ် မာရီယာ အိုဟီစလို ကတော့ အစိုးရအနေနဲ့ လူမှုဘဝမှာ မတူကွဲပြားမှုတွေကို တွန်းအားပေးဖို့ ပိုမိုလုပ်ဆောင်ရမယ်လို့ ပြောတဲ့သူတွေနဲ့ သူ သဘောတူတဲ့အကြောင်း ပြောပါတယ်။

"နောက်ဆုံးတော့ လူဖြူပညာတတ်အမျိုးသမီး ၅ ဦးဟာ အားလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ တန်းတူညီမျှမှု ရှု့ထောင့်ကနေ တကယ်ကြည့်မယ်ဆိုရင် အခုဟာက တန်းတူညီမျှမှု မဟုတ်သေးပါဘူး" လို့လည်း သူက ဆိုပါတယ်။

"နောက်ခံသမိုင်းကြောင်းတွေက ကျွန်မတို့ဘဝမှာ ရှိတဲ့ ဖြစ်နိုင်ခြေတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်သင့်ပါဘူး" လို့ ဝန်ကြီးချုပ် ဆန်နာ မာရင်းက ပြောပါတယ်။

ဒါကို ပြင်ဆင်နိုင်ဖို့ သူတယောက်တည်းရဲ့ တာဝန်မဟုတ်ဘဲ ဖင်လန်နိုင်ငံသားတွေအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တန်းတူညီမျှရေး အစီအစဉ်ဟာ လူနည်းစုတွေအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှု အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပံ့ပိုးပေးလိမ့်မယ်လို့လည်း အခိုင်အမာပြောပါတယ်။

"ဒီအစီအစဉ် အကောင်အထည်ပေါ်လာအောင် ဘယ်လိုဆောင်ရွက်ကြရမလဲဆိုတဲ့အပေါ် ကျွန်မတို့အားလုံး အာရုံစိုက်ကြရမယ်" လို့လည်း ဆန်နာ မာရင်းက ပြောပါတယ်။

"ဒါဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ပဲ။"


BBC Burmese

https://www.bbc.com/burmese/world-55093965

ဖင်လန်နိုင်ငံအစိုးရကို ဦးဆောင်တဲ့ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်  ဖင်လန်နိုင်ငံအစိုးရကို ဦးဆောင်တဲ့ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် Reviewed by THITHTOOLWIN on 10:13 Rating: 5

No comments:

Powered by Blogger.