ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်အတွင်း ရန်ကုန်မြို့တွင်းက မြင်ကွင်းတခု။

Photo: AFP

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း ၁၁၂၂ ယောက် ရှိသွားပါပြီ။

ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၄ ယောက်ဟာရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၄၂၆ ယောက် တိုးလာတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၄၆၂၀၀ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၂၆၀၀၇ ယောက် ရှိပါပြီ။

ရန်ကုန်တိုင်းမှာ ရောဂါကူးစက်ခံရသူ အများဆုံးရှိတာဖြစ်ပြီးတော့ အခုရက်ပိုင်းရန်ကုန်မှာ ရောဂါကူးစက်မှုနှုန်း အနည်းငယ် ပြန်ထိန်းနိုင်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပြောတဲ့ ကပ်ရောဂါကာကွယ်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့မိန့်ခွန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ stay-at-home အမိန့်ကို ပယ်ဖျက်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမှအပ ကျန်တဲ့မြို့နယ်အားလုံး၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေထဲက ၁၃ မြို့နယ်တွေမှာ မလိုအပ်ပဲ အိမ်ပြင်မထွက်ရ stay-at-home အမိန့်ကို ထုတ်ပြန်ထားတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကနေ ကာကွယ်တဲ့အနေနဲ့ အသက် ၆၀ နဲ့အထက်လူကြီးတွေအနေနဲ့ အိမ်မှာပဲ ကြိုတင်မဲပေးခွင့်ရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ မဲရုံကို မလာရောက်နိုင်သူတွေ၊ ဆေးရုံတက်နေရသူတွေ၊ အကျဉ်းကျခံနေရသူတွေနဲ့ အလုပ်ကိစ္စနဲ့ မဲပေးရမယ့်နေရာရဲ့ ပြင်ပကို ရောက်နေသူတွေက အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၇ ရက်နေ့ထိ ရပ်ကွက်နဲ့ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရောဂါကူးစက်မှု နိုင်ငံတွေထဲမှာ (၇၅) နိုင်ငံမြောက် ရောဂါကူးစက်မှုအများဆုံးဖြစ်လာပြီး အာဆီယံ ဆယ်နိုင်ငံမှာတော့ တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို တစ်ထောင်ကျော်ရှိနေပြီး၊ ပျမ်းမျှသေဆုံးတဲ့သူ တစ်နေ့ကို အယောက်(၃၀) လောက်ရှိနေတာပါ။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-order-and-election-10262020102440.html

ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည်  ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည် Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.