ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…


ဘယ်သူမဆို ကိုယ်နေထိုင်တဲ့ အိမ်ကို သန့်ရှင်းသပ်ရပ်နေတာမျိုးပဲ မြင်ချင်ကြမယ်ထင်ပါတယ်။ အမှိုက်တွေ၊ ရှုပ်ပွနေတဲ့အရာတွေ၊ ညစ်ပတ်ပေရေနေတာ၊ ဖုန်တက်နေတာတွေက လူတွေရဲ့စိတ်ကို ညစ်ထေးစေတယ်။ စိတ်က ညစ်လာပြီဆိုရင် တစ်နေ့လုံး ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေနိုင်မှာမဟုတ်ပါဘူး။

အိမ်သန့်ရှင်းဖို့ မအားတာလား၊ ပျင်းတာလား။

လောကမှာ ၂၄ နာရီ အလုပ်လုပ်နေရတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းက အလုပ်လုပ်ချိန်တန် လုပ်၊ အစာစားချိန်တန် စား၊ နားချိန်တန် နားဆိုပြီး လုပ်နေရတာပါပဲ။ အဓိက ကိုယ်က သူများတွေထက် အလုပ်ပိုများတယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်ချိန်၊ အားလပ်ချိန်၊ အနားယူချိန်တွေကို သေချာသတ်မှတ်ထားပြီး ပြည့်ပြည့်ဝဝလုပ်ပါ။ ဆိုလိုချင်တာကတော့ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်ချိန်မှာ ရှိတဲ့ အလုပ်တွေအကုန်ပြီးပြတ်သွားအောင် အမြန်ရှင်းတာ၊ အားလပ်ချိန်မှာ ကိုယ့်နေအိမ်ပတ်ဝန်းကျင်ကို နာရီဝက်၊ တစ်နာရီလောက် ပေးပြီး သန့်ရှင်းရေးလုပ်၊ ပြီးသွားမှ ကောင်းကောင်းအနားယူပေါ့။

ကိုယ့်ကိုယ်ကိုယ်တောင် အသားအရေလေး မျက်နှာလေး လှပနေအောင် ပြုပြင်ကြတယ်၊ ခန္ဓာကိုယ်လှပနေအောင် Gym ကြေးတွေ သွင်းပြီး အပြင်းအထန် ကစားကြတယ်၊ အနံ့အသက် မွှေးနေအောင် ရေမွှေးတွေ စျေးကြီးပေးပြီး ဝယ်စွတ်ကြတယ်၊ ဆံသားတွေ ပုံသွင်းကြတယ်မလား။ ကိုယ်နေတဲ့ နေအိမ်၊ ကိုယ်အိပ်တဲ့ အိပ်ရာလေး သန့်ရှင်းသပ်ရပ်ပြီး မွှေးပျံ့နေအောင်ရော လုပ်ဖို့ဆိုတာ ငွေကြေးအများကြီး ကုန်ကျတဲ့အရာမဟုတ်သလို အချိန်လည်း သိပ်မပေးရပါဘူး။ အဓိက လုပ်ချင်စိတ်ရှိဖို့ပါပဲ။

အိမ်သန့်ရှင်းဖို့က အရမ်းပင်ပန်းတဲ့အလုပ်လား။

ပင်ပန်းတယ်ဆိုတာ ငြိမ်ငြိမ်လေးထိုင်နေရတာမဟုတ်ဘဲ ကြွက်သားတွေကို အားထုတ်နေရလို့၊ ချွေးထွက်နေရလို့ ပြောကြတာပါ။ တကယ်တမ်းက အိမ်သန့်ရှင်းဖို့ အချိန်အများကြီး ပေးစရာမလိုသလို သိပ်ပြီးတော့လည်း အလုပ်မရှုပ်ပါဘူး။ မိသားစုတွေ များနေရင် ပိုပြီးတောင် အိမ်သန့်ရှင်းရေးလုပ်လို့ အချိန်မြန်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင် အထိုင်များတဲ့သူတွေ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေတယ်။ အိမ်သန့်ရှင်းရေးလုပ်ခြင်းက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေလို အဝလွန်နေသူတွေ၊ ကိုယ်အလေးချိန် ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

ကလေးတွေက အိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်၊ စောင်၊ ခေါင်းအုံးတွေကို ခါရင်ခါ ဒါမှမဟုတ် အစွပ်တွေကို လျှော်မယ့်နေရာမှာ ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ လူကြီးတွေဆိုရင်တော့ အိမ်ကြမ်းပြင်ကို တံမြက်စည်းလှည်း၊ ဖုန်သုတ် ဒါကတော့ အမြန်ပြီးနိုင်တဲ့ အိမ်သန့်ရှင်းရေးအလုပ်တွေပါ။ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပွတ်တိုက်ဆေးကြောလုပ်ပေးရင် ရပါတယ်။ အဓိက လုပ်ချင်စိတ် ရှိဖို့ပါ။

အိမ်ကဖုန်တက်နေရင် ဘယ်လိုကျန်းမာရေးပြဿနာ ဖြစ်စေနိုင်လဲ။

ဖုန်တက်ပြီဆိုကတည်းက သန့်ရှင်းရေးမလုပ်ထားဘူးဆိုတာကို ပြနေတာပါပဲ။ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုက ဖုန်ပါတက်နေပြီဆိုရင် ရောဂါပိုးမွှားတွေ ကပ်နေတာက ဒါ့ထက်တောင် ပိုများရင် များနေမှာပါ။ ဒီလိုမျိုး ရောဂါပိုးမွှားတွေ များနေတဲ့အခါ

•           ဖျားနာတာ၊

•           ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊

•           ဗိုက်အောင့်တာ၊

•           အသက်ရှူကျပ်တာ၊

•           အရေပြားမှိုစွဲတာအပြင်

•           ကိုယ်ခံအားကျစေတဲ့အထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက စိတ်ကျန်းမာရေးပါ။ မကောင်းတဲ့ အနံ့အသက်၊ ဖုန်နံ့၊ မှိုနံ့တွေကို ရှူရှိုက်နေရတာ၊ မျက်စိရှေ့တည့်တည့်မှာ ရှုပ်ပွနေတဲ့ အရာတွေကို အမြဲလိုလို မြင်နေရရင် စိတ်ကပါ ရှုပ်လာတော့မှာပါပဲ။ မကောင်းတဲ့ ခံစားချက်တွေများလာတဲ့အခါ ခန္ဓာကိုယ်က မကောင်းတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေက လူတွေကို

•           စိတ်မကြည်၊ ဒေါသဖြစ်လွယ်စေခြင်း၊

•           အာရုံစူးစိုက်မရစေခြင်း၊

•           တီထွင်ဖန်တီးနိုင်စွမ်း ကျစေခြင်း၊

•           စိတ်ဓာတ်ကျစေခြင်း၊

•           ညအိပ်မပျော်စေခြင်း၊

•           ခေါင်းမူးခေါင်းကိုက်စေခြင်း စတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

နေအိမ်ညစ်ပတ်တယ်ဆိုတာ ရောဂါပေါင်းစုံဖြစ်လာစေဖို့ တံခါးပေါက် ဖွင့်ပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီးတော့ ကိုယ့်အတွက်ရော ကိုယ့်မိသားစုကျန်းမာရေးအတွက်ပါ အိမ်သန့်ရှင်းရေးကို အလေးထားပြီး ဂရုစိုက်ဆောင်ရွက်ပေးပါ။ တစ်နေ့ကို အချိန်နာရီဝက်လောက်ပဲ ပေးပြီး ကိုယ့်အနီးပတ်ဝန်းကျင်လောက်ကို သန့်ရှင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ မလုပ်ချင်ဘူး၊ ပျင်းတယ်ဆိုပြီး ဆင်ခြေပေးတဲ့ အကျင့်ကို စဖျောက်ပါတော့။ အခုလိုမျိုး ကိုဗစ်ရောဂါလို ကပ်ဘေးဆိုက်နေတဲ့အချိန် ဘယ်မှလည်း မသွားရ၊ အချိန်တွေ အားနေမယ့်အတူတူ အကျိုးရှိမယ့်အရာလေး တစ်ခုခု လုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Myo Myat

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…  ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ… Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.