တောမီးကြိုတင်ကာကွယ်ရေးအတွက် ကယ်လီဖိုးနီးယား ဒေသတချို့ လျှပ်စစ် ခေတ္တဖြတ်တောက်မည်

ကယ်လီဖိုးနီးယားမှာ တောမီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၁၊ ၂၀၂၀)

ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု လွန်လွန်ကဲကဲ ပူပြင်းနေတဲ့အတွက် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တနင်္ဂနွေနေ့မှာ ဓာတ်အားဖြတ်တောက်ထားမှာဖြစ်ကြောင်း ဒေသခံ တသန်းကျော်ကို လျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ Pacific Gas & Electric ကုမ္ပဏီက သောကြာနေ့က ကြေညာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတလွှား မကြာခင်နှစ်တွေအတွင်း မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ပူပြင်းခြောက်သွေ့ပြီး လေတိုက်နှုန်း ပြင်းထန်တဲ့ ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ စက်ကိရိယာတွေ ယိုယွင်းပျက်စီးရာကနေ စတင်ခဲ့တယ်လို့ အပြစ်တင်ခဲ့ကြတာဖြစ်ပြီး အခုလည်း ဒီလို ရာသီဥတု အခြေနေမျိုး ရှိနေတယ်လို့ ဥတုရာသီ ခန့်မှန်းချက်တွေက သတိပေးနေပါတယ်။

ဓာတ်အားအဖြတ်တောက်ခံရတဲ့ ဒေသတွေထဲမှာ ဆန်ဖရန်စစ္စကိုဘေးက ရပ်ကွက်အများစု အပါအဝင် ကောင်တီ ၃၈ ခု ပါဝင်ပါတယ်။ Sacramento၊ Sierra Nevada၊ San Francisco Bay၊ Santa Cruz တောင်တန်းဒေသနဲ့ Kern ကောင်တီတွေထဲက သတ်မှတ်နေရာတွေမှာ မီးအားဖြတ်တောက်ထားမှာဖြစ်ပြီး ဒေသခံ တသန်းကျော်ရှိတဲ့ နေရာက နေအိမ်ပေါင်း ၄ သိန်းခွဲကျော်နဲ့ အလုပ်ဌာနတွေအနေနဲ့ တနင်္ဂနွေ မနက်ခင်းကနေ အင်္ဂါနေ့အထိ လျှပ်စစ်မီးမရှိဘဲ နေကြရမှာ ဖြစ်ပါတယ်။

ပူပြင်းခြောက်သွေ့ပြီး လေတိုက်နှုန်းက တနာရီကို ၃၅ မိုင်နှုန်းကနေ မိုင် ၇၀ ကျော်နှုန်း တိုက်ခတ်မယ်လို့လည်း မိုးလေဝသ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

ဒီဒေသမှာ အောက်တိုဘာလတွေမှာ မီးအကြီးအကျယ် လောင်လေ့ရှိပြီး မနှစ်ကတော့ အိမ်ခြေပေါင်း ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံ တသိန်းလောက် ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရပါတယ်။

ဒီဒေသမှာ ဒီနှစ်ထဲ တောမီးလောင်ကျွမ်းမှုပေါင်း ၈,၆၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၃၁ ဦး သေဆုံးခဲ့ရတာပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/california-wild-fire-electric/5634739.html

တောမီးကြိုတင်ကာကွယ်ရေးအတွက် ကယ်လီဖိုးနီးယား ဒေသတချို့ လျှပ်စစ် ခေတ္တဖြတ်တောက်မည် တောမီးကြိုတင်ကာကွယ်ရေးအတွက် ကယ်လီဖိုးနီးယား ဒေသတချို့ လျှပ်စစ် ခေတ္တဖြတ်တောက်မည် Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.