ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်

ထိုင်းနိုင်ငံ မဲဆောက်မြို့က ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်

Photo: JACBA

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး  တွေ့ရှိပြီးနောက်ပိုင်း  မြဝတီ-မဲဆောက် ကုန်သွယ်ရေး ယာယီပိတ်ထားခဲ့ရာကနေ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါတယ်။

ရက်သတ္တပတ် ၇ ရက်ကြာ ပိတ်ထားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တစ်ဘက်ကမ်း မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်ကနေ ကုန်တင်ပို့မှုကို ပြန်ဖွင့်လိုက်ပါပြီ။

ထိုင်းမြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးကို အောက်တိုဘာလ ၁၈ ရက်နေ့နေ ၂၅ ရက်နေ့ထိ ယာယီ ပိတ်ထားခဲ့ရာကနေ ပြန်ဖွင့်ရာမှာ အရေးကြီးကုန်ပစ္စည်းကို ဦးစားပေး ကုန်သွယ်ကြဖို့ စီစဉ်ထားတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ BCF ဇုန်အချင်းချင်းပဲခင်ဗျ။ တံတားမှာပဲ ကုန်ပစ္စည်းတင်သွင်း တင်ပို့တဲ့ သဘောပေါ့ခင်ဗျာ။ ကုန်သွယ်မှုကြီးတော့ မလုပ်နိုင်သေးဘူး။ တံတား (၂) မှာပဲ economic zone ကုန်သွယ်ရေးဇုန်ပေါ့။ အဓိကတော့ ဂိုဒေါင်အချင်းချင်းပေါ့။ ကုန်တင်ယာဉ်က ဂိုဒေါင်ထိသွားမယ်။ ကုန်ပစ္စည်းတင်မယ် ချမယ်ပေါ့။ လောလောဆယ် အခက်အခဲကြားဆိုတော့ မဖြစ်မနေ ဆောင်ရွက်ရမဲ့ ကုန်ပစ္စည်းတင်သွင်းတာနဲ့ တင်ပို့တာလောက်ပဲ။ ကုန်သွယ်မှုကြီးတော့ မလုပ်နိုင်သေးဘူးပေါ့နော်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က မဲဆောက်မြို့ မြန်မာပြည်သားတွေ အများအပြား နေထိုင်တဲ့ ထုံထောင်းရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦး အပါအဝင် မိသားစုဝင် ၅ ဦး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီရပ်ကွက်ကို အသွားအလာ ကန့်သတ်ထားတာတွေကိုလည်း   ဖြေလျှော့ပေးလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာလအစောပိုင်းကလည်း မြဝတီ မဲဆောက် ကုန်တင်ယာဉ်မောင်းသူ နှစ်ဦးမှာ ပိုးတွေ့ခဲ့လို့ အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ကုန်တင်ယာဉ်မောင်းတွေဟာ ယခင်သွားနေကျနေရာတွေမှာ ကုန်ပစ္စည်းတွေသွားရောက် ပို့ဆောင်ရမယ့်အစား ကုန်သွယ်ရေးဇုန်သစ်မှာဘဲ ပစ္စည်းအတင်အချလုပ်ဖို့ ကန့်သတ်ခဲ့ပါတယ်။

အမှတ် (၂) ချစ်ကြည်ရေးတံတားထိပ် ကုန်တင်ယာဉ်ကားရပ်ပြီး အဲဒီကုန်သွယ်ရေးဇုန်မှာ ကိုယ့်ရဲ့ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူရတာဖြစ်တယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။

“တံတားချင်းချင်း ကုန်သွယ်တာပေါ့။ တံတားထိပ်မှာပဲ ကားတွေ ရပ်တာပေါ့။ ကားရပ်ပြီး ချိန်းတဲ့ဟာမျိုးပေါ့။ ထိုင်းဘက်ခြမ်းမှာ စစ်ဆေးတဲ့ဝင်း ရှိတယ်။ မြန်မာဘက်ခြမ်းမှာလည်း border control facility အဲဒီစစ်ဆေးတဲ့ဝင်းရှိတယ်။ အဲဒီမှာဘဲ ကုန်ပစ္စည်းချိန်းရတာပေါ့ခင်ဗျ။”

ခုလိုကာလအတွင်း ကုန်တင်ကုန်ချတဲ့နေရာမှာ အလုပ်မတွင်ဘူးလို့ မဲဆောက်မြို့က မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ကုန်သွယ်ရေးကိစ္စတွေ ပြန်ပြီးတော့ လည်ပတ် စီးဆင်းတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ပို့ကုန်တွေဖြစ်တဲ့ စက်သုံးဆီတွေ၊ စားသောက်ကုန်အခြောက်တွေ၊ စားသောက်ကုန်အစိုတွေ ဖြစ်တဲ့ သီးနှံတွေ၊ လူသုံးကုန်ပစ္စည်းတွေ မြန်မာနိုင်ငံ ကရင်ပြည်နယ်။၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတွေကနေ မြန်မာတစ်နိုင်ငံလုံးကို လည်ပတ် စီးဆင်းသွားပါမယ်။ အလားတူပဲ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား တွေနဲ့ ထိုင်းလူမျိုးတွေပါ နှစ်သက်တဲ့ ကြက်သွန်ဖြူ၊ နီ၊ ကော်ဖီ အပါအဝင် မြန်မာဘက်က ပို့ကုန်တွေ ထိုင်းနိုင်ငံကို ရောက်ရှိလာပါပြီ။ အဲတော့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုက ကိုဗစ်အရေးပေါ်ကာလဆိုတော့ မြန်သင့်သလောက် မမြန်ဘဲ နှေးကွေးလေးလှန်နေတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်တင်ကုန်ချ အပိုင်းမှာဆိုလည်း မြန်မာဘက်က ကုန်တင်ကုန်ချ မြန်မာလူငယ်တွေကို ခေါ်ရတယ်။ မဲဆောက်မှာ မြန်မာရွှေ့ပြောင်းသားတွေ အများကြီးရှိတာပဲ။ သူတို့ ကိုင်ထားတဲ့ စာရွက်စာတမ်းနဲ့ လုပ်ရမဲ့အလုပ်က မတူလို့ အဲဒီ ကုန်တင်ကုန်ချကို အလုပ်ရှင်နဲ့ လုပ်လို့ မရဘူး။ အဲဒီတော့ မြန်မာဘက်ကိုပဲ ဆက်သွယ် အကူအညီတောင်းပြီးတော့ မြန်မာကုန်တင်ကုန်ချ လူငယ် ၂၀ ကနေ ၃၀ ကြား ရောက်ရှိပြီးတော့ ကုန်တင်ကုန်ချအလုပ်တွေကို လုပ်တယ်။”

ကပ်ဘေးကာလမှာ ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပတ်သက်လို့ နေ့စဉ် ဘတ် သန်းပေါင်းများစွာ ဝင်နေပေမယ့်လည်း အမျိုးသားကျန်းမာရေးကို အဓိကထား လုပ်ဆောင်နေကြတယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်ကာလတွေက နှစ်နိုင်ငံကုန်သွယ်မှုမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ပျမ်းမျှရရှိတဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တယ်လို့  ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myawaddy-border-trade-open-10262020080418.html

ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်  ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့် Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.