ပေါက်တောမှာ ရွေးကောက်ပွဲလုပ်ဖို့ အမတ်လောင်းတွေ တောင်းဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်မှာ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

Photo: Thiha Tun/RFA

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် အပေါ် ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး စီစစ်ပေးဖို့ အဲဒီမြို့နယ်မှာ ယှဉ်ပြိုင်ဖို့စီစဉ်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနေ့က စာရေးသားတောင်းဆိုလိုက်ပါတယ်။

အဲဒီစာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ ကော်မရှင်ရုံးတွေကိုပါ ပေးပို့ထားတယ်လို့ စာပေးပို့ရာမှာပါဝင်တဲ့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းသိန်းက RFA ကိုပြောပါတယ်။

ပေါက်တောမြို့နယ်ဟာ နယ်မြေအေးချမ်းတည်ငြိမ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉(င)အရ မဲဆန္ဒရှင်တွေဟာ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာနဲ့ ဆန္ဒပြမဲပေးနိုင်တဲ့အခြေအနေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာ ၁၆ ရက်နေ့ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက ပေါက်တောအပါအဝင် မြို့နယ် ၉ ခုအပြင် အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ စတဲ့မြို့နယ်က ကျေးရွာအုပ်စုပေါင်း ၁၅၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ပါဘူး။ ရခိုင်တပြည်နယ်လုံးမှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့နေရာတွေက မဲပေးပိုင်ခွင့်ရှိသူ ၁၂သိန်းကျော် ဆန္ဒမဲပေးခွင့်ဆုံးရှုံးသွားပါတယ်။

ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထား မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မနေ့က စာပေးပို့လိုက်တဲ့အထဲပါဝင်တဲ့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းသိန်းက ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် စုံစမ်းရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်မထုတ်ပြန်ခင် သူတို့ဆီက တစ်စုံတစ်ရာ သဘောထားမှတ်ချက် တောင်းယူခဲ့တာမရှိခဲ့ဘူးလို့ ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/pawktaw-election-10232020020439.html

ပေါက်တောမှာ ရွေးကောက်ပွဲလုပ်ဖို့ အမတ်လောင်းတွေ တောင်းဆို  ပေါက်တောမှာ ရွေးကောက်ပွဲလုပ်ဖို့ အမတ်လောင်းတွေ တောင်းဆို Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.