ရခိုင်ပြည်နယ်က လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အစီရင်ခံစာသစ်


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ နဲ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၊ နယ်မြေရှင်းလင်းရေးကာလအတွင်း၊ ရိုဟင်ဂျာတွေအပေါ်  မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆိုတဲ့ အစီရင်ခံစာအသစ်တစောင်ကို PHR လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့က အောက်တိုဘာလ ၂၂ ရက် နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“လိင်အကြမ်းဖက်မှု၊ စိတ်ဒဏ်ရာရမှု၊ အရေးမစိုက် ပစ်ပယ်ခံရမှု “ ဆိုတဲ့ အစီရင်ခံစာမှာ -  ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေအတွင်း ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို သူတို့ကြုံတွေ့ခဲ့ရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး၊ သုတေသီတွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေ၊ ရရှိလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက် အလက်၊ အထောက်အထားတွေ၊ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးကြောင့် တသက်လုံး ဒုက္ခိတဖြစ်သွားရသူတွေ အကြောင်း စတဲ့ အချက်အလက်တွေ ဖော်ပြထားပါတယ်။ အဲဒီအချက်အလက် တွေကို လူသားချင်းစာနာကူညီရေးအဖွဲ့ မျိုးစုံက ကျန်းမာရေးလုပ်သား ၂၆ ဦး ရဲ့  ဒုက္ခသည်တွေ နဲ့ တွေ့ဆုံမေးမြန်းချက်တွေကနေ ရရှိခဲ့ကြောင်း၊ အသက်မသေ လွတ်မြောက်လာသူတွေအနေနဲ့ လည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ၊ ရိုက်နှက်ခံရ၊ ပစ်ခတ်ခံရ၊ မိသားစုဝင်တွေ သတ်ဖြတ်ခံရ  စတာတွေ တွေ့ကြုံခဲ့ရတာကြောင့်၊ ဘ၀တလျှောက်လုံး စိတ်ဒဏ်ရာတွေ ခံစားသွားရနိုင်ကြောင်းလည်း ဖော်ပြပါတယ်။

ဒုက္ခသည်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာလကြာရှည် ဝေးကွာနေရလို့၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ၊ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ နေထိုင်မှု အပိုင်းတွေ ချို့တဲ့နေရပါတယ်။ ဒီကြားထဲ စစ်ပွဲတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ခံစားရတဲ့အခါ၊  စိတ် ကျန်းမာရေး နဲ့ ပြုမူနေထိုင်မှုဆိုင်ရာ ကျန်းမာရေးလည်း ထိခိုက်သွား ပါတယ်။  ဒုက္ခသည်စခန်းတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကလည်း အကန့်အသတ် ရှိနေတာပါ။

မြန်မာအစိုးရအနေနဲ့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ အကြမ်းဖက်နေတာတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး၊ အရေးယူဖို့လည်း လူ့အခွင့်အရေးဆိုင်ရာသမားတော်များအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အရေးယူရာမှာလည်း နိုင်ငံတကာ ဥပဒေနဲ့အညီ အပြင်းထန်ဆုံး အရေးယူရမှာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ရဲ့ အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး ကာရင်နိုင်မာက ပြောပါတယ်။

ဒါ့ပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေ၊ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ၊ အလှူရှင်တွေ၊ ဒေသဆိုင်ရာ ကူညီပံ့ပိုးရေး အဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီဆောင်ရွက်ပေးသင့်တာတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  အထူးသဖြင့် ဒီနှစ် ၂၀၂၀ ဇန်နဝါရီလ အတွင်း၊ ICJ နိုင်ငံတာက ရာဇဝတ်ခုံရုံးက ချမှတ်ထုတ်ပြန်ခဲ့တဲ့ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကနေ ကာကွယ်ဖို့၊ နောက်ထပ် အလားတူရာဇဝတ်မှုတွေ ထပ်မံပေါ်ပေါက် မလာအောင် တားဆီးဖို့ ဆိုတဲ့ အချက်တွေကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ကာကွယ်ပေးကြဖို့လည်း လူ့အခွင့်အရေး ဆိုင်ရာ သမားတော်များအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။  အလားတူ မြန်မာ အစိုးရအနေနဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း လိင်အကြမ်းဖက်မှုအပါအဝင်၊ ဆိုးရွားတဲ့ ရာဇဝတ်မှုမြောက် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဘက်မလိုက်ဘဲ၊ လွတ်လွတ်လပ်လပ် စစ်ဆေးဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း လိင်အကြမ်းဖက်ခံရသူတွေ- အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးမှု အပါအဝင်၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့သလို၊ တရားမျှတမှု ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/PHR-report-about-sexual-violence-against-Rohingya-women-10222020173702.html

ရခိုင်ပြည်နယ်က လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အစီရင်ခံစာသစ်  ရခိုင်ပြည်နယ်က လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အစီရင်ခံစာသစ် Reviewed by THITHTOOLWIN on 18:50 Rating: 5

No comments:

Powered by Blogger.