ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ်

ရခိုင်အမျိုးသားပါတီ ရေယာဥ်ဂွဆိပ်ကမ်းကို ရောက်လာစဥ်

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဇက်ရေယာဉ်နဲ့ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ရခိုင်ပြည်နယ် တောင်ပိုင်းအစွန်ဆုံးက ဂွမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် သွားရေးလာရေး အခက်အခဲတွေ ရှိနေတာကြောင့် အခုလို ပင်လယ်ရေလမ်းကြောင်းကနေ ဇက်ရေယာဉ်နဲ့ သွားရောက်ခဲ့ကြတာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ မြို့နယ်တွေဖြစ်တဲ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ မြို့တွေကိုသွားရောက်ကြမှာဖြစ်ပြီး ဖျော်ဖြေမှုတွေနဲ့ စည်းရုံးရေးတရားဟောပြောတာတွေကို ပြုလုပ်သွားကြမှာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ကျော်သာက ပြောပါတယ်။

ဂွမြို့ဟာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ အစွန်ဆုံးမြို့ဖြစ်ကာ လက်ရှိရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့မဲဆန္ဒနယ်မြေလည်းဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်တောင်ပိုင်းက ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင် မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ ၂၀၁၀ ခုနှစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ကာ ၂၀၁၅ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

ဂွမြို့က ရခိုင်အမျိုးသားပါတီ ထောက်ခံသူများ

ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့အနေနဲ့ ဂွမြို့ကိုရောက်ရှိနေပေမဲ့ ကိုဗစ် ၁၉ ရောဂါ ကြောင့် မြို့ကို အဝင်အထွက်ပိတ်ထားတဲ့အတွက် ကမ်းပေါ်ကို တက်ခွင့်မရတာကြောင့် ဒီကနေ့ညနေပိုင်းမှာ ဇက်ရေယာဉ်ပေါ်ကနေပြီးတော့ ဖျော်ဖြေရေးနဲ့ ဟောပြောစည်းရုံးမှု တွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

" ကိုဗစ်ကိစ္စနဲ့ မြို့မှာအမိန့်ထုတ်ပြန်ထားတဲ့အတွက် ကျွန်တော်တို့ကမ်းကိုတက်ခွင့် မရှိဘူး။ ညနေပိုင်းမှာ ဖျော်ဖြေတာတွေလုပ်သွားဖို့ရှိပါတယ်။ ဒီကနေနောက်တော့ တောင်ပိုင်းမြို့တွေဖြစ်တဲ့ မာန်အောင်တို့ ဘာတို့ကို ဆက်သွားဖို့ရှိပါတယ်။"လို့ ဦးသာထွန်းလှက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါကြောင့် မြို့နယ်တွေမှာ အဝင်အထွက်တွေကို ပိတ်ထားတဲ့အတွက် သွားလာရေး အခက်အခဲရှိတာကြောင့် အောင်နိုင်ရေးအဖွဲ့အနေနဲ့ အခုလိုမျိုး ဇက်ရေယာဉ်နဲ့ ပင်လယ်လမ်းကြောင်းကနေ ထွက်ခွာလာ ခဲ့ကြတာဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ ရခိုင်မြောက်ပိုင်းက မြို့နယ်၉ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကလွဲပြီး ကျန် မြို့နယ်အားလုံးမှာ ကော်မရှင်ကနေ ရွေးကောက်ပွဲ ဖျက်သိမ်းခံထားရတာကြောင့် ရခိုင်တောင်ပိုင်းက မြို့နယ်တွေမှာပဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။


ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပခွင့်ရရှိတဲ့ မြို့နယ် ၇ မြို့နယ်သာကျန်ရှိပြီး အဲ့ဒီထဲက ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် လေးမြို့နယ်က တစ်မြို့နယ်လုံးကျင်းပခွင့်ရရှိပြီး ကျန်သုံးမြို့နယ်ဖြစ်တဲ့ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာတော့ နေရာတချို့မှာသာ ကျင်းပခွင့်ပြုထားတာလဲဖြစ်ပါတယ်။

ဒါ့ကြောင့် ရခိုင်အမျိုးသားပါတီ အနေနဲ့ သူတို့ကိုထောက်ခံမှုရှိပြီး အင်အားကောင်းတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပခွင့်မရရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပမယ့် တောင်ပိုင်းမြို့နယ်တွေကိုပဲ အင်တိုက်အားတိုက် စည်းရုံးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54691930

ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ် ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.