ကပ်ဘေးမှာ နာတာရှည်နဲ့ သက်ကြီးလူနာ သေဆုံးမှု တိုးလာ


ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများနေချိန်မှာ ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲတာတွေ၊ မသွားချင်တဲ့ အခြေအနေတွေကြောင့် နာတာရှည် ဝေဒနာရှင်နဲ့  သက်ကြီးရွယ်အို သေဆုံးမှုနှုန်း ယခင်ထက် အနည်းငယ် မြင့်တက်လာနေပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာတော့ လူနာအဝင်အထွက် ပုံမှန်ရှိနေပြီး အထွေထွေရောဂါသည်တွေကို ပုံမှန်အတိုင်း ကုသမှုပေးနေတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ရန်ကုန်တိုင်းမှာ တစ်ရက်ကို တစ်ထောင်ဝန်းကျင် ရှိနေပြီး ဆေးရုံတွေမှာ လူနာတွေပြည့်နေတယ်ဆိုတဲ့ သတင်းစကားတွေကြောင့် နာတာရှည် ရောဂါသည်တွေ၊ သက်ကြီးရွယ်အို ရောဂါရှိသူတွေဟာ အိမ်မှာပဲ ဆေးကုသရင်း သေဆုံးမှု မြင့်တက်လာနေတာ ဖြစ်ပါတယ်။

ဆေးရုံတွေမှာ ပုံမှန်လူနာတွေကို ကုသပေးနိုင်မှုအားနည်းတာ သွားလာရခက်ခဲတာတွေကြောင့် သေဆုံးသူတွေ ရှိနေတယ်လို့ ကြားနေရကြောင်း အထွေထွေရောဂါကု ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။

"ဆေးရုံတွေမှာ ပုံမှန်လို လူနာတွေကို လက်မခံနိုင်တာ မကြည့်ပေးနိုင်တာ၊ နောက်တစ်ချက်က သွားရလာရ ခက်ခဲတာ အဲနှစ်ချက်ကြောင့် အခက်အခဲတွေရှိလာနိုင်တယ် အဲလိုမျိုးကြောင့် သေဆုံးသူတွေ ရှိနေတယ်လို့ ကြားရတယ်။ ပုံမှန်ပြဖို့ လိုတဲ့လူနာတွေ မပြနိုင်လို့ သေဆုံးရတာ ကိန်းဂဏန်းအတိအကျတော့ မသိရပေမယ့် ကြားနေရပါတယ်။"

သာကေတမှာနေထိုင်တဲ့ နှလုံးရောဂါသည် ဖခင်ကို မြောက်ဥက္ကလာဆေးရုံမှာပဲ တစ်လတစ်ခါ ပုံမှန်ပြသနေခဲ့တာ အခုလိုကာလမှာ ဆေးရုံဖုန်းကို ဆက်သွယ်လို့မရတာနဲ့ မသွားဖြစ်ဘဲ ဆေးခန်းမှာပဲ ပြသခဲ့တယ်လို့ သားဖြစ်သူ ကိုကျော်အောင်က အခြေအနေကို ပြောပြပါတယ်။

"ကျွန်တော်အဖေက နှလုံးသွေးကြောကျဉ်းရောဂါရှိတော့ ဆေးရုံမှာ တစ်လတစ်ခါ ပြနေရပါတယ်။ အခု ကပ်ဘေးကာလမှာ တစ်လပြည့်တော့ ဆေးရုံကိုပြဖို့မှာ ပြင်ပလူနာဌာနက လက်မခံဘူး။ အဲဒီအတွက် အထူးကုဆေးခန်းမှပြပြီး ဆေးသောက်ရဖို့ စီစဉ်ရတယ် အဲလိုအခက်အခဲ ကြုံတွေ့နေရတယ်။"

ကိုကျော်အောင်ဖခင်လိုပဲ ဆေးရုံ ပုံမှန်ပြနေရတဲ့ လူနာတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ကာလမှာ သွားလာမှုတင်းကျပ်ထားတာကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားလာရ ခက်ခဲတာ၊ ဆေးရုံမှာ ပိုးကူးခံရတဲ့လူနာတွေ ရှိနေတယ်ဆိုတဲ့အသိကြောင့် မသွားလိုတာစတဲ့ အချက်တွေကြောင့် ဆေးရုံတွေကို မသွားဘဲ အိမ်မှာပဲ ကုသနေကြပါတယ်။

တချို့လူနာတွေဟာလည်း ပုံမှန်ပြနေကြ အထူးကုဆေးခန်းမှာ ဆရာဝန်တွေ မထိုင်တော့တာ၊ ဆေးခန်းတွေ ပိတ်ကုန်တာစတဲ့ ပြဿနာတွေကြောင့်လည်း အိမ်မှာ ကုသနေရပါတယ်။

အဲဒီလို အခြေအနေတွေမှာ နဂိုရောဂါအခံတွေ ပိုဆိုးပြီး သေဆုံးမှု မြင့်တက်လာတာလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ပါမောက္ခ ဌာနမှူး ဒေါက်တောမော်မော်ဦးက ဆိုပါတယ်။

"အသက်ကြီးတဲ့သူတွေနဲ့ ရောဂါအခံရှိတဲ့သူတွေက ကိုဗစ်မဖြစ်လည်းပဲ ဒီအချိန်မှာ သွားဖို့ခက်ခဲတယ် အပြင်ဆေးခန်းပြဖို့အခွင့်အရေးမရှိဘူး ကြိုတင်ပြင်ဖို့ အခွင့်အရေးမရှိဘူး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေကလည်း ဆရာဝန်မထိုင်ဘူး။ ဆေးရုံတွေကလည်း သေသေချာချာ မလုပ်နိုင်ဘူး။ သွားပြလို့ မရတော့ သွားမပြကြဘူး အဲတော့ အခံရောဂါကဆိုးနေမှာပဲ။ ကိုဗစ်က သူတို့ကို ကူးစက်လိုက်ချိန်မှာ အခံရောဂါနဲ့ သေဆုံးဖို့က ပိုများတယ်။ ဆေးရုံကိုသွားရင် ကိုဗစ်ကူးမှာပဲဆိုပြီး မလာပဲနဲ့ ကိုယ့်ဆီမှာရှိတဲ့ ဆေးနဲ့ကုနေရင် အခြေအနေဆိုးမှရောက်လာရင် သေဆုံးဖို့က များတယ် ။ ကိုယ့်ဆီမှာ ပြင်းပြင်းထန်ထန် ခံစားနေရပြီး ဆေးရုံသွားဖို့ကြောက်လို့ ငါက ကိုဗစ်မဟုတ်ဘူးလို့ မထင်လိုက်နဲ့ တော်တော်များများက သေဆုံးသူတွေက ကိုဗစ်ဖြစ်နေတယ်။"

ဆေးရုံကို တခြားရောဂါပြသဖို့ သွားပေမယ့် အဖျားအနည်းငယ်ရှိတာနဲ့ ပိုးကူးသံသယလူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေးမှုတွေ ကြန့်ကြာတယ်၊ ဆရာဝန်နဲ့ လူနာအင်အား မမျှတတဲ့ ပြဿနာတွေကြောင့် လူနာဂရုစိုက်မခံရဘဲ သေဆုံးနေရတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ Facebook အွန်လိုင်းစာမျက်နှာပေါ်မှာ ရှိနေတာပါ။

အခုလိုကာလမှာ ဆေးရုံကိုရောက်လာပြီဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု လက္ခဏာရှိသူတချို့ကို စစ်ဆေးကုသရာမှာ အခက်အခဲ ရှိနေမှာဖြစ်ပြီး ရောဂါလက္ခဏာမရှိတဲ့ လေဖြတ်၊ မတော်တဆ ထိခိုက် ဒဏ်ရာရသူတွေ အခြားရောဂါသည်တွေကို ပုံမှန်အတိုင်း ကုသမှုပေးနေတယ်လို့ ဒေါက်တာ မော်မော်ဦးက ဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီးကနေရာအားလုံးမှာ ကိုရိုနာသံသယလူနာတွေ ပြည့်ကျပ်နေတယ်ဆိုတဲ့ပုံစံမျိုး လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားပြောဆိုနေကြတာ မှားယွင်းနေတယ်လို့  ဒေါက်တာမော်မော်ဦးက ပြောပါတယ်။ ကိုရိုနာသံသယ လူနာတွေကို ကုသပေးနေတဲ့နေရာဟာ သီးခြားဖြစ်ကြောင်း၊ တခြားလူနာတွေကိုလည်း သက်ဆိုင်ရာ အဆောင်တွေမှာ ပုံမှန်အတိုင်း ကုသပေးနေကြောင်း ပြောပါတယ်။

ရန်ကုန်တစ်မြို့လုံးရဲ့ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဟာ အရင်က တစ်ရက်ကို သေဆုံးသူ ၂၀ လောက်သာ ကူညီပို့ဆောင်ပေးရပါတယ်။

အခုရက်ပိုင်းအတွင်း သေဆုံးသူ ၃၀ လောက်ထိ တိုးမြှင့်ကူညီပေးနေရတယ်လို့ နာရေးကူညီမှုအသင်း ရန်ကုန်က စေတနာလုပ်အားရှင်တစ်ဦးဖြစ်တဲ့ ဦးရောဘတ်က ပြောပါတယ်။

"ဒီရက်ပိုင်းမှာတော့ ဒါရိုက် သဂြိုလ်တာ ၃၀ လောက် အရင်ကတော့ ၂၀ ဝန်းကျင်လာတာ အခုက ၃၀ လောက်ရှိတယ် တစ်ရက်ကိုပေါ့ အသက်ကြီးပိုင်းတွေ ရောဂါအခံရှိသူတွေ ဒါတွေပါပဲ ဆေးရုံမှာ ဖြစ်သွားတာတွေလည်းရှိတယ် တချို့ကလည်း အိမ်မှာ သေတာပေါ့"

နာတာရှည်ရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှုနှုန်းတိုးလာတာနဲ့ ပတ်သက်ပြီး အရေအတွက် တိတိကျကျ သိရဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေ RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုရက်ပိုင်းသေဆုံးမှု မြင့်တက်လာရခြင်းအကြောင်းတွေထဲမှာ နဂိုရောဂါအခံရှိသူတွေ ပိုးကူးခံရပြီး ရောဂါ ပိုဆိုးကာ သေဆုံးမှု၊ ဆေးရုံ ဆေးခန်း သွားဖို့ အကြောင်းအမျိုးမျိုးကြောင့်  ခက်ခဲနေတဲ့အတွက် နောက်ဆုံး အခြေအနေရောက်မှ ဆေးရုံကို သွားရောက်ရာမှာ လမ်းမှာတင် သေဆုံးမှု၊ ဆေးရုံရောက်ရောက်ချင်း သေဆုံးမှု၊ နေအိမ်မှာပဲ သေဆုံးတာမှုမျိုးတွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/senior-citizens-patients-death-rate-increase-10112020042932.html

ကပ်ဘေးမှာ နာတာရှည်နဲ့ သက်ကြီးလူနာ သေဆုံးမှု တိုးလာ  ကပ်ဘေးမှာ နာတာရှည်နဲ့ သက်ကြီးလူနာ သေဆုံးမှု တိုးလာ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.