RCSS နဲ့ တပ်မတော် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရ


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားက ကျေးရွာတချို့မှာ မနေ့ညနေ လေးနာရီလောက်က တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ရာမှာ ဒေသခံရွာသားတချို့ တရုတ်နယ်နိမိတ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။  တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ထိခိုက်ဒဏ် ရာရတယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် RCSS အဖွဲ့ကတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ တပ်မတော်ဘက်က တဖက်သတ်ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ဒေသတွင်းက အမျိုးသားတစ်ဦး  မျက်စိမှာ လက်နက်ကျည်အစ ထိမှန်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုဟာ သစ်မှောင်ခိုကိစ္စနဲ့ ပတ်သက်တယ်လို့ သိရကြောင်း မူဆယ်ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောပါတယ်။

တပ်မတော်ကလည်း ဒဏ်ရာရအရပ်သားဟာ နမ့်ခမ်းမြို့ခံ အသက် ၃၄ နှစ်အရွယ် စိုင်းစံဝမ်းဆိုသူဖြစ်ကြောင်း၊  မူဆယ်မြို့နယ်အတွင်းက နမ့်စန့်ဂိုဒေါင်ကျေးရွာ အနောက်ဘက် ဝါးရုံတောအနီးမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ ဒဏ်ရာရခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဝါရုံတောမှာ ဖွက်ထားတဲ့ ခြောက်ဘီးယာဉ်သုံးစီးနဲ့ ကျွန်းသစ် လေးဆယ့်ကိုးတန်  ဖမ်းဆီးရမိခဲ့လို့ သစ်တော ဌာနတာဝန်ရှိသူတွေကို အပ်နှံပြီးချိန်မှာ RCSS ဘက်က အင်အားနှစ်ဆယ်ကျော်နဲ့ လာရောက်ပစ်ခတ်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့  တပ်မတော်ဘက်က တဖက်သတ်ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမနက်မှာတော့ ကျေးရွာတွေကို ပြန်လာကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကတော့ ကျွန်းသစ်တွေ့တဲ့ နမ့်စန့်ဂိုဒေါင်ကျေးရွာမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ စခန်းချ နေထိုင်လေ့ရှိပြီး တပ်မတော်က ကျေးရွာအပြင် တောင်ကုန်းမှာ စခန်းချလေ့ရှိတယ်လို့ ပြောပါတယ်။

RCSS တပ်ဖွဲ့ကတော့ မြစ်တစ်ဖက်ကမ်း ကူတို့ဆိပ်အခြမ်း ဟာတင်ကျေးရွာမှာ စခန်းရှိတာလို့ ဒေသခံက ပြောပါတယ်။

တရုတ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေဟာ အခုတော့ သူတို့ရဲ့ အိုးအိမ်တွေကို ပြန်လည်ရောက်ရှိလာ ကြပြီဖြစ်ပေမယ့် RCSS/SSA လှုပ်ရှားတတ်တဲ့ ဒီနယ်မြေမှာ  တပ်က နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ တာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ကံသာ / RFA Burmese

RCSS နဲ့ တပ်မတော် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရ RCSS နဲ့ တပ်မတော် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရ Reviewed by THITHTOOLWIN on 09:37 Rating: 5

No comments:

Powered by Blogger.