NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲလုပ်

NLD ပါတီဝင်များကို နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်မှာ ဇူလိုင် ၂၁ ရက်နေ့က တွေ့ရစဉ် - Photo: Thet Su Aung / RFA

လာမယ့်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၂ ဦးကို အပြောင်းအလဲလုပ်ထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။

မဲဆန္ဒနယ် ၁၂ နေရာကို ပါတီအောင်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ရမယ့် အပြောင်းအလဲတချို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

NLD ပါတီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကို ထုတ်ပြန်ကြေညာခဲ့ပြီး ဝေဖန်ကန့်ကွက်ခံရသူတွေထဲက ၁၂ ဦးကို အပြောင်းအလဲ လုပ်ခဲ့တာပါ။

ရန်ကုန်တိုင်းက နှစ်ဦး၊ ဧရာဝတီတိုင်းက တစ်ဦး ပါဝင်ပေမယ့် ပြောင်းလဲခံလိုက်ရတဲ့ ကိုယ်စားလှယ်လောင်းတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ မလိုလားတာကြောင့် အသေးစိတ်ကို ထုတ်မပြောလိုဘူးလို့ ဆိုပါတယ်။

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကိုတော့ အပြောင်းအလဲ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက တချို့ကို လက်ရှိ ပါတီအောင်နိုင်ရေး လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးနဲ့ ဒီတစ်ကြိမ်မှာ မရွေးချယ်ဘဲ ထားခဲ့ရတာတွေရှိကြောင်းနဲ့ ရွေးချယ်မခံရတဲ့ ကိုယ်စား လှယ်လောင်းတွေကို မကြာခင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှာစကားပြောကြားဖို့ရှိတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

အခုလို ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲ လုပ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ အသိပေး ထုတ်ပြန်သွားမှာ ဖြစ်ပေမယ့် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း၊ သက်ဆိုင်ရာ အလုပ်မှုဆောင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိုသာ ပြောင်းလဲကြောင်း အကြောင်းကြားစာ ပေးပို့သွားမယ်လို့ ပြောပါတယ်။

RFA Burmese
NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲလုပ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲလုပ် Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.