တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း (KySDP) နဲ့ (KNDP) ပါတီတို့ ပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီတို့ တွေ့ဆုံပွဲကို ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP နဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ခေါင်းဆောင်တချို့ တက်ရောက်ခဲ့တာဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သဘောတူညီချက်အရ မဟုတ်ဘူးလို့ အဲဒီပါတီ ပြောခွင့်ရသူတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ (KySDP) ပါတီဥက္ကဋ္ဌဟာ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ သဘောထားဆုံးဖြတ်ချက် မဟုတ်ဘဲ ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်ရဲ့ သူ့သဘောဆန္ဒနဲ့ အလွတ်သဘော သွားရောက်တွေ့ဆုံတာဖြစ်တယ်လို့ KySDP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က RFA ကို ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးဖိုးရယ် သွားရောက်တွေ့ဆုံတာဟာ ပါတီကနေ ဆုံးဖြတ်ချက်ပြီး တက်ရောက်တာမျိုး မဟုတ်ကြောင်း၊ ခရီးသွားနေရာကနေ တယ်လီဖုန်းနဲ့ ဖိတ်ကြားလာတာကြောင့် အလွတ်သဘော သွားရောက်တွေ့ဆုံတာသာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်တာ၊ သဘောထားမှတ်ချက်ပေးတာနဲ့ ဆွေးနွေးသဘောတူညီမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့တာမရှိဘူးလို့ ဦးသဲရယ်က ပြောပါတယ်။

KySDP ပါတီအနေနဲ့လည်း အများပြည်သူတွေ အထင်မမှားစေရန်ဆိုပြီး အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ထားပါတယ်။

ပါတီအနေနဲ့ ပြည်မအခြေစိုက်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ဆောင်ရွက်နေတာ မရှိဘဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ KySDP ရဲ့ မဟာမိတ်ပါတီတွေနဲ့ ဘဝတူ ဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ကလည်း ပါတီ နာယက တစ်ဦး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို တက်ရောက်တာဟာ ပါတီဗဟို အလုပ်မှုဆောင်အဖွဲ့ရဲ့ သဘောထားမဟုတ်လို့ KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပါတီအထွေထွေအတွင်းရေးမှူးဆီ တယ်လီဖုန်းနဲ့ ဖိတ်ကြားခဲ့ပေမယ့် မသွားဘူးလို့ ပြောဆိုထားကြောင်း၊ အခုလို ပါတီနာယက ဦးစောထွန်းကြည် တက်ရောက်ခဲ့တာကို သူ့အနေနဲ့ သွားပါလို့ မပြောထားသလို ပါတီရဲ့ CEC တွေကလည်း ဒီကိစ္စကို မသိလိုက်ဘူးလို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

KNDP ပါတီရဲ့ အခြေခံမူဝါဒထဲမှာပါတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီရဲ့ လွှမ်းမိုးတွေကို မခံဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်သွားမယ်ဆိုတာနဲ့အညီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်တို့ရော ဘယ်ဘက်မှ မလိုက်ဘဲ အလယ်အလတ်လမ်းစဉ်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဟာ ကရင်ပြည်နယ်ထဲက ပါတီတွေဖြစ်တဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းထားတဲ့ ပါတီဖြစ်ပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese

တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း (KySDP) နဲ့ (KNDP) ပါတီတို့ ပြော  တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း (KySDP) နဲ့ (KNDP) ပါတီတို့ ပြော Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.