အန္တရာယ်ရှိတဲ့ လက်သန့်ဆေးရည်တွေ အမေရိကန် FDA သတိပေး


ကပ်ရောဂါကာလအတွင်း ရောဂါမကူးစက်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရတဲ့အချိန် လက်သန့် ဆေးရည် Hand sanitizer တွေဟာ ဘယ်သွားသွား ကိုယ်နဲ့မကွာ ဆောင်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
ဒါပေမဲ့ ဒီလို လက်သန့်ဆေးရည်တွေနဲ့ လက်မကြာမကြာဆေးရတဲ့အချိန်မှာ လက်သန့်ဆေး အရည်အသွေး မကောင်းဘူး ဆိုရင်လည်း ဘေးဥပဒ်ဖြစ်စေပြန်တာပါ။

အမေရိကန်အစားအသောက်နဲ့ စားဝါးကွပ်ကဲရေးဌာန FDA ကနေ အသုံးမပြုသင့်တဲ့ လက်သန့်ဆေးရည် Hand sanitizer တွေကို ထုတ်ပြန်ထားတာမှာ ဇူလိုင်လ ၃၁ ရက်နေ့အထိ စာရင်းအမျိုး ၁၀၀ ကျော်ရှိသွားပါပြီ။

အဲဒီစာရင်းထဲမှာပါတဲ့ လက်သန့်ဆေးရည် အများစုဟာ မက်ဆီကိုနိုင်ငံထုတ် လက်သန့်ဆေးရည်တွေဖြစ်ပါတယ်။

လက်သန့်ဆေးရည်လုပ်တဲ့နေရာမှာ အဓိကအသုံးပြုတဲ့ ethyl နဲ့ isopropyl လို့ခေါ်တဲ့ အရက်ပြန်တွေကို အဲဒီ မသုံးစွဲသင့်တဲ့ လက်သန့်ဆေးအမျိုး ၁၀၀ ထဲမှာ အလုံအလောက်မပါဝင်တာ တွေ့ရတယ်လို့ FDA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာတော့ လက်သန့်ဆေးရည်တွေက တရုတ်နိုင်ငံဘက်က ဝယ်သုံးနေသလို အိမ်မှာကိုယ်တိုင် ဖော်စပ်ပြီး သုံးနေကြတယ်လို့ မန္တလေးမြို့ ဒေသခံတစ်ဦး ဖြစ်တဲ့ မသဲနုယဉ်ကပြောပါတယ်။

“လက်ထဲထည့်ပြီး ပွတ်လိုက်တာနဲ့ ခြောက်သွားတယ်။ စေးကပ်နေတာမျိုး မရှိဘူးဆိုရင် အဆင်ပြေလို့ သုံးကြတယ်။ ပုလင်းပေါ်မှာကတော့ ၉၉.၉ ရာခိုင်နှုန်း ပိုးသေတယ်လို့ ရေးထားတယ်။ တရုတ်စာတန်းတွေနဲ့ ဗူးတွေလည်းလာတယ်။ အရင်ကိုဗစ် ဆိုးတုန်းကတော့ ပစ္စည်းတွေပြတ်သွားတော့ အိမ်မှာတင် အရက်ပြန်နဲ့ ရှားစောင်းလက်ပတ်နဲ့ အိမ်လုပ်တွေသုံးကြတယ်။ ပညာရှင်တွေပြောတဲ့ အချိုးအစားနဲ့တော့ ထည့်တာပဲ။”

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့အချိန် လက်သန့်ဆေးရည်တွေ ပစ္စည်းပျက်တဲ့အထိ ဖြစ်သွားတာကြောင့် ဒီလို အိမ်မှာဖော်စပ်သုံးနေကြတာဖြစ်ပေမယ့် ဘယ်လောက်ထိ အစွမ်းအာနိသင် ထိရောက်လည်းဆိုတာကတော့ မပြောနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လခွဲလောက်အတွင်းမှာ ပြည်တွင်းကူးစက်တဲ့သူ မတွေ့ရတာကြောင့် အခုဆိုရင် လူတော်တော်များများက အိမ်အပြင်ပြန်ထွက်နေပါပြီ။

အစိုးရကလည်း ကျန်းမာရေးစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျောင်းတွေ စာသောက်ဆိုင်တွေ အလုပ်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးထားပါတယ်။

ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေသတိပေးထားသလို နှာခေါင်းစည်းတပ်တဲ့သူတွေက နည်းနေပြီး တစ်ယောက်နဲ့ တစ်ယောက်ခပ်ကွာကွာနေတဲ့ အလေ့အကျင့်ကို ကျင့်သုံးဖို့ အားနည်းနေတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေါ့ပေါ့ဆဆမနေကြဖို့ ပြည်သူတွေကိုသတိပေးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကနေ့နေ့လည်ပိုင်းက ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်ဖို့ သွားရောက်ရာမှာ နှာခေါင်းစည်တွေ လက်အိတ်တွေဝတ်ဆင်ပြီး သွားရောက်ခဲ့တာလည်းတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ သြဂုတ်လ ၄ ရက်နေ့ ညနေ  ၄ နာရီအထိ ရရှိတဲ့စာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ခြောက်ယောက်နဲ့ ရောဂါကူးစက်ခံရတဲ့သူက ၃၅၅ ယောက်ရှိပါတယ်။

ဒါပေမဲ့ အဲဒီကူးစက်ခံရသူတွေထဲက ၃၀၂ ယောက်ဟာ ရောဂါပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တာကြောင့် ၅၃ ယောက်ပဲ လက်ရှိ ဆေးကုသမှု ဆက်ခံယူနေရတာပါ။

တကမ္ဘာလုံးမှာတော့ ဒီကနေ့အထိ ရောဂါကူးစက်ခံရတဲ့သူ ၁၈ သန်းခွဲနီးပါးရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၇ သိန်းနီးပါးရှိနေပြီလို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေစုပေါင်းပြုစုထားတဲ့ Worldometer အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ရောဂါကူးစက်ခံရတဲ့ ပထမ အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူ ၅ သန်းနီးပါးနဲ့ သေဆုံးတဲ့သူ တစ်သိန်းခွဲကျော်ရှိသွားပါပြီ။

ဘရာဇီးနိုင်ငံကတော့ ဒုတိယ အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူ ၃ သန်းနီးပါးနဲ့ သေဆုံးသူ တစ်သိန်းလောက်ရှိပါတယ်။

တတိယအဆိုးရွားဆုံးဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ သေဆုံးတဲ့သူ လေးသောင်းနီးပါးရှိပြီး လူ နှစ်န်းနီးပါးရောဂါကူးစက်ခံထားရပါတယ်။

စောဖိုးခွား / RFA Burmese


အန္တရာယ်ရှိတဲ့ လက်သန့်ဆေးရည်တွေ အမေရိကန် FDA သတိပေး အန္တရာယ်ရှိတဲ့ လက်သန့်ဆေးရည်တွေ အမေရိကန် FDA သတိပေး Reviewed by THITHTOOLWIN on 07:22 Rating: 5

No comments:

Powered by Blogger.