ရွေးကောက်ပွဲအကြိုကာလမှာ ပါတီတချို့ Facebook ကနေ လှုပ်ရှားနေ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ facebook စာမျက်နှာကို ဝင်ရောက်ကြည့်ရှုနေသူတစ်ဦးကို တွေ့ရစဉ် / Photo: RFA

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီအသီးသီးက သူတို့ရဲ့ ပါတီလှုပ်ရှားမှုတွေကို မြန်မာနဲ့ နိုင်ငံတကာမှာ အသုံးများတဲ့ Facebook မှာ ဖြန့်ဝေနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဟန့်တားနေရတဲ့ကာလမှာ မဲဆွယ်စည်းရုံးမှုအတွက် Facebook ကို အားကိုးရ မယ့်သဘော သက်ရောက်နေတယ်လို့ ပါတီတွေက ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးဟာ Facebook လူမှုကွန်ရက်စာမျက်နှာကို အားကိုးပြီး မဲဆွယ်စည်းရုံးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြဿနာကြောင့် လူစုလူဝေးမလုပ်ဖို့ အစိုးရက တားမြစ်ထားတဲ့အတွက် ပါတီလှုပ်ရှား မှုတွေကို ဥပဒေအတိုင်းဖြစ်ရေး ဆောင်ရွက်ရာမှာ အွန်လိုင်းက အကောင်းဆုံး မဲဆွယ်လို့ရတဲ့နေရာတခု  ဖြစ်လာ နေပါပြီ။

အရင်က Facebook မှာ   စာမျက်နှာတစ်ခုဖွင့်ပြီး ပါတီလုပ်ဆောင်မှုတွေကို တင်ပြကြပေမယ့် နောက်ပိုင်းမှာ Facebook ကို အခကြေးငွေပေးသွင်းပြီး လူပိုသိအောင်ကြော်ငြာတဲ့ နည်းလမ်းကို အသုံးပြုလာကြတာပါ။

၈၈ မျိုးဆက် လူငယ်၊ လူလတ်ပိုင်းတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျာက လူချင်းထိတွေ့မဲဆွယ်တာဟာ အကောင်းဆုံးနည်း ဆိုပေမယ့် လက်ရှိကပ်ဘေးကာလ အခြေအနေကြောင့် အွန်လိုင်းကို မဖြစ်မနေ အသုံးပြုရမယ့်ပုံစံ ဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ချမ်းသာတဲ့ပါတီ မဟုတ်တဲ့အတွက် အွန်လိုင်းအသုံးပြုပြီး မဲဆွယ်ဖို့ဆိုတာ နည်းပညာ အခက်အခဲ၊ ငွေကြေးအခက်အခဲတွေရှိနေတာကြောင့် တတ်နိုင်သလောက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပြည်သူ့ပါတီ Facebook စာမျက်နှာကို Like လုပ်ထားသူ အရေအတွက် ၁၇၀၀၀ ကျော် ရရှိထားပါတယ်။ ဒီဟာ Facebook သုံးစွဲသူတွေထဲက ပါတီစာမျက်နှာကို စိတ်ဝင်စားသူ၊ သဘောကျသူ အရေအတွက်ပါ။

Like အရေအတွက် ရှစ်သောင်းနီးပါးရရှိထားပြီး မကြာခဏဆိုသလို Facebook ကို အခကြေးငွေပေးသွင်းပြီး လူသိများအောင်လုပ်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီက ရန်ကုန်တိုင်းတာဝန်ခံ ဦးတင်မောင်ဦးကတော့ အခကြေးငွေပေးပြီး လူသိများအောင်လုပ်တဲ့ နည်းလမ်းက အရင်ကလောက် အကျိုးသက်ရောက်မှု မရှိဖြစ်နေ တယ်လို့ ပြောပါတယ်။

UBP ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်သွားမယ့် ပါတီဖြစ်ပြီး လက်ရှိပါတီ ကြီးတွေဖြစ်တဲ့ NLD နဲ့ USDP လို အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့အထိ လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲ မဲဆွယ်မှုအတွက် အွန်လိုင်းကို စဉ်ဆက်မပြတ် အသုံးပြုခဲ့တာဖြစ်ပြီး အခု ၂၀၂၀ အတွက်လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။

USDP ပါတီဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ Like အရေအတွက် ၃ သိန်းခွဲ ရရှိထားတာ ဖြစ်ပါတယ်။ ပါတီထူထောင်တဲ့ ကာလ တစ်နှစ်ကျော်သာရှိသေးတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတော့ Like အရေ အတွက် ၃ သိန်းနီးပါး  ရရှိထား တာပါ။ ဒါဟာ ဖေ့စ်ဘွတ်ခ်ကို အခကြေးငွေပေးပြီး ကြော်ငြာလို့ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ ရှိနေပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇေယျကတော့ Like လုပ်သူများတိုင်း ပါတီကို ထောက်ခံသူတွေ များတယ်လို့ မမြင်မိကြောင်း သူ့အမြင်ကို ပြောပါတယ်။

လက်ရှိအာဏာရ ပါတီ NLD ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတော့  Like  အရေအတွက် ၂ ဒသမ ၈ သန်းကျော် ရရှိထားပြီး မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook စာမျက်နှာဟာ ရက်ပိုင်းအတွင်း Like အရေအတွက် ၆ သိန်းနီးပါး ရရှိထားတာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် အွန်လိုင်းကနေ မဲဆွယ်ဖို့ ပြင်ဆင်ထားတယ်လို့ NLD ပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာကို အွန်လိုင်းစာမျက်နှာကနေ လုပ်မယ်ဆိုရင် အမုန်းစကားနဲ့ အမျိုးဘာသာ ဆိုတာတွေကို ရှောင်ကျဉ်သင့်တယ်လို့ New Myanmar ဖောင်ဒေးရှင်းက ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက သတိပေးပြောကြားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၃ လနီးပါးသာ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပါတီအသီးသီးက သူတို့ရဲ့ သက်ဆိုင်ရာ Facebook စာမျက်နှာတွေမှာ  ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းတွေကို ထုတ်ပြန်နေကြပြီဖြစ်ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese

https://www.rfa.org/burmese/news/2020-election-campaign-08152020053054.html

ရွေးကောက်ပွဲအကြိုကာလမှာ ပါတီတချို့ Facebook ကနေ လှုပ်ရှားနေ  ရွေးကောက်ပွဲအကြိုကာလမှာ ပါတီတချို့ Facebook ကနေ လှုပ်ရှားနေ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.