ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် စျေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည်

The New Yangon City project infograph / NYDC (New Yangon Development Company Limited)
တရုတ်အစိုးရက ကြောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီတွေနဲ့ အကောင်အထည်ဖေါ်ဖို့ အလားအလာများခဲ့တဲ့ ၊ ရန်ကုန် ကြည့်မြင်တိုင်တဖက်ကမ်းက ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို စီမံကိန်း အငယ်စားတွေအဖြစ် ခွဲပြီး ၊ စျေးပြိုင်တင်တာ စနစ်နဲ့ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ဇူလိုင် (၂၉)ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဂျပန် ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း (JETRO - Japan External Trade Organisation) က ကမကထလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ မြန်မာအစိုးရအဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဲဒီလို ပြောကြားလိုက်တာပါ။ အခုလို ဆုံးဖြတ်ရတာဟာ စီမံကိန်းကြီးတခု အကောင်ထည် ဖေါ်ရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေ အတိုင်း ဖြစ်စေလိုပြီး ပွင့်လင်းမြင်သာမှုရှိစေချင် တာကြောင့် ဖြစ်တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ် ။

စီးပွားရေး စက်မှုဇုန်ဖြစ်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းမှာ အမေရိကန်ဒေါ်လာ (၈) ဘီလျံကုန်ကျမယ် ခန့်မှန်းထားပြီး မြေအကျယ်ဝန်း (၈၁၀၀) ဟက်တာကို အသုံးပြု တည်ဆောက်မှာပါ။ စီမံကိန်း စတင် အကောင်အထည်ဖေါ်နိုင်ဖို့ ဒေါ်လာသန်း (၈၀၀)လောက် ကုန်ကျမယ်လို့ အစိုးရ အရာရှိတဦးက ပြောပါတယ်။ စီမံကိန်းရဲ့အဓိကျတဲ့ ကနဦးလုပ်ငန်းတွေကို Aecom ကုမ္ပဏီက အကောင်ထည်ဖေါ်ဖို့ ရှိပြီး မြစ်ကူး တံတား(၂)စင်း၊ စက်မှုဇုံ အိမ်ယာ ၊ စီးပွားရေး နဲ့ လူနေ အဆောက်အဦးကြီးတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြစ် ကမ်းနဘေး တည်ဆောက်သွားမယ့် စီမံကိန်း အပိုင်း(၂)ဟာ စင်္ကာပူနိုင်ငံရဲ့ ၂ ဆစာလောက် ကျယ်ဝန်းပါတယ်။

ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဦးသိမ်းငွေခေါ် Serge pun တို့ပူးပေါင်းပြီး NYDC ခေါ် ရန်ကုန်မြို့သစ် ဖေါ်ဆောင်ရေး ကုမ္ပဏီလီမိတက်ကို ၂၀၁၈ မှာ စတင်တည်ထောင်ပြီး ဒီစီမံကိန်းကြီးကို အကောင်ထည်ဖေါ်ဖို့ ကြိုးပမ်း လာတဲ့အခါ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကနဦး အစီအစဉ် ရေးဆွဲရေးအတွက် တရုတ် CCCC ကုမ္ပဏီကို NYDC တာဝန် ပေးထားခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့အခြားစိတ်ဝင်စားတဲ့ ကုမ္ပဏီကြီးတွေ ရှိလာခဲ့ရင် စျေးပြိုင်တင်ဒါ စနစ်နဲ့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် စျေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည် ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် စျေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည် Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.