လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေ


အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွေးကောက်ပွဲကော်မရှင်က ကနဦးထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ သူ့ရဲ့မိသားစု မဲစာရင်းလည်း လွဲမှားနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလ ရွေးကောက်ပွဲကျင်းပရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သူ့ရဲ့ မိသားစု ပတ်သက်ပြီး မဲစာရင်းမှာ အမှားအယွင်းတွေ ပါဝင်နေတယ်လို့ ပြောကြားလိုက် ပါတယ်။

“ကျနော့်ရဲ့ မိသားစုမှာတောင် အဲလိုမှားတာတွေ ဖြစ်ပါတယ်။ ဇနီးရဲ့ နာမည်လွဲပါတယ်။ ချွေးမရဲ့ ဆုံးသွားတဲ့ အဖွားရဲ့နာမည် ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်မှားပြီး အသက်တောင် ပြန်ငယ်နေပါသေးတယ်”

လက်ရှိထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ အရင် ၂၀၁၅ ရွေးကောက်ပွဲက မှန်ခဲ့တဲ့စာရင်းတွေ အခုလွဲမှားနေတာ၊ အမည်တွေ လွဲမှားနေတာ၊ မွေးသက္ကရာဇ်တွေ လွဲမှားနေတာနဲ့ သေဆုံးသူတွေရဲ့ အမည်တွေ ပြန်ပါနေတာတွေ ဒေသအသီးသီးမှာ ရှိနေတာပါ။

အဲဒီလို မဲစာရင်းမှားယွင်းမှုတွေဟာ အရင်ကလို အိမ်ထောင်စုစာရင်းပေါ် အခြေမခံဘဲ မြေပြင်မှာ ပြည်သူတွေ ပြည့်ပြည့်စုံစုံ ပါဝင်မဲပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ လဝက လို့ အတိုကောက်ခေါ်ကြတဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနကို ကိုင်တွယ်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီမှားယွင်းမှု အားနည်းမှုတွေပေါ် အသေးစိတ်သုံးသပ်ပြီး လာမယ့် အောက်တိုဘာလမှာ ဒုတိယအကြိမ် ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းကို တိကျသေချာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အိမ်ထောင်စုစာရင်းအပေါ်  အခြေခံပြီး မဲစာရင်းကောက်ယူခဲ့တာပါ။

အိမ်ထောင်စုစာရင်းကို ကိုးကားသလို ကွင်းဆင်းစစ်ဆေးရာမှာ တွေ့ရတဲ့ အနေအထားအတိုင်းလည်း စာရင်းကောက်ယူတယ်လို့  ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ရေးအတွက် ဌာနဆိုင်ရာတွေနဲ့ ကော်မရှင်တို့   ပူးပေါင်းလုပ်ဆောင်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။

မဲစာရင်းတွေ မှန်ကန်ဖို့အတွက် အနည်းဆုံး တစ်အိမ်တစ်ယောက် မဲစာရင်းသွားကြည့်ဖို့ အသိပညာပေးတာတွေ လုပ်သင့်တယ်လို့ ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးလုပ်နေတဲ့ New Myanmar Foundation ရွေးကောက်ပွဲ အကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

ရွေးကောက်ပွဲနီးလာချိန်မှာ မဲပေးမှုနဲ့ ပတ်သက်ပြီး လူသုံးများတဲ့ Facebook စာမျက်နှာမှာ ဆွေးနွေးငြင်းခုံမှုမျိုးစုံ တွေ့လာရပြီး အဲဒီထဲမှာ ပါဝင်တဲ့ အကြောင်းအရာတစ်ခုကတော့ မဲမပေးကြဖို့ လူတချို့က တိုက်တွန်းနေကြတဲ့ အချက်ပဲ  ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကနေ့ စကားဝိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တိုင်းရင်းသားမိဘနှစ်ပါးက မွေးတယ်ဆိုရင် မဲပေးခွင့်ရှိကြောင်း၊  မဲမပေးဘဲနဲ့ စနစ်ကို မကြိုက်ဘူးလို့ ပြောတာ ဟာ တာဝန်မဲ့ရာရောက်ကြာင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ဟာ အသက် ၁၈ နှစ်ကနေ ၈၀ အထိ ဆိုရင် ၁၂ ကြိမ်သာ မဲပေး ခွင့်ရှိပြီး ကိုယ့်နိုင်ငံရဲ့ အနာဂတ်၊ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲအရ လုပ်ပိုင်ခွင့်ဟာ ဒီ ၁၂ ကြိမ်ကို အကောင်း ဆုံးဖြစ်အောင် အသုံးချစေချင်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အများစုက မဲပေးချင်မယ် လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ ကနဦး မဲဆန္ဒရှင်စာရင်းမှာ ၃၇ သန်း ငါးသိန်းကျော်ရှိပြီး မနေ့ကအထိတော့  မဲစာရင်းလာကြည့်သူ ခြောက်သန်းနဲ့ ခြောက်သိန်းကျော်ရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒေသအသီးသီးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းကို လာရောက်စစ်ဆေးသူ အရေအတွက်ကို အားရကျေနပ်ကြောင်း၊ မဲစာရင်းချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ လျှောက်လွှာတင်ထားတာ အများအပြားရှိတဲ့အတွက် ပြင်ဆင်ပြီး နောက်တစ်ကြိမ် ထုတ်ပြန်တဲ့အခါ ပိုမိုပြည့်စုံတဲ့စာရင်းကို ရရှိမှာ ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

အသက် ၁၈ နှစ်ပြည့်လို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ အဲဒီစာရင်းကို ဇူလိုင် ၂၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသလို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလမှာ ထုတ်ပြန်ဦးမှာဖြစ်ပါတယ်။

နေမျိုးထွန်း၊ ဖြူဖြူခိုင် / RFA Burmese



လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေ လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေ Reviewed by THITHTOOLWIN on 09:40 Rating: 5

No comments:

Powered by Blogger.