မန္တလေး လူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦး သေဆုံးမှု ဌာနတွင်း စစ်ဆေး


ဓာတ်ပုံ ရင်းမြစ်, MPA

မန္တလေး လူငယ်သင်တန်းကျောင်းက ထွက်ပြေးသွားတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့ရတဲ့အပေါ် အဖြစ်မှန်ကို ဖော်ထုတ်အရေးယူပေးဖို့ သေဆုံးသူတွေရဲ့ မိဘတွေက တောင်းဆိုနေပြီး အမှုကို ဌာနတွင်း စစ်ဆေးမှုတွေ လုပ်နေပြီလို့ အဲဒီကျောင်း ကျောင်းအုပ်ကြီးက ပြောပါတယ်။

အခု သေဆုံးခဲ့တဲ့ လူငယ် ၂ ဦး အပါအဝင် လူငယ် ၇ ဦးဟာ မုံရွာမှာ ကျူးလွန်ခဲ့တဲ့ လုယက်မှုတစ်ခုကြောင့် ထောင် ၂ နှစ် ချခံထားရတာဖြစ်ပြီး အသက်မပြည့်သေးတာကြောင့် မန္တလေးလူငယ်သင်တန်းကျောင်းကို ဇူလိုင် ၂၆ ရက်က ပို့ဆောင်ခဲ့တာပါ။

သင်တန်းကျောင်းရောက်ပြီး ၅ ရက်အကြာမှာ သူတို့ထဲက ၅ ဦးဟာ သင်တန်းကျောင်းကနေ ထွက်ပြေးခဲ့တဲ့အတွက် ကျောင်းတာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ ဒဏ်ရာတွေရခဲ့ပြီး ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီလူငယ် ၂ ဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားပြီး သူတို့ကို ဖမ်းဆီးခဲ့ချိန်က ရိုက်နှက်မှုတွေ ရှိခဲ့တဲ့အကြောင်း အဲဒီကျောင်းက ကျောင်းအုပ် ဦးနေအောင်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ ဒီကိစ္စနဲ့ပတ်သက်လို့ ဌာနတွင်း စစ်ဆေးမှုတွေ လုပ်နေပြီး ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

ကျောင်းအုပ်ဖြစ်တဲ့ သူ့မှာ တာဝန် အရှိဆုံး ဖြစ်ပြီး သေဆုံးသူ လူငယ်တွေရဲ့မိဘတွေကို သူ့အနေနဲ့ အနူးအညွတ် တောင်းပန်ကြောင်း ဦးနေအောင်ကျော်က ပြောပါတယ်။

အခုလိုဖြစ်ရတာက ထွက်ပြေးတာရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး နောက်နောင် ဒါမျိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေကို သြဂုတ်လ ၇ ရက်မှာ စတင်ခဲ့ပြီး သေဆုံးသူတွေရဲ့ မိဘတွေနဲ့ သင်တန်းကျောင်း တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုင်ကြားမှုကြောင့် မဟုတ်ဘဲ သတင်းကြားတဲ့အတွက် သွားရောက် စုံစမ်းမေးမြန်းခဲ့တာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဘီဘီစီကို ပြောပါတယ်။

ဘာ့ကြောင့် ဖြစ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ ကော်မရှင် အဖွဲ့ဝင် နှစ်ဦး ကိုယ်တိုင် သွားရောက် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အခုထွက်ပြေးခဲ့တဲ့ လူငယ် ၅ ဦးထဲက သေဆုံးခဲ့သူ ၂ ဦးကို သြဂုတ်လ ၅ ရက်က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပြီး ကျန်တဲ့ ၂ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

BBC Burmese
မန္တလေး လူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦး သေဆုံးမှု ဌာနတွင်း စစ်ဆေး မန္တလေး လူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦး သေဆုံးမှု ဌာနတွင်း စစ်ဆေး Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.