တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့


ရသေ့တောင်မြို့နယ် တောင်ဘက် မေယုကမ်းဒေသ ချိန်ခါလီကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပစ်သတ်ခံလိုက်ရတဲ့ အသက် ၆၀ ခန့်အရွယ် ဦးထွန်းမောင်စိန်ရဲ့အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အိမိသာကျင်းထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်း ၇ နာရီကျော်လောက်မှာ ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက် ကျေးရွာအကြား တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့တဲ့အချိန် ဦးထွန်းမောင်စိန်ကို စစ်ကြောင်းက တွေ့ရှိသွားတဲ့အတွက် နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ မိသားစုဝင်တွေကပြောပါတယ်။

ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာအတွင်းကို ကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ချိန်ခါလီကျေးရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ဦးထွန်းမောင်စိန်နဲ့ ဇနီးဖြစ်သူတို့ဟာ ထွက်ပြေးချိန်မရလိုက်တဲ့အတွက် နေအိမ်မှာ ကျန်နေခဲ့ကြတာလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ရွာထဲကို စစ်ကြောင်းတွေဝင်ရောက်လာပြီး ဦးထွန်းမောင်စိန် နေအိမ်မှာဖွင့်လှစ်ထားတဲ့ ကုန်စုံဈေးဆိုင်ကို ဖောက်ဖွင့်ခဲ့ကြတဲ့ အချိန်မှာ ဈေးဆိုင်ခန်းအတွင်း ပုန်းအောင်းနေတဲ့ ဦးထွန်းမောင်စိန်ကို တွေ့ရှိသွားပြီး အိမ်ရှေ့မှာ ပစ်သတ်လိုက်တာလို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဇနီးသည်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်နေ့မှာ ကျေးရွာအတွင်း ပိတ်မိနေသူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ သွားရောက် ကယ်ထုတ်ခဲ့တဲ့အချိန်မှာ ဦးထွန်းမောင်စိန်ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ဘူးလို့ ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။

အဲဒီနောက် ၁၉ ရက်ခန့်အကြာ ဇူလိုင် ၃၁ ရက်နေ့မနက်ပိုင်းမှာ အိမ်နီးချင်းတွေက အပုပ်နံ့ နံတဲ့အတွက် လိုက်လံရှာဖွေမှုတွေ ပြုလုပ်ရာမှာ သူတို့ရဲ့နေအိမ်က အိမ်သာကျင်းထဲမှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သမက်ဖြစ်သူ ကိုမောင်ဘုယေက ပြောပါတယ်။

"အိမ်သာကျင်းမှာတွေ့ပါတယ်။ အခုတော့ သင်္ဂြိုဟ်လိုက်ပါပြီ။ ကျွန်တော်တို့အိမ်မှာ သုံးနေတဲ့ အိမ်သာပါ။ အဲ့ဒီအိမ်သာကျင်းမှာ သူတို့က ထည့်ပစ်ခဲ့တာပါ။ ဘေးနားကအိမ်က လေအောက်ဘက်ဆိုတော့ အပုပ်နံ့ရတယ်။ အဲ့ဒီမှာ လိုက်ရှာကြည့်တော့ အိမ်သာကျင်းထဲမှာ တွေ့တာပါ။ ဒီနေ့မှာ တွေ့တာပါ။ ၁၈ ရက်ရှိပါပြီ။"လို့ ကိုမောင်ဘုယေက ပြောပြပါတယ်။

အလောင်းကို တွေ့ရှိခဲ့တဲ့အချိန်မှာ ပုံစံတွေ ပျက်စီးနေပြီဖြစ်ကာ ရသလောက်ကို ဆယ်ယူပြီးတော့ ကျေးရွာသားတွေရဲ့အကူအညီနဲ့ ဇူလိုင်လ ၃၁ ရက်နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တာလို့ သမက်ဖြစ်သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့က သူတို့လင်မယားလို သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၁၀ ဦးတို့ဟာ ကျေးရွာအတွင်း မပြေးနိုင်ဘဲ ပစ်ခတ်မှုတွေ ကြားထဲ ကျန်နေခဲ့ကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့တဲ့ နာမကျန်းဖြစ်နေသူတွေအပါအဝင် သက်ကြီးရွယ်အို ၁၀ ဦးနဲ့ ဖမ်းဆီးခံနေရသူ ၃ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး ဦးထွန်းမောင်စိန်ရဲ့ အလောင်းကိုရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။

နေအိမ်အတွင်း ပစ်သတ်ခံလိုက်ရပြီး အလောင်းကို အိမ်သာကျင်းထဲထည့်ကာ ဖျောက်တာခံလိုက်ရပေ့မဲ့ မိသားစုဝင်တွေဘက်ကတော့ ဘာမှမပြောလိုတော့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့က ကျေးရွာအတွင်းကို ကျည်တွေကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ပစ်သတ်ခံလိုက်ရတဲ့အတွက် ချိန်ခါလီကျေးရွာအပြင် အနီးဝန်းကျင် ကျေးရွာ ၅ ရွာလောက်က ရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ စစ်တွေမြို့ပေါ်အထိ ထွက်ပြေးလာခဲ့ကြပါတယ်။

လက်ရှိမှာတော့ ချိန်ခါလီကျေးရွာမှာ ရွာသားတွေပြန်လည်ရောက်ရှိနေပြီဖြစ်ပေမဲ့ တချို့ရွာသားတွေကတော့ ညအိပ်ပြီးမနေရဲကြတာကြောင့် နေ့လယ်ပိုင်းမှာ ရွာကိုလာရောက်ကြပြီး ညဘက်မှာ ကုန်တန်းကျေးရွာက ကယ်ဆယ်ရေးစခန်းမှာ သွားအိပ်ကြတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

BBC Burmese
တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့ တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့ Reviewed by THITHTOOLWIN on 06:50 Rating: 5

No comments:

Powered by Blogger.