ထိုင်းနဲ့ မလေးရှားရောက် မြန်မာတွေ မဲပေးဖို့တင်ပြလာသူ နည်းပါး

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးဖို့အတွက် ပုံစံ ၁၅ ဖြည့်သွင်းနေကြစဉ်


ထိုင်းနဲ့ မလေးရှား၊ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ ရွေးကောက်ပွဲမဲပေးဖို့ ပုံစံ ၁၅ တင်သွင်းသူ သောင်းဂဏန်းနဲ့ ထောင်ဂဏန်းသာရှိတယ်လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။


အလုပ်သမားတွေက မဲပေးတဲ့နေရာအထိ အရောက်သွားဖို့ ခက်ခဲတာကြောင့် အခုလို နည်းပါးရတာဖြစ်တယ်လို့ အလုပ်သမားရေး ကူညီပေးသူတွေက ပြောကြပါတယ်။


လာမယ့် နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေ မဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ တွေကို သံရုံးတွေက ကောက်ယူနေတာဖြစ်ပါတယ်။


ပုံစံ ၁၅ မှာ ဖြည့်စွက်ပြီးကို ဩဂုတ် ၅ ရက်နေ့ မတိုင်ခင် ပေးပို့ရမှာဖြစ်ပေမယ့် နောက်ဆုံးပေးပို့ရမယ့်ရက်ကို  ဩဂုတ် ၁၄ ရက်အထိ ရက်ပေါင်း ၃၀ ကြာအောင် ထိုင်းနိုင်ငံ၊ မြန်မာသံရုံးက အချိန်တိုးမြှင့်ပေးလိုက်ပါတယ်။


ဒါပေမဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ဒဿမ ၅ သန်းကျော်ရှိပေမယ့် ဩဂုတ် ၁၁ ရက်အထိ ပုံစံ ၁၅ စာရင်းသွင်းသူ ၃၃၀၀၀ ကျော်သာ ရှိနေသေးတာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးထုတ်ပြန်ချက်တွေအရ သိရပါတယ်။


အဲဒါတွေကလည်း စာရင်းပေးသွင်းထားတာသာဖြစ်ပြီး တကယ်လက်တွေ့ မဲပေးတဲ့အခါမှာ အဲဒီလောက်အရေ အတွက်အတိုင်း အလုပ်သမားတွေ မဲပေးနိုင်ပါ့မလား ဆိုတာကိုလည်း စိုးရိမ်တယ်လို့ ထိုင်းနိုင်ငံက မြန်မာ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦးက ပြောပါတယ်။


ပုံစံ ၁၅ဆိုတာက ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲဆန္ဒပြင်ပကိုရောက်နေတဲ့ မဲပေးခွင့်ရှိသူတွေ ထည့်သွင်းရတဲ့ ပုံစံစာရွက်ပါ။ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီလျှောက်လွှာမှာ လိုအပ်တဲ့ အချက်လက်တွေကို ဖြည့်စွက်ပြီး သက်ဆိုင်ရာ သံရုံးကို တင်ပေးရမှာပါ။ မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ ဇူလိုင် ၁၆ ကနေ ဩဂုတ် ၅ ရက်အထိ ပုံစံ ၁၅ ပို့သူ မြန်မာအလုပ်သမား အရေအတွက် ၆ ထောင်ကျော်သာရှိ တယ်လို့ သံရုံးကနေ ထုတ်ပြန်ထားပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ပုံစံ ၁၅ ဖြည့်သွင်းရမယ့် ရက်ကို ဩဂုတ် ၁၆ ရက်အထိ တိုးမြှင့်ထားပါတယ်။


ပုံစံ ၁၅ ပေးပို့ရမယ့် အချိန်ကာလကို တွက်ဆပြီး သင့်လျော်သလို ရပ်တိုးမြှင့်လက်ခံနိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ အကြောင်းကြားလာတာကြောင့် တိုးမြှင့်တာဖြစ်တယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ထား ပါတယ်။


မြန်မာအလုပ်သမားတွေ ပုံစံ ၁၅ ဖြည့်စွက်ပုံတွေ၊ ရွေးကောက်ပွဲအသိပညာပေးတာတွေကို မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်းတွေက ကူညီတာတွေရှိပေမယ့် အလုပ်သမား ရာ၊ ထောင်ချီရှိတဲ့ စက်ရုံတွေကို ဝင်ရောက်အသိပညာပေးဖို့ အလုပ်ရှင်တချို့က ခွင့်မပြုဘူးလို့ မလေးရှားရောက် အလုပ်သမားအ‌ရေး ကူညီ ပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။


မလေးရှားနိုင်ငံမှာဆိုရင် တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာ ၃ သိန်းဝန်းကျင်ရှိတယ်လို့လည်း မြန်မာအလုပ် သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် အလုပ်သမား ၆၀၀ လောက်နဲ့ မလေးရှားနိုင်ငံရောက် အလုပ်သမား ၅၀၀ လောက်သာ မဲပေးခွင့်ရခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။


လက်ရှိ ပုံစံ ၁၅ ဖြည့်စွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက မြန်မာသံရုံးတွေကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။


ကိုရီးယားနိုင်ငံမှာတော့ အစပိုင်းရက်မှာ ပုံစံလာသွင်းသူ နည်းပေမယ့် ရက်ထပ်တိုးပေးလိုက်တဲ့ နောက်ပိုင်း စာရင်းလာပို့သူတွေ များလာတယ်လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးမိုးသူက ပြောပါတယ်။


ကိုရီးယားနိုင်ငံမှာ တရားဝင်အလုပ်သမား ၂ သောင်း ၈ ထောင်လောက်ရှိနေပြီး ပုံစံ ၁၅ ဖြည့်သွင်းသူ ၈ ထောင်ကျော်ရှိတယ်လို့ ပြောပါတယ်။


ပြည်ပရောက် မြန်မာအလုပ်သမားတွေ ပုံစံ ၁၅ တင်သွင်းဖို့အတွက် အီးမေးလ်ပို့နည်း၊ စာဖောင်ဖြည့်နည်းတွေ မသိတာ၊ မဲပေးတဲ့အခါ သံရုံးကိုသွားလာရဖို့ ခရီးဝေးပြီး စရိတ်အခက်ခဲဖြစ်တာတွေကြောင့် ပုံစံ ၁၅ မဖြည့်သွင်း ကြတာလို့ အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။


ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ပြည်ပရောက် မြန်မာအလုပ်သမားတွေကို သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာသာ မဲရုံထားတာကို ပြန်ဆန်းစစ်ဖို့ လိုအပ်မယ်လို့ ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ PACE က ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။


မဟာမဲခေါင်ဒေသခွဲမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ရွှေ့ပြောင်းသွားလာသူတွေဟာ တခြားနိုင်ငံတွေထက် ပိုများပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို သွားကြတာ အများဆုံးဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO က ထုတ်ပြန်ထားပါတယ်။


မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၃ သန်းလောက်ရှိပြီး မလေးရှားနိုင်ငံမှာ ၅ သိန်းကျော်လောက် ရှိတယ်လို့ ၂၀၁၈ ခုနှစ်မှာ ILO က ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/thai-and-malaysia-workers-vote-08152020050457.html

ထိုင်းနဲ့ မလေးရှားရောက် မြန်မာတွေ မဲပေးဖို့တင်ပြလာသူ နည်းပါး  ထိုင်းနဲ့ မလေးရှားရောက် မြန်မာတွေ မဲပေးဖို့တင်ပြလာသူ နည်းပါး Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.